တိုက်ပွဲပြင်းထန်နေတဲ့ အမ်း နပခ ဌာနချုပ်အနီးက မြို့ပေါ်ရပ်ကွက်တွေမှာနေထိုင်ကြတဲ့ အမ်းဒေသခံတွေကို စစ်ဘေးရှောင်ထွက်ရင် အိမ်တွေကို မီးတိုက်မယ်လို့ ခြိမ်းခြောက်ပြီးနောက် ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ အမ်းမြို့နယ် တစ်ခုလုံးကို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်လိုက်ပါတယ်။
အမ်းမြို့ပေါ်က လေယာဉ်ကွင်းရပ်ကွက်နဲ့ အောက်ရွာရပ်ကွက်တွေမှာ လက်နက်ကြီးကျပြီးနေအိမ်တွေ မီးလောင်ပျက်စီးတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် ဒေသခံတွေကို အကာအကွယ်ပေးပြီး စစ်ပွဲတွင်းက ထုတ်ပေးမယ့်သူ မရှိတဲ့ အခြေအနေလည်းဖြစ်ပါတယ်။
“ရပ်ကွက်မှာ အိမ်စောင့်မရှိဘဲစစ်ဘေးရှောင်သွားရင် အိမ်ကိုမီးရှို့မယ်။လေယဉ်နဲ့အကုန်ဗုံးကြဲပစ်မယ်။ လုံးရွာနဲ့ ဒိုင်ကြီးရွာတွေ ကို ကြည့် ထား” လို့ အမ်းမြို့ပေါ်ရပ်ကွက်တွေမှာ ကျန်ရှိနေသေးတဲ့ ဒေသခံတွေကို စစ်ကောင်စီအဖွဲ့တွေက ခြိမ်းခြောက်သွားတဲ့အကြောင်းကို လေးဝတီ FM ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ အခုလို ခြိမ်းခြောက်တာမျိုးကို အမ်းမြို့အနီးက စစ်ရှောင်စခန်းတွေမှာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လေးဝတီFM အနေနဲ့နိုဝင်ဘာ ၁၆ ရက်မနက်ပိုင်းအထိ အမ်းမြို့နယ် က စစ်ရှောင်စခန်းများ ၊ ဒေသခံများနဲ့ အဆက်အသွယ်ရ ခဲ့ပြီ နိုဝင်ဘာ ၁၇ ရက်မှာတော့ ဆက်သွယ်နေကျ ဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ အမ်းမြို့ အောက်ရွာ ၊ ဆက်သွယ်ရေးတပ် နဲ့ တပ်ထိန်းတပ် ၊ လေယာဉ်ကွင်း ရပ်ကွက်တို့ကို ဂျက်ဖိုက်တာ၊ Y12 တို့နဲ့ ဗုံးအလုံး ၂၀ ထက်မနည်း ကြဲချခဲ့ပါတယ်။
စစ်ကောင်စီသည်နပခဌာနချုပ်ရှိတဲ့အမ်းတွင် စစ်သည်တပ်ဖွဲ့ဝင်အကျအရှုံးများနှင့်ရင်ဆိုင်နေရပြီးအခုလိုအာရက္ခတပ်တော်၏ထိုးစစ်ကိုခုခံရန်အတွက်ပြည်သူများကိုဖမ်းစီးပြီးလူသားဒိုင်းကာလုပ်ဆောင်ရန်အခုလိုဖုန်းလိူင်းများကိုဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။
အမ်းချောင်းသူ (လေးဝတီ FM)ရေးသည်။