အမ်းတိုက်ပွဲအတွင်းက ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကို ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် မနက်က ပဒါန်း မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရပြီး ရဲစခန်း ကို ခေါ်ဆောင်သွားတယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။
အမ်းမြို့နယ် တိုက်ပွဲတွေကနေ အသက်လုပြေးလာရတဲ့ ဒေသခံစစ်ရှောင်ပြည်သူတွေဟာ အမ်းရိုးမပေါ်က ကံမြင်းကန် ဂိတ်မှာငါးရက်ခန့် ဖမ်းဆီးစစ်ဆေးခံရပြီး နောက် ၊ အဲ့ဒီဂိတ်ကလွှတ်ပေးလိုက်ပြီး ပဒါန်းမြို့အဝင် ဂိတ်ကိုဖြတ်တဲ့ အချိန်မှာ ထပ်ပြီးဖမ်းခံရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“သူတို့က ကုန်ကားနဲ့ထွက်လာတာပါ ။ ကန်မြင်းကံဂိတ်မှာ တစ်ပတ်လောက် ဖမ်းထားခံရပြီး လွှတ်ပေးလိုက်တဲ့ သူတွေ၊ လူပေါင်း ၇၀ ကျော်ပါတယ်။ပဒါန်းရဲစခန်းဂိတ်ရောက်တော့ ကားပါစခန်းထဲကို သွင်းသွားတယ်”လို့ လေးဝတီ FM ကို ပြောပါတယ်။
အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းထန်နေပြေီး ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
အဲ့ဒီစစ်ရှောင်တွေဟာ ကန်မြင်းကံ ဂိတ်မှာ ဖမ်းဆီးခံထားရတဲ့အချိန်မှာ ဖုန်းတွေကို ယူပြီး လူတစ်ဉီးချင်းကို သီးသန့်ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ပဒါန်းဂိတ်မှာ ဖမ်းဆီးခံထားရတဲ့ စစ်ရှောင်တွေဟာ အမ်းမြို့က ထွက်ခွာလာတာ ၁၀ ရက် ခန့်ရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အမ်းမြို့ကနေ အမ်း-ပဒါန်းလမ်းပိုင်းကို အသုံးပြုပြီး စစ်ရှောင်တဲ့ သူတွေဟာ ပဲပုဂုံဂိတ် -ဂုတ်ကြီး ဂိတ်-ကံမြင်းကန်ဂိတ်-ပျဉ်းဝဂိတ် တို့ကို ဖြတ်သန်းရတာဖြစ်ပါတယ်။
အဲ့ဒီအထဲမှာ ကံမြင်းကန်ဂိတ် မှာ စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်းချထားပြီး ပျဉ်းဝဂိတ် မှာတော့ စစ်ကောင်စီ ၊ လဝက ၊ ရဲ စတဲ့ စစ်ကောင်စီရဲ့ ဌာန ပေါင်းစုံက စစ်ဆေးတဲ့ ဂိတ်ဖြစ်ပါတယ်။
လတ်တလောမှာ အမ်း-ပဒါန်းလမ်းပိုင်းဟာ စစ်ပွဲဖြစ်ပွားနေတဲ့ လမ်းပိုင်းဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေလည်း နေ့စဉ် နဲ့ အမျှ အဲ့ဒီလမ်းပိုင်းကို အသုံးပြုစစ်ကြောင်းထိုးနေကြပါတယ်။
အဲ့ဒီလမ်းပိုင်းပေါ်က ချင်းတိုင်းရင်းသားကျေးရွာသုံးရွာကိုလည်း နိုဝင်ဘာ ၂၃ -၂၅ ရက်တွေမှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခုက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။