လူဇော် ရေးသည်။
အလယ်သံကျော် ကမ်းခြေကနေ ငပလီကမ်းခြေအထိ မိုင်အားဖြင့် တိုင်းရင်တော့ တော်တော်ရှည်လျားတဲ့ကမ်းရိုးတန်းဖြစ်လိမ့်မယ် ဒါပေမယ့် ကျွန်တော်တို့စိတ်တွေ မရှည်လျားပါဘူး။ ရခိုင်တောင်၊ ရခိုင်မြောက် ဆိုတဲ့သွေးခွဲတဲ့ စကားလုံးတွေ အောက်မှာ ချစ်ရတဲ့ ဒွာရာဝတီမကျဆုံးခဲ့ပါဘူး။ ဗမာသံ၊ ဗမာဆန်ပေမယ့် ရင်ထဲက အာရက္ခအိမ်မက်တွေကို ပိုက်ထွေးပြီး ဒီမြေ၊ ဒီရေ၊ ဒီပင်လယ်နဲ့ ဒီတောင်တန်းတွေအတွက် သံတွဲဟာရှိနေခဲ့တယ်။
ငယ်ငယ်က အိမ်ရာဝင်ရင် အဖွားကပြောတယ် အာကာပျံဝဲမြို့သံတွဲ၊ လီမှာပျံဝဲ မြို့သံတွဲ တဲ့။ ရန်သူ့တပ်တွေ ရောက်ပြီဆိုရင် သံတွဲက ပျောက် ပျောက်သွားတယ်။ မြို့ထဲက စကားပြောသံတွေ၊ ဆန်ဖွတ်သံတွေ၊ ပွဲလမ်းသဘင် အသံတွေကို ကြားနေရပေမယ့် သံတွဲကို ရှာမရကြဘူး။ ရန်သူတွေ လက်မှိုင်ချပြီးပြီ လှည့်ပြန်ကြရတယ်။ တုန်ရီတဲ့ အဖွားအသံကလေး တိတ်သွားတော့ ကျွန်တော်မေးကြည့်တယ်။ အဖွား သံတွဲရောက်ဖူး သလား။ ဘယ်မှာရှိတာ လဲ။ သူလည်း မသိရှာပါဘူး။ အဖွားရဲ့ အဖွားတွေက ဒွာရာဝတီမြို့ပျံအကြောင်းကို အဖွားကို ပြောခဲ့တာ။
အတန်းကျောင်းလေးတက်ရတော့ ငပလီကမ်းခြေတဲ့။ ကမ္ဘာလှည့်ခရီးသွားတွေ လာလည်ကြတဲ့ ကမ္ဘာကျော်တဲ့ ကမ်းခြေဟာ ရခိုင်ကမ်းမြောင်ဒေသမှာရှိတယ်ဆိုတာသိခဲရတယ်။ ငပလီဘယ်မှာလဲ ဆိုတော့ ရခိုင်ပြည် သံတွဲ မှာပါပဲ။ အဲဒီကမ်းခြေကို ရောက်ချင်လိုက်တာ။ ရခိုင်တောင်ပိုင်းက အိပ်မက်မြို့ပေါ့။
မိမိကို မိမိ ရခိုင်လို့မှတ်တတ်တဲ့အချိန် ဝင်းကိုခိုင်ရဲ့ သံတွဲအလွမ်းက ရင်ထဲ တစ်ကျော့ပြန်လာပြီးတော့ လှုပ်ခတ် တယ်။ သံတွဲသား လူငြိမ်းခိုင်ကို အဲဒီအချိန်ကနေ စပြီးမိတ်ဆက်ဖြစ်ခဲ့တယ်။ တောင်ပိုင်းသား ရခိုင်တွေရဲ့ စိတ်ကူး၊ မှော်ဆန်တဲ့အနုပညာရပ်ဝန်းဟာ မြောက်ပိုင်းက ကျွန်တော်တို့လို လူတွေအတွက် ရသမျိုး စုံနဲ့ အာရက္ခလွင်ပြင်မှာ လွင့်ပျံ့ လွမ်းမောခဲ့ရတယ်။
“ထားပစ်ခ ကုက္ကိုပင် တန်းချေ ပင့်သက်ရှိုက်တေးသံ ပျိုညဉ့်ချေ
ဆွီးမြီ့ခြင်းလမ်းကို မိထားဝေ အလှပဆုံး ဆောင်းကိုပျိုမြစ်စီ
ပူပင်စရာကို မိထားနိုင်ယင့် အဝီးက မြို့ဟောင်းချေ“
အာရက္ခ ပင်လယ်ပြင်မှာ မေးတင်ကာ လတ်ဆတ်နေတဲ့ သံတွဲ၊ လတ်ဆတ်တဲ့သားငါး တွေပေါတဲ့သံတွဲ၊ လူမျိုးစုံ ဘာသာစုံရောရှက် နေထိုင်တဲ့သံတွဲ၊ အပူအပင်တွေကို မေ့ထား၊ ဆွေးမြေ့နေတဲ့ လမ်းဟောင်းတွေကို မေ့ထား ချစ်ရတဲ့ မြို့ကလေးရဲ့ ဆောင်းဦးကို အလှပဆုံးကြိုဖို့ သံတွဲဟာ ကျွန်တော်တို့အတူရှိခဲ့တာကို တေးရေးဆရာ အကြားအမြင်ရလေသလားလို့ ကျွန်တော်တွေးမိတယ်။
တက္ကသိုလ်ရောက်တော့ မြန်မာစာအဓိကနဲ့ ကျောင်းမပြီးခဲ့တဲ့ ကျွန်တော်က ကဗျာတွေကိုဖတ်ရင်း သံတွဲသူ တစ်ယောက်ကို ဆုံမိတော့တယ်။ “စောယဉ်မိတဲ့” ချစ်ခင်လေးစား စရာကောင်းတဲ့ အမျိုးသမီး၊ ရဲရင့်တဲ့ ခေါင်းဆောင်၊ ကဗျာမဆရာမကြီးပေါ့။ သားတော်နှစ်ပါး ရဲ့ပြဿနာတွေကို နိုင်ငံရေးပရိယာယ်ကြွယ်စွာနဲ့ ဖြေရှင်းခဲ့တဲ့ ဘုရင်မ၊ ဟိုးလေးမြို့ကမ်းဘေးက သစ္စာရှိလှတဲ့၊ ရိုးသားတဲ့ ဘုရင့်ညီတော် နရနု(အလီခင်) ကို အခုခေတ်လိုဆိုရင် ရည်စားစာပေးတဲ့အမျိုးသမီးလေ။ ကျွန်တော်တို့ ဘိုးဘော်ဘေးတော်တွေက တကယ်လည်း ရှေ့ရောက်နေပါလားလို့တောင် ကျွန်တော်ထင်မိပါတယ်။ သူရေးတဲ့ ကဗျာက အဖြည့်ခံရတုတဲ့။
တောင်ညို ဗွေချာ အစချီတဲ့
“မောင်တို့နေရာ၊ ရွှေပြည်သာကိုလိုက်ပါဟုလည်း ၊ မတူရာလော၊ မသိမောခဲ့၊ မင်းစောဒသ၊ သာတိကတို၊ ဒီပဇမ္မူ လုံးလုံးချု၍၊ ခွန်းယူသိမ်းမြန်း၊ ထီးနန်းတည်ရာ၊ မယ်တို့ရွာလည်း၊ ဒွာရာဝတီ သိင်္ဂလျံမြို့ ရှင်ပျံဝယ်၊ ပတ်ရံးသုံးတောင်၊ သုံးဆူနောင်လည်း ရှုသောင့်ရှုသာ အာဏာထက်လင်း၊ ဘဝင်ချင်းမျှ ခပင်နတ်လူ ၊ ကိုးရာမူ သား၊ မျိုးတူဇနီး မကြီး ဘုန်းသစ်၊ ချစ်လို့သနား နောင်အားမေတ္တာ သက်တို့ပါ၍၊ သရဏပွင့်၊ ပန်းသုံးဆင့်ကို၊ မောင်နှင့်နိ ဌာန်ပါရစေ”
သားတော်နှစ်ပါး အချင်းချင်း လုပ်ကြံကြပြီး သွေးချောင်းစီးရမဲ့အရေးကို မြင်တဲ့ မိခင်တစ်ယောက်၊ တိုင်းပြည်ကို မထိန်းချုပ်နိုင်ရင် ပြိုကွဲသွားနိုင်မယ်ဆိုတာကို သိတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ယောက်၊ သူရေးတဲ့ ရတုကြီးက မြောက်ပိုင်းသား ရခိုင်ကြီးတစ်ယောက်ကို အသာလေး ဆွဲဆောင်နိုင်ခဲ့တယ်။
တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့ ညီတော်၊ အစ်ကိုတော်ရဲ့ အမောက်အမှားဟူသမျှ အလိုက်သင့်စွာနဲ့ အာရက္ခထီးနန်းအတွက် နောက်တန်းနေရာ ကသာ နေခဲ့တဲ့ သစ္စာရှိရိုးသားတဲ့ နရနု(အလီခင်)။ စာတွေအပြန်အလှန်ရေးကြရင်း သံတွဲကို ပြန်တည်ဆောက်၊ အာရက္ခနိုင်ငံတော်ကြီးရဲ့ အတိတ်မှာ ရဲရင့်တဲ့ သူရဲကောင်းတွေ၊ ရိုးသားတဲ့ မိခင်တွေ၊ လွတ်လပ်တဲ့စာပေတွေ ရှည်လျားတဲ့ သမိုင်းကြောင်းတွေကို ရေးသားခဲ့တဲ့ မြို့။
အခုတော့ ဘယ်တော့မှ မပြီးပြတ်နိုင်တဲ့ သူဌေးချောင်းရေအားလျှပ်စစ်ကနေ ဆင်ခေါင်းရွာအထိ သူရဲကောင်းတွေ ထိုးဖောက်ဝင်ရောက်ခဲ့ပါပြီ။ မြို့ကလေးရဲ့ အတိတ်သမိုင်းတွေကို သင်ပုန်းချေဖို့ ရဲရင့်တဲ့ စစ်သည်တော် အသက် ကို ပေး၊ ဘဝကိုပေးရင်း ရန်သူတော်တွေကို တိုက်ထုတ်။
အဆိုး အယုတ်တွေက ပြည်သူတွေကို ဗုံးချ၊ သေလိုက် ကြတာ။ ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး တွေ့သမျှလူ ရန်သူလို့ သတ်မှတ်ကာ ရခိုင်မှန်ရင်သူပုန် ဆိုတဲ့ ကြောက်စိတ်တွေနဲ့ သံတွဲမြေကို ရက်စက်ခဲ့ကြတယ်။
သီချင်းတွေထဲက လွမ်းစရာကမ်းခြေ၊ ရုပ်ရှင်တွေထဲမှာ ပျော်စရာကောင်းတဲ့ ကမ်းခြေ၊ ဝထ္ထုကဗျာတွေထဲက ရသဆန်တဲ့ကမ်းခြေ စာရေးဆရာမ မေလှိုင်းဖြူရဲ့ ဝတ္ထုတွေထဲက ငပလီဇာတ်ကောင်တွေ ဒီအရာတွေကို ရင်ထဲက ဖယ်ဖို့ ခက်လိုက်တာ။
ခရိုနီ၊ ခရိုပြာတွေ အရောင်စုံတွေနဲ့ စစ်အုပ်စုတွေပေါင်းကာ မြေလုခံနေရတဲ့ သံတွဲ၊ အာဏာရှင်တွေရဲ့ နှစ်ပေါင်း များစွာ ဂုတ်သွေးစုတ် အမြတ်ထုတ်တာကိုခံနေရတဲ့ သံတွဲ၊ သဲလွလွ သောင်ခုံပေါ်က လယ်အသိမ်းခံရသူတွေရဲ့ မျက်ရည်စက်တွေနဲ့ သံတွဲ ဒီကမ်းခြေပေါ်က သဲနုနုတွေထက်မှာ အာရက္ခရဲ့ရင်သွေးတွေ ပြေးလွှားရင်း လွတ် လပ်တဲ့ လေကိုရှု၊ ဟိုး … အမြင့်ထိပျံသန်းဖို့ ဝံလက်တွေ တောင်ပံဖြန့်ကာ ရန်သူတွေကို ထိုးပျံသုတ်ချီပြီး ဘင်္ဂလား ပင်လယ်ထဲမျောချနေပြီလေ။
ဆင်ခေါင်းနဲ့ ဂေါ့ရွာတွေက ပြည်သူတွေရဲ့မျက်ရည်စက်တွေ၊ အသက်တွေ၊ အိုးအိမ်တွေ အကုန်လုံးအတွက် စိတ်မကောင်ဖြစ်ရပါရဲ့ ဒွာရာဝတီ။ စစ်ဘေး စစ်ဒဏ်နဲ့ အသက်လုပြေးရတဲ့ မိသားစုတွေအတွက် ကိုယ်ချင်းစာမိ ပါတယ် ဒွာရာဝတီ။ ချစ်ရလို့ နာကြင်ခဲ့ရပါပြီ ဒွာရာဝတီ။ အခုတော့ သောကအဖုံဖုံနဲ့ ဗျာများရခဲ့ရပြီပေါ့ လေ.။
ဒဏ်ရာတွေအထပ်ထပ်နဲ့ အာရက္ခပြည်ကြီးမှာ အားတင်းထားပါလို့ ပြောစရာစကားကလွဲရင် ဘာမှမကျန်တော့ ပေမယ့် ဌေးလင်းရဲ့ ရခိုင်မိုးသီချင်းထဲ စာသားလို ” ပြာနှမ်းသွားတဲ့ နှုတ်ခမ်းတွေက မိုးကိုအံတုရင်း ပြုံးပြ” ဆိုသလို ဇွန်လရဲ့ မိုးတွေအောက်က ပစ်သံ၊ ခတ်သံ၊ အမြှောက်သံတွေကို အသက်လုရင်းပြုံးထားကြပေါ့။ ဒါဟာ သမိုင်းကပေးတဲ့ တာဝန်၊ လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုလေ။
ဒီမြေ၊ ဒီရေ၊ ဒီတော၊ ဒီတောင်တန်းတွေဟာ အာရက္ခတွေရဲ့ အသက်ဝိဉာဏ်တွေဖြစ်တယ်။ ဒီမြစ်၊ ဒီချောင်း၊ ဒီပင်လယ်နဲ့ ဒီတာတမံတွေဟာ အာရက္ခတွေရဲ့ သွေးကြော၊သားကြောတွေဖြစ်တယ် ဒါ့ကြောင့် ဒီမြေ ဒီရေပေါ်မှာ ယုတ်မာ ကောက်ကျစ်တဲ့ စစ်မိစ္ဆာတွေကို အမြစ်ပြတ်အောင် ချေမှုန့်ရကြရမယ်။
သိပ်မကြာတော့တဲ့ အချိန်တစ်ခုအတွင်းမှာ အလည်သံကျော်ကမ်းခြေကနေ ငပလီအထိ အဲဒီကနေ ဂွကမ်းခြေ အထိ အာရက္ခတွေရဲ့ လွတ်လပ်တဲ့ ကမ်းခြေရိုးတန်းတစ်လျှောက်မှာ ငြိမ်းချမ်း၊ လုံခြုံတဲ့ အိုးအိမ်တွေ အစီအရီနဲ့ ကမ်းခြေတစ်လျှောက် ခရုခွံကောက်ကာ လွတ်လပ်စွာပြေး ကစားနေကြတဲ့ အာရက္ခရဲ့ ရင်သွေးငယ်တွေ၊ အာရက္ခ နိုင်ငံတော်ရဲ့ သီချင်းသံတွေ သံပြိုင် မြိုင်နေမယ့်နေ့ရက်တွေဟာ သိပ်မဝေးတော့ပါဘူး ဒွာရာဝတီ။
အဲဒီအချိန်မှာ အခုခံနေခဲ့ရသမျှ ဒုက္ခတွေက ဟာသတွေအဖြစ်ပြောင်းလဲပြီး ပေးဆပ်ခဲ့သူတွေရဲ့ အသက်ဝိဉာဏ် ဟာလည်း လွတ်လပ်စွာရှင်သန်နေမှာပါ။ ဝတီလေးရပ်ရဲ့ ဆုံမှတ်တစ်ခုမှာ အိပ်မက်တွေကိုယ်စီနဲ့ ကမ်းခြေပေါ်မှာ အပန်းဖြေကြတာပေါ့။ အခုတော့ ဒုက္ခပင်လယ်ထဲက ချစ်ရတဲ့ ဒွာရာဝတီကို အဝေးကမှန်းဆကာ အလွမ်းသီချင်း ကလေး ဆိုနေမိပါတော့တယ်။
“ထားပစ်ခ ကုက္ကိုပင် တန်းချေ ပင့်သက်ရှိုက်တေးသံ ပျိုညဉ့်ချေ
ဆွီးမြီ့ခြင်းလမ်းကို မိထားဝေ အလှပဆုံး ဆောင်းကိုပျိုမြစ်စီ
ပူပင်စရာကို မိထားနိုင်ယင့် အဝီးက မြို့ဟောင်းချေ
အဝီးက သံတွဲ မြီ”
See less