ငြိမ်းချမ်းစေ (လေးဝတီFM)
နိုင်ငံခြားရုပ်ရှင်တွေ ၊ သတင်းတွေ ထဲမှာ အမေဇုံတောထဲမှာ နေထိုင်တဲ့ မျိုးနွယ်စုတွေအကြောင်းကို သိဖူးကြမှာပေါ့
သူတို့ကို တွေ့ရတဲ့ အခါ ကမ္ဘာကြီးဟာ ဘယ်လောက်ပဲ တိုးတက်နေပါစေ ၊ သူတို့နဲ့ မဆိုင်သလိုပဲ သူတို့ နေထိုင်ရှင်သန်ချင်တဲ့ ပုံစံနဲ့ ရှင်သန်နေထိုင်ကြတာကိုတွေ့မြင်ရမှာပါ။
သူတို့ဟာ ကမ္ဘာရွာရဲ့ အဝေးမှာ လူမသိ သူမသိ ၊ လွတ်လပ်စွာ ရှင်သန်ကြပါတယ်။ သူတို့ဟာ သူတို့ရှင်သန်ချင်တဲ့ ပုံစံနဲ့ ရှင်သန်နေကြပေမယ့် သူတို့ကို အညိုးတကြီး ၊ လာရောက်သ-တ်ဖြတ်မယ့် သူမရှိဘူး။
ကျွန်တော် အခုပြောမှာကတော့ အမေဇုံတောထဲက အဲ့ဒီမျိုးနွယ်စုတွေ အကြောင်းမဟုတ်ပါဘူး ၊ ဒါပေမယ့် ကမ္ဘာရွာရဲ့ အဝေးက အမှောင်ကျနေတဲ့ ကမ်းရိုးတန်း ဒေသက လူသားမျိုးနွယ်တွေရဲ့ အကြောင်းပါ။
.
၂၆ ၊ စက်တင်ဘာ ၊ ၂၀၂၄ (သံတွဲ)
အဲ့ဒီနေ့ ည က မိုးကလည်းသည်းသည်းမဲမဲ ရွာတယ်။ မိုးလင်းတော့ နေရောင်လေး မပွင့်တပွင့်ပဲ ရှိသေးတယ်။
မနက် (၇) နာရီလောက်မှာ လေယာဉ်တစ်စီး လာပြီး ကြဲချသွားလိုက်တာ ၊ မိနစ်ပိုင်းအတွင်း မှာပဲ ဒွါရာဝတီ မှ ကြိုဆိုပါ၏ ဆိုတဲ့ နေရာ ဟာ သုသာန်တစပြင် ဖြစ်သွားခဲ့ပါတယ်။
စပါးပင်တွေ ပေါ်ကို ဖျန့်ကျဲနေတဲ့ နေခြည်နုနု ဟာ ရက်စက်တဲ့ ယမ်းငွေ့တွေကြားမှာ မှာ မှိုင်းဝေသွားတော့တယ်။ ဘယ်နေရာကြည့်ကြည့် အော်သံ ခေါ်သံ ၊ ငိုယိုသံ ပြေးလွှားသံတွေ လွှမ်းလို့ပေါ့။
ကလေးငယ်ကို ရင်ခွင်ပိုက်ထားပြီး ယူကျုံးမရ ငိုသူကငို ၊ ကယ်ကြပါအုံးဆိုပြီး ဦးတည်ရာမဲ့ပြေးသူက ပြေး။ “ငါ့သမီးလေး ငါ့သမီးလေး ” ဆိုတဲ့ အသံတွေဟာ ကြားတချက်မကြားတချက်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ပူလောင်သောက တွေနဲ့ ပွတ်လောရိုက်နေခဲ့တယ်။
“မနက်လင်းတာနဲ့ ငရဲပြည်ရောက်သွားတယ်လို့ ထင်လိုက်ရတယ်၊ မျက်စိရှေ့မှာ ကလေးအလောင်းတွေ တစ်ယောက်ပြီးတစ်ယောက် လာပုံသွားကြတယ်၊ အလောင်းတွေက မြင်ရက်စရာမရှိဘူး ၊ နေထွက်ကြီးရဲရဲဗျာ လုပ်ရက်လိုက်ကြ” အဲ့ဒီမြင်ကွင်းကို ကိုယ်တွေ့ကြုံခဲ့ရသူက ပြန်ပြောင်းပြောပြနေတာပါ။
ပေါင် ၅၀၀ ဗုံးကြီးတွေ ကြဲချသွားတဲ့ ဒီလို အဖြစ်အပျက်ကြီး မှာ နီးစပ်ရာကို အကူအညီတောင်းဖို့ ၊ လူနာတင်ကားခေါ်ဖို့ ၊ ဖုန်းလိုင်းတွေမရှိဘူး ဒီမြို့နယ် တစ်လုံးကို ဖုန်းတွေ အင်တာနက်တွေ လျှပ်စစ်မီးတွေပြတ်နေတာ လနဲ့ ချီပြီကြာနေခဲ့ပြီ။
ဒဏ်ရာ ရတဲ့ လူတွေကို အရေးပေါ် ဆေးကုဖို့ ဆေးရုံ ၊ ဆေးခန်းတွေ မရှိဘူး ။ သွေးလွန်တော့မယ့် လူတွေ ၊ ခြေတစ်ဖက်လုံးပြတ်ထွက်သွားသူ ၊
အုတ်ကျိုးအုတ်ပဲ့ အဆောက်အအုံပျက်ထဲက သွေးရဲရဲသံရဲရဲနဲ့ ထွက်လာသူတွေ ဒီလူတွေကို ဒုက္ခသည်အချင်းချင်း ပြန်လည်ဖေးမကြရတာပေါ့။
“စောင်တစ်ထည် ကို ပုခက်လုပ်ပြီး တစ်မနက်လုံး သယ်ကြရတယ်။ အဆောက်အဦးအောက်က အုတ်ကျိုးတွေကို ဖယ်ပြီး မြုပ်နေတဲ့လူတွေကို ဆွဲထုတ်ပြီး မသေ သေးတဲ့ လူတွေကို ရလိုရငြား ကြိုးစားကြရတာပေါ့“။ လို့ သူက စိတ်ပျက်လက်ပျက်ညည်းညူပါတယ်။
လူမသိ သူမသိဘဲ အစုအလိုက် အပြုံလိုက် ကလေး ၅ ယောက်နဲ့ လူကြီး ၈ ယောက် စုစုပေါင်း ၁၃ ယောက်သေဆုံးသွားခဲ့ပါတယ်။ ကံမကောင်းတဲ့ ၁၃ ဂဏန်းပေါ့ဗျာ ။
ဒီအဖြစ်အပျက်ဟာ တချိန်က ကမ္ဘာလည့် ခရီးသွားတွေ ၊ ပျော်ရွှင်လှပါတယ်ဆိုတဲ့ ငပလီကမ်းခြေ ရှိရာမြို့ သံတွဲ မှာ ဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်ခံရမှုပါ။
…..
၄/၈ ၊ အောက်တိုဘာ ၊ ၂၀၂၄ (တောင်ကုတ်)
“တစ်ရွာလုံးကုန်ပြီလို့ ထင်လိုက်တယ်။ ကျွန်တော်လည်း အိမ်ပေါ်ကနေ ဝုန်းဆိုဆင်းပြေးရတာပေါ့ ။ လူကို လေမှာ လွင့်သွားပြီလို့တောင်ခံစားရတယ်”
သံတွဲမြို့နဲ့ မိုင်လေး ဆယ်ကျော်ကွာတဲ့ တောင်ကုတ်မြို့က ကျေးရွာတစ်ရွာ ကို အဲ့ဒီလိုပဲ လေကြာင်းက ပေါင် ၅၀၀ ဗုံးတွေကြဲချပြီးတိုက်ခိုက်ခဲ့တာပါ။
တောင်ကုတ် မြို့ကင်းတောင်ကျေးရွာမှာ အရပ်သား လေးဦးသေဆုံးခဲ့ပြန်ပါတယ်။ အဲ့ဒီအထဲမှာ ၁၅ နှစ်အရွယ်က ကလေးမလေးတစ်ဦးပါဝင်ပြီး သူ့အမေကတော့ ဆေးကုနေရင် ညနေပိုင်းမှာ ေ-သသွားရပြန်တယ်။
ကင်းတောင်ရွာသားတွေ ေ-သဆုံးပြီး ရက်မလည်ခင်မှာပဲ တောင်ကုတ်မြို့က
ရွာမ ကျေးရွာကို ညကြီးသန်းခေါင်လေကြောင်းက နောက်တစ်ကြိမ် လာတိုက်ခိုက်ခဲ့ပြန်ပါတယ်။
“ည ၊ လူတွေ အိပ်နေတဲ့ အချိန်မှာ ရွာထဲကို ဗုံးတွေ ချခဲ့တော့ ရွာသူရွာသားတွေ ေေ-သပြီပေါ့ဗျာ ၊ ဒါ ဘာလုပ်တာလဲ ဆိုတာ သူတို့ပဲသိမယ်” လို့ တောင်ကုတ်ဒေသခံတစ်ယောက် ပြောပါတယ်။
အဲ့ဒီနေ့မှာ တောင်ကုတ်မြို့နယ်ထဲက ကလေးလူကြီး အမျိုးသား အမျိုးသမီးပေါင်း ၁၅ ဦးဟာ ကိုယ့်နေအိမ်မှာ ကိုယ် အိပ်နေရင်းပင် ပေါင် ၅၀၀ ဗုံးကြောင့် အစုလိုက် အပြုံလိုက် ေ-သဆုံးခဲ့ပြန်ပါတယ်။ ဒါဟာ သွေးဆာနေတဲ့ လေသူရဲတွေ လေဘီလူးတွေ အတွက် ပစ်မှတ်ဖြစ်သွားတဲ့ အရပ်သားတွေပါပဲ ။
နောက်ထပ် (၂) ရက်အကြာ အောက်တိုဘာ ၁၀ ရက်နေ့မှာ တော့
ကျောက်တော်မြို့လည်ခေါင်က မြို့မဈေးကို အကြောင်းမရှိ အကြောင်းရှာပြီး လေယာဉ်နဲ့ ဗုံးကြဲသွားပြန်ပါတယ်။
ညနေစောင်းဈေးသွားဈေးလာအချိန်မှာ ဈေးတစ်ခုလုံး မွမွကြေအောင် တိုက်ခိုက်သွားတာတဲ့။ လူ ၈ ယောက်လောက် ပွဲချင်းပြီးပေါ့ဗျာ။
ကဲ ဘယ်မှာလဲ လူ့ကျင့်ဝတ်တွေ။ တစ်လ အတွင်းမှာ လူ ၅၀ နီးပါး ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါပြီ။
အဲ့ဒီအထဲမှာ ကလေးငယ် ၁၅ ယောက်ထက်မနည်း သေဆုံးတဲ့အထဲ ပါဝင်ပါတယ်။
.
ကျွန်တော် ဒီစာကိုရေးနေ တဲ့ အခုညမှာပဲ နောက်ထပ် မြို့တစ်မြို့ကို တိုက်လေယာဉ်နဲ့ဗုံးကြဲနေနိုင်ပါတယ်။
ကမ္ဘာကြီးက ဒါတွေကို မသိသလို ၊ ကုလသမဂ္ဂ အစည်းအဝေးမှာလည်း ဒီအကြောင်း တံခါးပိတ်ဆွေးနွေးမှာ မဟုတ်ပါဘူး။
လူ့အခွင့်အရေး စောင့်ရှောင့်သူတွေလည်း သူတို့ကို စိတ်မဝင်စားကြပါဘူး ။
လူရယ်လို့ တန်ဖိုးမထားခံရတဲ့ လူ့အသက်တွေ ပါပဲ ။ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ မမြင်ရတဲ့ ဘေးအန္တာရယ်တွေဆီကနေ လူသားမျိုးနွယ်တွေကို ကာကွယ်ဖို့ ပညာရှင်တွေ ကြိုးပမ်းကြပါတယ်။ မောင်းသူမဲ့ ကားတွေတီထွင်ကြပါတယ်။
အဲ့ဒီကမ္ဘာရွာနဲ့ အဝေးက လူဦးရေ ငါးသန်း ရှိတဲ့ ကမ်းရိုးတန်းဒေသ တစ်ခုမှာ လျှပ်စစ်မီးမရပါဘူး ၊ ဖုန်းလိုင်းတွေ မရှိပါဘူး၊ အင်တာနက်မရှိပါဘူး ၊ ဆေးရုံ ဆေးခန်းတွေ မရှိပါဘူး။ အစားအသောက် တွေလည်း လောက်ငှအောင်မရှိပါဘူး ။ ပြီးတော့ မကြာမကြာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ အစုလိုက် အပြုံလိုက် ေ-သေကြနေရ တဲ့အကြောင်း မှတ်တမ်းတင်မယ့် တစ်ယောက်ယောက်တော့လို နေပါတယ် ခင်ဗျာ။