ယနေ့ Monday, 20th January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

November မှတ်စု

November မှတ်စု

November လ ရဲ့ နေ့ ရက်တွေဟာ အေးလာ ပြီး ကျနော်စိတ်တွေဟာလည်း လွင့်ချင်လာပါတယ်။
ဒါဟာ လူငယ်သဘာဝဖြစ်လိမ့်မယ် ထင်ပါတယ်။

ကျနော်တို့ ရွာ မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းကလိုင်းပြတ်သွားခဲ့တယ်။
ဖုန်း ၊ အင်တာနက် နဲ့ ဆက်သွယ်ရေးမှန်သမျှ အကုန်ပြတ်တောက်သွားခြင်းဖြစ်ပါတယ်။

ဖုန်းလိုင်းအင်တာနက်လိုင်း တစ်ကြိမ်မှ ပြန်မရတော့ တဲ့ မြို့နယ်လေးဟာ ကျနော်တို့ ရသေ့တောင်မြိုနယ်လေးပါ။
ကျွန်တော်တို့ လူငယ်တွေဟာ သတင်းအချက်အလက်နဲ့ ဖြတ်တောက်ခံရတာ ဟာ
စိတ်အဟာရ ၊ ဉာဏ်ပညာအဟာရကို ချို့တဲ့ အောင်လုပ်ထားတယ်လို့ ကျွန်တော်က ထင်တယ်။
သတင်းအချက်အလက်တွေ မကြည့်ပဲ မနေနိုင်ဘူး ၊ အင်တာနက်မှာ လေ့လာစရာ သင်ယူစရာတွေ အများကြီး ရှိနေတယ်။

ကျွန်တော် ဟာ လူငယ်တစ်ယောက်ပါ ကျောပိုးအိတ်တစ်လုံလွယ် ၊ အင်တာနက် ချိတ်ဆက်ပြီး ကမ္ဘာကြီးကို လက်ဝါးလောက်ရှိတဲ့ Screen ထဲ က ချောင်းကြည့်ချင်ပါတယ်။

ဒါကြောင့်
ကျနော်တို့သူငယ်ချင်းတစ်စု ကွန်ပျူတာသင်တန်းကိုရောက်တိုင်း ဒီတစ်ပတ်ပိတ်ရက် မောင်တောနယ်ကို လိုင်းသွားသုံးရအောင်ဆိုပြီးဆွေးနွေးဖြစ်ကြပါတယ်။
နောက်တော့စနေနေ့ သွားရအောင်ဆိုပြီးဆုံးဖြတ်လိုက်ကြတယ်။
ခရီးကို တစ်ညအိပ်အဖြစ်အားလုံးသဘောတူကြခဲ့ကြတယ်။ ကျွန်တော်တို့ အင်တာနက် သုံးဖို့ မြန်မာ ဘဂ်လားဒေ့ရှ်နယ်စပ်မြို့အထိ ခြေလျှင်လျှောက် ကြ ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲ့လိုဆုံးဖြတ်ပြီးတော့ ကျွန်တော် စိတ်တက်ကြွလာတယ်။
ကျွန်တော့် ကျောပိုးအိတ်ကို စပြီးလျှော်တယ်။
ဘယ်အင်္ကျီကိုဝတ်မယ်။ ဘယ်အင်္ကျီကိုထည့်သွားမယ်ဆိုပြီးစီစဥ်တာပေါ့။
ခက်တာက ပိုက်ဆံလက်ထဲမှာ တပြားမှမရှိတာပါ။

အဖွဲ့ထဲက အကြီးဆုံးတယောက်ကလိုက်ဖို့မသေချာတာကြောင့် ကျနော်တို့ မယူတောင်ကိုခြေကျင်ကျော်မယ့်ခရီးက
တစ်ရက်နောက်ဆုတ်သွားရတယ်။

စနေနေ့ညနေခင်းက ကျနော့်သူငယ်ချင်းတွေ တံတားဘက်ကိုလမ်းလျှောက်ထွက်ဖို့လာခေါ်ကြတယ်။
တံတားခုံမှာ သူငယ်ချင်းတစ်စုထိုင်ပြီးဆွေးနွေးကြပြန်တယ်။ ကျေးလက် စပါးခင်းတွေကို ဖြတ်ထိုးထားတဲ့ လမ်းကျဉ်းကျဉ်းလေးထဲက တံတားတစ်ခုမှာ ကျွန်တော်တို့ ရဲ့ အင်တာနက် အသုံးပြုနိုင်ရေး မက်ရှင်ကို စတင်ဆွေးနွေးပါတော့တယ်။

“မနက်ဖြန် မနက်လေးနာရီလောက်က ထပြီးသွားကြမယ်။ ထမင်းကို ဟိုဘက်ကိုရောက်မှချက်စားကြတာပေါ့ ။ တယောက်ကို ဆန်လေးဘူးလောက်ထည့်သွားရင်ကောင်းမယ်။ “ဆိုပြီး ဌေးဌေးက စပြောတယ်။

ကျောက်ပန္ဒူ မှာ ကျနော့်တို့ရွာထက်ဆန်စျေးကြီးတယ်။
လူ ၈ ယောက် သူများအိမ်မှာ ထမင်းသုံးနပ်စားလျှင်မည်မျှ ကုန်မည်ကိုတွက်ချက်ပြီး ဆန်ထည့်သွားဖို့ သဘောတူခဲ့ကြတယ်။
စစ်ဖြစ်နေတဲ့ ကာလကြီးမှာ သူများအိမ်မှာ ဧည့်သည် လုပ်ရတာ အလိုက်သိဖို့ လိုတယ်မဟုတ်လား။

“ငရုတ်သီးနဲနဲ နဲ့ ဟင်းတချို့ပါယူသွားနိုင်ရင်ပိုကောင်းတာပေါ့။ ငါ အိမ်က ပဲပင်ပေါက်ထည့်လာမယ်”လို့တော့ မိုးရွှေက သူ့သဘောကိုပြောထားတယ်။

ဒီလိုနန့် ကျနော်တို့လိုအပ်မယ်ထင်တာ တွေကို ကိုယ်တက်နိုင်သလောက်ယူသွားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

“လိုင်းသုံးဖို့က ၁၀၀၀၀၊ မုန့်စားဖို့က ၅၀၀၀၊ ငါးဝယ်စားဖို့က ၅၀၀၀၊ ဖုန်းဘက်ထရီဖြည့်ဖို့က ၃၀၀၀ ဆိုရင် ပိုက်ဆံ အနည်းဆုံး ၂၅၀၀၀ လောက်လိုမယ်ထင်တယ် ” လို့ ကျွန်တော်က ကုန်ကျစရိတ်ကို တွက်ချက်ပေးလိုက်တယ်။

ကျွန်တော်တို့ ဆီမှာ ဖုန်းအားသွင်းမယ်ဆိုရင် ဖုန်းတစ်လုံးကို ၃၀၀၀ ကျပ်ပေးရပါတယ်။ လျှပ်စစ်မီးမရနိုင်တဲ့ အတွက်မီးစက်ရှိတဲ့ အိမ်က
အဲ့ဒီဝန်ဆောင်မှုကို လုပ်ပေးပါတယ်။

ကျောက်ပန္ဒူကို ခြေလျှင် လိုင်းသုံးဖို့သွားတောင် အနည်းဆုံး ၂၅၀၀၀ ကုန်နိုင်ပါတယ်။ ကျွန်တော်တို့မှာက အလုပ်မရှိတော့ ဝင်ငွေမရှိ။
အချိန် ၆ နာရီလောက် လမ်းလျှောက်ပြီး မေယုတောင်ကို ဖြတ်ကျော်ရတယ်။ ခြေလမ်းပေါင်း အရေမတွက်နိုင်အောင် လမ်းလျှောက်ရမမှာ ဖြစ်ပါတယ်။
ကျနော်တော်အားလုံးဆိုက်ကယ်နဲ့ လိုင်းကားစီးဖို့ ငွေမရှိလို့ ခြေလျှင်သွားရတာဖြစ်ပါတယ်။
ကားနဲ့ သွားမယ်ဆိုရင် အသွားအပြန် ၃၀၀၀၀ ကျပ်ကုန်ပြီး လိုင်းသုံးရနိုင်ခြေ ၄နာရီလောက်သာရှိမယ် လို့ တွက်မိပါတယ်။
ဆိုင်ကယ်နဲ့ ဆိုရင်တော့ အသွားအပြန်ဆို ၇၀၀၀၀ ကျပ် ဆိုင်ကယ်သမားကိုပေးရပြီး တောင်လမ်းက အလွန်ကြမ်းတာကြောင့် အသက်အန္တရာယ်လည်းစိုးရိမ်ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ တောတောင်တွေ ဖြတ်ကျော်ပြီး အင်တာနက်သုံးဖို့ ၊ ဆက်သွယ်ချင်သူတွေကို ဆက်သွယ်ဖို့ လမ်းလျှောက်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျနော်တို့ ဆွေးနွေးပြီးအိမ်ပြန်လာကြတယ် ။ ကျနော်တို့ အိမ်လမ်းဝ ရောက်တော့ သူငယ်ချင်းတွေ က ကျနော့်ကို မနက်ဖြန် ၄ နာရီသေချာပေါက်ထပါဆိုပြီးမှာကြပြန်တယ်။

အမေကို ကျနော်ကျောက်ပန်းဒူကိုသွားချင်ကြောင်းပြောတယ်။ အမေက စိတ်မချ ။ အမေက မင်းနှာစီးနေတယ် မသွားနဲ့ဆိုပြီးပြောပြန်တယ်။
ကျနော်အလွန်သွားချင်နေတာကို အမေက ငြင်းနေတာကြောင့် စိတ်ဆိုးပြီး အိမ်ပြင်ထွက်ထိုင်နေလိုက်တယ်။ လက်ထဲ ပိုက်ဆံသာရှိလျှင်အမေမသွားခိုင်းလည်းသွားမှာ ဖြစ်ပါတယ်။

ကျနော်အပြင်မှာ တိတ်ဆိတ်စွာ ၂နာရီလောက်ထိုင်ပြီးသည့်နောက် အဖေက အလုပ်က ရောက်လာတယ်။ ကျနော်မျက်နှာမကောင်းတာကို အဖေမြင်ရုံနဲ့သိပြီး

“သမီးကို သွားခိုင်းလိုက်ပါ။ သူ့ကိုအလုပ်လုပ်ဖို့မှာနေတဲ့သူတွေကို အကြောင်းပြန်သင့်တာပေါ့။ နှာစီးနေရင် ဦးထုပ်ဆောင်းသွားလိုက်ပေါ့ “ဟု အဖေကပြောတယ်။

အမေက ကျနော့်ကိုဘာလိုလဲမေးတယ်။ ကျနော်လိုအပ်သည့် ပိုက်ဆံကိုတောင်း လိုက်တော့ အမေက
၃၀၀၀၀ ထုတ်ပေးပါတယ်။ ပြီးတော့ စစ်ဖြစ်တုန်းက ဘာမှ မဖြစ်ပဲ ကျန်ခဲ့တဲ့ သေတ္တာကြီးကိုဖွင့်ပြီး ဆောင်းဦးထုတ်ရှာပေးတယ်။

ကျနော် ရဲ့ကောက်နေတဲ့ စိတ်ကလေးတွေပြေလာပြီး ကျနော်ဒိုင်ယာရီကို ယူကာ ချရေးမိသည်။

“ကျနော် ဒီနေ့ကစပြီးရှေ့ကိုဘဲ ဆက်တိုးပါမည် နိုဝင်ဘာရောက်တိုင်းလည်း လွင့်မည်”

ပြီးတော့ ကျနော်လိုင်းသုံး ရင်ဘာတွေလုပ်မယ် ဆိုပြီး စာရင်းလည်းလုပ်လိုက်ပါတယ်။

၁။ Mail တစ်စောင်ပို့မယ်။
၂။ Chan ရဲ့အကောင့်ကိုဝင်ကြည့်မယ်။
၃။ သတင်းတွေကို ခေါင်းစဥ်ဖတ်ပြီးအိမ်မါဖက်ဖို့ screen record ယူမယ်။
၄။ Fourth ရဲ့ IG ကိုဝင်ကြည့်မယ်။
၅။ သူငယ်ချင်းတွေကို နုတ်ဆက်မယ်။
၆။ Love at first night ဇာတ်လမ်းကို downloadဆွဲမယ်။

အဲ့ဒီလို စာရင်းလုပ်ပြီး နိုးစက်ကို ၄ နာရီထားကာကျနော်ကြည်နူးစွာအိပ်ပျော်သွားတယ်။

မနက် လေးနာရီမှာ ကျွန်တော်တို့ အဖွဲ့ခြေလျှင်ခရီးစတင်ခဲ့တယ်။
အကယ်တမ်းတောင်ပေါ်တက်ရတော့ မှန်းထားတာထက်ပိုပင်ပန်းပါတယ်။
မိုးမလင်းတတ် လင်းတတ် ဖြစ်နေတဲ့ ပြီး အမှောင်ရိပ်မပျောက်သေးတဲ့အတွက်
တောင်ကြားထဲမှဆင်ရိုင်း တွေ ထွက်လာမှာကိုလည်း စိုးရိမ်ရပါတယ်။

လမ်းပိုင်းကတော့ လွတ်မြောက်နယ်မြေ ဖြစ်နေပြီ မို့လို့ စိတ်ပူစရာမရှိပါ။
အတန်ကြာအောင် တောင်ပေါ်တက်ပြီး တထောက်နားချိန်မှာ
ဝယ်လာတမုန့်ကို အငမ်းမရ စားကြတယ်။

လမ်းမှာ တစ်မြို့နဲ့ တစ်မြို့ကို ဖြတ်ကျော်ပြီး ဆိုက်ကယ်နဲ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဒေါ်တွေဆီက ပဲသီး၄၀၀၀ဖိုးဝယ်တယ်။ တောင်မြောက်ဥ ၄၀၀၀ဖိုးဝယ်တယ်။

ကျွန်တော်တို့ အဖွဲ့
မောပန်းလွန်းလို့လမ်းမှာ အကြိမ်ကြိမ်နားကြရပါတယ်။ မရောက်ဖူးသည့် ကမ္ဘာကိုသွားသည့်အလား ရင်ခုန်မောပန်းစွာတောင်အသွယ်သွယ်ကို ကျော်ဖြတ်ကြရပါတယ်။
တံတားတွေကိုဖြတ်တိုင်း တောင်ကျ စမ်းရေလေးတွေကို ငေးကြည့်ကြရပါတယ်။

တချို့တံတားများတွင်ရေကြည်သဖြင် ငါးရံ့ကြီးများကို မြင်ရ၍ အားပါးတရအညောင်းပြေကြည့်ကြပါသေးတယ်။ ဒီနေရာဟာ စစ်တလင်းဖြစ်ခဲ့တယ်လို့ ဘယ်သူထင်မှာလဲ ။
အဝါရောင်နဲ့ ခရမ်းရောင် တောပန်းလေးတွေဟာ မီးသင့်ထားတဲ့ ကုန်းမြေတွေပေါ်မှာ ဟိုတစ်စု ဒီတစ်စု နဲ့ လှပနေပါတယ်။

ဒီတောင်တက်လမ်းကို ဖြတ်သာဖြစ်လာရပေမယ့် …ဖိနပ်မကောင်းလို့ ခြေထောက်တွေပေါက်လာပြီ။ နီရဲပြီး အရေပြားတွေ စုတ်ကုန်ပြီ။
တချို့လည်း ပင်ပန်းလွန်းလို့ တုတ်ထောက်ပြီး တက်သူက တက်ရသည်။ ချမ်းလှတဲ့ ဆောင်းရာသီမှာ ချွေးပြန်အောင် တစ်လှမ်းပြီးတစ်လှမ်းလျှောက်ကြရပါတယ်။

ကျွန်တော်တို့ အင်တာနက်လိုင်းသုံးမယ့် ရွာကို လှမ်းမြင်နေရပါပြီ။
တစ်နှစ်လုံးစစ်ဒဏ်သင့်နေသည့် စိတ်ဒဏ်ရာများပြေလျော့လာသလိုခံစားလာရတယ်။ ကျွန်တော်တို့က ကမ္ဘာ့အပြင်ဘက်က စစ်ပွဲဇုံတွင်းပိတ်မိနေတဲ့ လူသားတွေ ဖြစ်ခဲ့တယ်။
ကမ္ဘာကြီးနဲ့ အဆက်သွယ်ပြန်လုပ်ရတော့မယ် ဆိုတဲ့ စိတ်နဲ့ ခြေလှမ်းတွေ ပိုမြန်လာခဲ့ပါတယ်။

“ငါတို့ ခရီးနီးလာပြီ
ရောက်လိုက
သွားဖို့သာလိုသည်
ငါတို့ပန်းတိုင်ကို
ငါတို့ရောက်ကို ရောက်ရမည် “

ဒိုင်ရှင် ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *