မေး – ညီမအနေနဲ့ ဘူးသီးတောင်က အိမ်ကို ဘာကြောင့်စွန့်ခွါခဲ့ရလဲ ဘယ်လို အန္တာရယ်တွေ တွေ့
ကြုံခဲ့ရလဲ ပြောပြပါအုံး
ဖြေ – ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့မိသားစုက ဘူးသီးတောင်ကနေ ထွက်လာဖို့
ရည်ရွယ်ချက် မရှိဘူး။ အစီအစဥ်မရှိဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်လာလဲဆိုရင်တော့
ဖေဖော်ဝါရီလောက်ကတည်းက လူတွေက မြို့ပေါ်ကနေ တဖြည်းဖြည်းနဲ့ စွန့်ခွာလာကြတယ်။
ဥပမာ ရသေ့တောင်က ဆွေမျိုးနီးစပ်ရွာတွေကို သွားတာတို့၊ ရန်ကုန်၊ မန္တလေးဘက်ကို
သွားတာတို့ အဲလို ပိုရှိလာတယ်။ အဲတော့ တဖြည်းဖြည်းနဲ့ ကျနော်တို့ ဆုံးဖြတ်ချလိုက်တာ။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့လမ်းထဲမှာ အိမ်ခြေက ၃၀ လောက် ရှိတယ်။
ကျနော်တို့မိသားစုနဲ့ ကျန်မိသားစု ၂ စု လောက်ပဲကျန်တော့တယ်။ ကျနော်တို့ ထွက်လာတာက
မတ် အလယ်လောက်ဖြစ်မယ်။ ၁၅၊ ၁၆ လောက် ကျနော်တို့ ထွက်လာခဲ့တာပါ။ အဲဒီမတိုင်ခင်မှာ
လူတွေက ၂ မိသားစုလောက် ထွက်သွားလိုက်၊ ၃ မိသားစုလောက် ထွက်သွားလိုက်
ထွက်သွားနေကြတာ။ ကိုယ့်လမ်းထဲမှာ လူက မရှိတော့ဘူး။
တစ်ဖြည်းဖြည်းနဲ့ ဘာကြားလာရလဲဆိုတော့ မြို့ရဲ့အစွန်ရပ်ကွက်တွေ။ အဲဒီနေရာတွေမှာ
ခိုးဆိုးတာတို့၊ အိမ်ဖောက်တာတို့၊ ပြီးတဲ့အခါကျရင် ဘေးအိမ်ကိုခိုးနေတာကို
အိမ်ဖောက်နေတာကို မြင်ရပြီးရင် ဘေးအိမ်က သွားတားချိန်မှာ နင်တို့နဲ့မဆိုင်ရင်
အေးဆေးနေတို့၊ အဲလိုမျိုး လှမ်းပြောတာတွေ ကျနော်တို့ ကြားရတာရှိတယ်။ ရွာမမှာဆိုလို့ရှိရင်
ဒီမီးလောင်မှု ဖြစ်တယ်ဆိုတာမျိုး ကျနော်တို့ ကြားရတယ်ပေါ့။ အဝေးကနေ လှမ်းပစ်တယ်။
ဘယ်ဖက်ကနေ လှမ်းပစ်တယ်ဆိုတာကတော့ ကျနော်တို့ အတိအကျတော့ မသိဘူး။
အဲလိုကြားပြီးတော့ အိမ် ၃-၄ အိမ်လောက် မီးလောင်တယ်ဆိုတာ ကြားရတယ်။
ဒီလိုကြားလာရတော့ တဖြည်းဖြည်းနဲ့ ကျနော်တို့လမ်းမှာ လူမရှိတော့ဘူး။ အိမ်တွေဘာတွေ
ဖောက်လာတဲ့အခါကျရင် ကျနော်တို့ အသက်အန္တရာယ်ရှိလာမှာလား။ သိုမဟုတ် ဘေးနားမှာ
ကူညီဖို့ လူလုံးဝမရှိတဲ့အခါကျရင် ကျနော်တို့ တစ်မိသားစုထဲနဲ့ လမ်းမှာ ဘယ်လိုနေမလဲပေါ့။
စဥ်စားပြီးတော့ ကျနော်တို့ ထွက်ဖို့စဥ်းစားတာပေါ့။ နောက်တစ်ခုကတော့ ကျနော့်အဖေက
နေမကောင်ဘူး။
အမြဲတမ်း ရေရှည် ဆေးစွဲသောက်နေရတဲ့လူနာလို့ ပြောလို့ရတယ်။ ကျနော်အဖေက ဆီချို
(မက်ဖော်မင်း) ရိုးရိုးသောက်တာတောင်မှ တစ်မြို့နယ်လုံးမှာ ကျနော်မလာခင်ရှာတာကို
တစ်မြို့လုံးမှာမှ ဆေးကဒ်က ၇ ကဒ်ပဲ ရခဲ့တယ်။ အဲတော့ ကျနော့်အဖေက တစ်ရက်မှာ ဆေး ၄
လုံးလောက် သောက်ရတဲ့လူဆိုတော့ တစ်ကဒ်မှာ ၁၀ လုံး ပါလို့ရှိရင် ဒီ ၇ ကဒ် နောက်
ဘယ်ဆိုင်မှာ ရှိမလဲဆိုတာမျိုးကို ကျနော်က ရှာရတော့တယ်။ ဒါတောင် ဒီတစ်မျိုးထဲကို
ပြောတာ။ အခြားဆေးတွေ လိုလာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲပေါ့နော်။ အဲဆေးဝါးနဲ့
ပတ်သက်တာတွေကို ကျနော် ခက်ခဲနေပြီပေါ့နော်။ အဲလို အခြေအနေဖြစ်လာတဲ့အခါကျတော့
အဲဒါက ကျနော့်မိသားစုကို စိုးရိမ်တာတစ်ခုလည်း ပါတယ်ပေါ့။
နောက် အရေးပေါ်ဆိုလို့ရှိရင် ဘူးသီးတောင်မှာ ထွက်ပေါက်က မရှိတော့ဘူး။ အခု ကျနော်တို့
လာတာတောင်မှ တရားမဝှင်လမ်းကြောင်းကနေလာတာ။ ကိုယ့်လမ်းကြောင်းကို ကိုယ်ထွင်ပြီး
လာကြတဲ့သဘောပေါ့။ အဲတော့ အရေးပေါ်သာဖြစ်မယ်ဆိုရင် စစ်တွေကို
သွားရတော့မယ်ဖြစ်ဖြစ်၊ တစ်ခုခုကို သွားရတော့မယ်ဖြစ်ဖြစ် ကျနော်တို့ ဘယ်လမ်းကနေ
ထွက်ကျမလဲပေါ့။ မြို့ပေါ်မှာ လူနည်းနေတာရယ်၊ လမ်းကြောင်းတွေ မရှိတာရယ်။ အဲဒါတွေကို
ကျနော်တို့ စဥ်းစားပြီးတော့မှ အခုလောလောဆယ် ထွက်လို့ရတယ်လို့တော့မဟုတ်ဘူး။
ဒါပေမယ့် အန္တရာယ်ကင်းတယ်ရယ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် လမ်းမှာ အန္တရာယ်ရှိပေမယ့်
လောလောဆယ် တရားမဝင်လမ်းကြောင်း ငါတို့ရှာလို့ရသေးတယ်ပေါ့နော်။
အသက်အန္တရာယ်ကင်းအောင် ငါတို့ သွားနိုင်ရင်တော့ လွတ်သွားမယ်ပေါ့။ ပိတ်မိနေမယ့်အစား
အရဲစွန့်ပြီးတော့ လာခဲ့ရတာပေါ့။ အဲလို နောက်ဆုံးကျ ရွေးခယ်ပြီးတော့ ဒီ ရန်ကုန်ဘက်ကို
ရောက်လာတာပေါ့။
မေး – ညီမတို့အိမ်က မီးရှို့ခံရလား။
ဖြေ – ကျနော်တို့က မီးလောင်တဲ့အထဲပါသွားပြီဆိုတာ သိရတယ်။ သိရတာက
ဘယ်မှာလဲဆိုတော့ ကျနော်တို့ သင်္ကြန်အပြီးပေါ့ ကျနော်တို့ စပြီးသိရတာ။
သင်္ကြန်အပြီးလောက်မှာ ဘူးသီးတောင်မှာ မီးလောင်မှုတွေ ဖြစ်နေပြီဆိုတာ
သတင်းကြားရတယ်။
ကျနော်သိရတာ အိမ်ပါသွားတာဟာ ဧပြီ ၁၆၊ ၁၇ လောက်ပေါ့နော်။ အဲလောက်မှာ ကျနော်က
သိရတာ။ ကျနော်တို့အိမ်ကထွက်လာပြီး တစ်လအကြာမှာ သိရတာပါ။ အခုလောလောဆယ်
ကျနော့်မိဘတွေကို တိတိကျကျ ဘာမှ မပြောထားသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့
စိတ်မကောင်း ဖြစ်မှာရယ်၊ နေရာသစ်မှာ အထိုင်မကျသေးတဲ့အချိန်မှာ သူတို့ စိတ်ပိုပြီး
ထိခိုက်မလားပေါ့။ စဥ်းစားပြီးတော့ ကျနော် မိဘတွေကို အတိအကျ မပြောထားဘူး။ ဒါပေမယ့်
သေချာတာတစ်ခုကတော့ ကျနော် သိရသလောက်ကတော့ ကျနော်တို့အိမ်လည်း
ပါတယ်ပေါ့နော်။ အဲဒါတော့ ကျနော်တို့ အတိအကျသိရတယ်။
ကျနော်တို့မှာ ဘယ်လိုမှ ဆက်သွယ်ရမယ့် နည်းလမ်းတွေ မရှိတော့ဘူး။ ကျနော့်ရုံးရှိတယ်။
ကျနော်တို့ရုံးက အကိုတွေ အမတွေက လှမ်းပြီးတော့ ပြောတာ၊ ဘယ်လိုပြောလဲဆိုရင် နင်တို့အိမ်
ပါသွားတာကြားရတဲ့အတွက် စိတ်မကောင်းပါဘူးဆိုပြီးတော့မှ သူတို့က လှမ်းပြီးတော့
ပြောတာ။ ကျနော်တို့လည်း အစောကြီးကတည်းက ထွက်မလာခင်ကတည်းက လူကြီးတွေက
မိဘတွေရော အမြဲတမ်းပြောဖြစ်တယ်။ ငါတို့မြိုမှာ လူကတော့ လုံဝမရှိလို့တော့ မဖြစ်ဘူး။
အနည်းဆုံးတော့ အိမ်တိုင်းစေ့မှာ တစ်ယောက် နှစ်ယောက်တော့ ကျန်ခဲ့သင့်တယ်ပေါ့နော်။
တကယ်လို့ ထွက်မယ်ဆိုရင်တောင်မှ တကယ်လို့ လူလုံးဝမရှိဘူးဆိုလို့ရှိရင် မြို့က
မီးရှို့ခံရဖို့များတယ်ဆိုပြီးတော့မှ အများအားဖြင့် ကျနော်တို့ အဖေအပါအဝင်
လူကြီးတွေကလည်း ပြောကြတယ်။ ကျနော်တို့လာခါနီး အဖေ့ကိုလည်း မနည်းခေါ်လာရတယ်။
သူကျန်ချင်တယ်။ သူ့အိမ်အတွက်ဆိုပြီးတော့ပေါ့။ ကျနော်တို့ မိသားစုထဲမှာလည်း နည်းနည်း
ကတောက်ကဆ ဖြစ်ကြသေးတယ်။ ထွက်ဖို့၊ မထွက်ဖို့ အဲကိစ္စနဲ့ ပတ်သက်ပြီးတော့
ရအောင်တော့ခေါ်လာနိုင်ခဲ့တယ်။
မေး – မီးမရှို့ခင်မှာ ကြိုတင်သိတာမျိုးရှိလား။
ဖြေ – ကျနော် သိရသလောက်တော့ ထွက်လာတဲ့အထိ အရိပ်အယောင်တော့ မမြင်ရဘူး။
တစ်ခုရှိတာကတော့ ကျနော်တို့ မထွက်လာခင်ကတည်းက သူတို့တွေ ညဘက်တွေ
ဧည့်စာရင်းဝင်စစ်တာတို့၊ ဘာတို့လုပ်တယ်။ လုပ်တဲ့အချိန်တုန်းကတော့ တစ်ချို့ရပ်ကွက်တွေမှာ
၅ ရပ်ကွက်ပေါ့ အဲဒီကို ဝင်စစ်တဲ့အခါကျရင် စစ်သားတွေပါတယ်တို့ ပြီးတဲ့အခါကျရင် အင်အား
၅၀၊ ၆၀ လောက်နဲ့ လာတယ်ပေါ့။ အမှောင်ရိပ်ထဲမှာ သူတို့ရပ်စောင့်နေပြီးတော့
လမ်းသွားလမ်းလာတွေကို လှမ်းခေါ်ပြီးတော့ စစ်တာတို့၊ ဖမ်းခေါ်တာတို့
အဲလိုရှိတယ်ဆိုတဲ့ဟာမျိုး ကျနော်တို့က ကြားရတယ်။ မီးရှို့မယ် မရှို့ဘူးဆိုတာတော့ ကျနော်တို့
မမျှော်လင့်ဘူး။ ဒါပေမယ့် တစ်ချို့ အရင်တုန်းက အရေးအခင်းဖြစ်ခဲ့တဲ့ အတိတ်တွေရှိခဲ့တယ်။
ဥပမာ ၂၀၁၂၊ ၂၀၁၇၊ ၂၀၁၈ ဒါမျိုးပေါ့ အဲဆို များသောအားဖြင့် ဘယ်လိုဖြစ်လဲဆိုတော့
လူတွေကလေ ပြေစမှတ်ပြုတာက ဘယ်လိုမျိုးလဲဆိုရင် တကယ်လို့ မူဆလင်တွေသာ
လက်နက်တွေလည်း ကိုင်ရတယ်ဆိုလို့ရှိရင် သူတို့က မီးတော့ ရှို့မှာပဲဆိုတဲ့ဟာမျိုးပေါ့ သို့မဟုတ်
အခုအစိုးရ လက်ရှိ တပ်မတော်ပေါ့နော် ဒီစစ်တပ်ကဆိုလို့ရှိရင်တော့ ရွာကိုမီးရှို့တာကတော့
သူတို့ရဲ့ လုပ်ထုံးလုပ်နည်းလို ဖြစ်နေတာပဲဆိုတဲ့ ဟာမျိုးကတော့ ရွာမှာအမြဲ ကျနော်တို့က
မထွက်လာခင်အချိန်အထိ ကျနော်တို့က ကြားနေရတာတော့ ရှိတယ်။ အဲတော့
ဘယ်လိုပြောရမလဲ ကိုယ့်အိမ်တော့ ပါမယ်လို့ မမျှော်လင့်ထားခဲ့ဘူးဆိုပေမယ့် ရွာမှာတော့ မီးရှို့ဖို့
ပြူလိမ့်မယ်လို့ သူတို့က ပြောစမှတ်ပြုနေကြတယ်။ အဲတော့ ကျနော်တို့က စိတ်ထဲမှာတော့
တစ်ရာရာခိုင်နှုန်းတော့ မမျှော်လင့်ထားဘူး။ တစ်ဆယ်ရာခိုင်နှုန်း၊
နှစ်ဆယ်ရာခိုင်နှုန်းလောက်တော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုတာတော့ စိတ်ထဲမှာ ရှိတယ်ပေါ့။
မေး – ၂၀၂၄ မတိုင်ခင်မှာ ရခိုင်တွေနဲ့ မူဆလင်တွေ ဆက်ဆံရေး ပြန်ကောင်းမွန်လာတယ်
ပြောလို့ရတာပေါ့။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ – ကျနော်မြင်ရသလောက်ကတော့ ခက်ခဲတယ်ပေါ့။ ၂၀၁၂ နဲ့ ၂၀၁၇ ကြားမှာ
ဖြစ်သွားတာတွေကျတော့ ရှိရင်းလူတွေမှာ တဖြည်းဖြည်းနဲ့တော့ ဘယ်လိုပြေမလဲ
တစ်ဖက်နဲ့တစ်ဖက်က ကင်းကင်းကွာကွာ ဖြစ်သွားတာတော့ ဟုတ်တယ်။ ကျနော်နေခဲ့တဲ့
အချိန်တုန်းကတော့ ပိုပြီး ရင်းရင်းနှီးနှီး ရှိကြတယ်။ ပြဿနာဖြစ်ပြီးနောက်ပိုင်း ၂၀၁၈၊ ၁၉၊ ၂၀
တစ်ဖြည်းဖြည်းနဲ့တော့ အဖွဲ့အစည်းတွေက အလုပ်လုပ်တယ်။ ပြင်ပအဖွဲ့အစည်းတွေကလည်း
သူတို့ကို အသိပညာပေး အစီအစဥ်တွေလုပ်တယ်။ အဲလိုမျိုးကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့
စီးပွားရေးကြောင့်ပဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့တော့ ပြဿနာဖြစ်ခဲ့တဲ့ အရှိန်ရှိခဲ့တာကိုး။
ပြဿနာလျော့လာတာနဲ့အမျှ ဘူးသီးတောင်ရဲ့ အနေအထားက ဘာဖြစ်လာသလဲဆိုတော့
နှစ်ဖက်မပတ်သက်လို့မရဘူး။ စိတ်ထဲမှာ ဘယ်လိုပဲ ရှိနေ၊ ရှိနေ ကျနော်တို့က ခန့်မှန်းလို့တော့
မရဘူး။ တစ်ခုရှိတာက ဘာလဲဆိုရင် စီးပွားရေးအရသော်လည်းကောင်း
ပညာရေးအရသော်လည်းကောင်း လူမှုရေးအရသော်လည်းကောင်း အခြား ကဏတွေအတွက်ပဲ
ဖြစ်ဖြစ်ပေါ့ တစ်ဖက်နဲ့တစ်ဖက်က လုံးဝမပတ်သက်ပဲနေမယ်ဆိုတာမျိုးက လုံးဝလုပ်လို့မရဘူး။
ဘာလို့ဆိုတော့ ကျနော်တို့က နဂိုကတည်းကကိုက လူတွေရှိနေတာကိုး။ လူတွေရှိနေသမျှ
သီသန့်နေမယ်။ မင်းတို့လည်း သီးသန့်နေမယ် ဆိုတာမျိုးက လုပ်လို့မရ။ အထူးသဖြင့် စျေးတွေ
ဘာတွေ သွားဖို့လိုအပ်တဲ့နေရာတွေ စျေးပေါ့နော် စျေးဆိုလို့ရှိရင် မူဆလင်ဆိုင်လည်းရှိတယ်။
ရခိုင်ဆိုင်လည်းရှိတယ်။ ဘေးချင်းကပ်ရပ်လည်းရှိတယ်။ အတူတူရောင်းနေတာလည်း ရှိတယ်။
သူ့ဆီမှာ မရှတဲ့ပစ္စည်း ရခိုင်ဆိုင်မှာ ရောင်းတာရှိမယ်။
ရခိုင်ဆိုင်မှာမရှိတဲ့ပစ္စည်း သူတို့ဆီမှာရှိမယ်။ တစ်ခုမဟုတ် တစ်ခုကတော့
ပတ်သက်ဆက်နွယ်နေရမယ်။ အဲလိုအနေအထားတော့ ကျနော်တို့မှာ ရှိတယ်။ အဲတော့
ဘယ်လိုပြောမလဲ သူတို့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်က
ဆက်သွယ်နေကြတာလား၊ သို့မဟုတ် လိုအပ်လို့ပဲ ဆက်ဆံနေကြတာလား ဆိတာ
လူတိုင်းရဲ့စိတ်ထဲမှာ ဘာရှိနေလဲဆိုတာတော့ မသိနိုင်ဘူးလေ။
ဒါပေမယ့် ဒီကြားထဲမှာကတော့ ၂၀၁၇၊ ၁၈ လောက်တုန်းကဆိုလို့ရှိရင်တော့ မူဆလင်က
ရခိုင်ဆိုင်မှာ မဝယ်ဘူး။ ရခိုင်က မူဆလင်ဆိုင်မှာ မဝယ်ဘူး။ ဘာတို့ ရှိခဲ့ဖူးပေမယ့်
တဖြည်းဖြည်းနဲ့ လိုအပ်ချက်အရသော်လည်းကောင်း သူတို့ရဲ့စိတ်ကပဲ တကယ်
အပြုသဘောပဲဆောင်လာသလား ဘာလားတော့ မပြောတတ်ဘူး။ ကြားထဲမှာတော့ ဒီ ၂၀၂၄
မဖြစ်ခင်ကာလအထိ ၂၀၂၃ အစောပိုင်းအထိလောက်တော့ ပတ်သက်ဆက်နွယ်မှုကတော့
၂၀၁၇၊ ၁၈ ထပ်စာရင် ပိုမိုကောင်းမွန်ပါတယ်။ ဒါပေမယ့် အခုကတော့ ပြန်ပြီးတော့
ပြတ်သွားပြီးလားဆိုတာတောင်မှ ကျနော်တို့လည်း မသိဘူး။ အဲလိုတော့ ဖြစ်နေတယ်။
မေး – တကယ်လို့များ ဘူးသီးတောင်မြို့ကို AA ထိမ်းချုပ်ပြီးသွားလို့
ပြန်လည်နေရာချထားတဲ့အခါ နေအိမ်တွေ မီးလောင်ခံရတဲ့ ဒေသခံတွေနဲ့ မီးရှို့ပါတယ်လို့
စွက်စွဲခံရတဲ့ ရိုဟင်ဂျာတွေ ကြားထဲမှာ တဖက်နဲ့ တစ်ဖက် အမုန်းတရားတွေ ဖြစ်လာနိုင်လား
ဖြေ – ကျနော်ထင်တာ သေချာတာတစ်ခုကတော့ ပတ်သက်ဆက်နွှယ်ဖို့အတွက်
ဒီအခြေအနေအရဆိုရင် တော်တော် ခက်ခဲနေအုန်းမယ်။
တကယ်လို့သာ ရခိုင်တွေ ဝင်လို့ရခဲ့ပြီ၊ ပြန်အခြေချခွင့်ရခဲ့ပြီဆိုရင် ပြန်ပြီးတော့မှ ကိုယ့်အိမ်
ကိုယ့်ရွာ ပြန်လုပ်တယ်ဆိုလို့ရှိရင် အရင်တုန်းက ပြီးခဲ့တဲ့ အနေအထားထပ် ပိုပြီးတော့မှ
တစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာ ပိုပြီးတော့ များမယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ အခုက
အိမ်ဖောက်တဲ့ဟာမှာလည်းဗွီဒီယိုဖိုင်တွေရှိတယ် များသောအားဖြင့် မူဆလင်တွေ
ကလေးတွေကအစ ပါတဲ့ဟာတွေရှိတယ်။
ပြီးတော့ ဆန္ဒပြတဲ့ အေအေအလိုမရှိ ဘာညာနဲ့ ဆန္ဒပြတဲ့အထဲမှာလည်း မူဆလင်တွေက
ဦးဆောင်ပြီးတော့ လုပ်ကြတာဖြစ်တယ်။ ပြယုတ်ဖြစ်နေတယ်။ နောက်ကွယ်မှာ
ဘယ်သူကြိုးကိုင်လဲ မကိုင်ဘူးဆိုတာက ကျနော်တို့လည်း မမြင်ရဘူး။ ဒါပေမယ့် ရှေ့မှာ
မြင်နေရတာက သူတို့တွေ ဖြစ်နေတော့ သူတို့က သူတို့ဆန္ဒကြောင့်လုပ်တာလား၊
ဘာကြောင့်လုပ်တာလဲ ဆိုတာမျိုး ကျနော်တို့က မသိနိုင်ဘူး။ နောက်တစ်ခုကျတော့
ဆိုရှယ်မီဒီယာပေါ်မှာ လောလောဆယ် မြင်နေရတာက အဖမ်းခံရရင်တောင် ဒီကောင်တွေက
ညဏ်မရှိဘူးလား၊ ဒီလောက်တုန်းရလားပေါ့၊ ဦးဏှောက်မရှိဘူးလားပေါ့ များသောအားဖြင့်
လူတွေက အဲလိုသုံးနှုန်းတာ ဆိုရှယ်မီဒီယာမှာ ဖြစ်နေတဲ့အတွက် ကြားထဲမှာ အရမ်း
အမုန်းတရားက ပြင်းထန်မှု များနေတယ်လို့ မြင်တယ်ပေါ့နော်။
ကျနော့်ဘက်ကတော့ တကယ်လို့သာ ရခိုင်တွေ ပြန်ဝင်ခွင့်သာရခဲ့မယ်ဆိုရင်
ဒီမူဆလင်တွေအတွက်ကတော့ အခြေအနေမကောင်းဘူးတို့ ဘာတို့ပေါ့ အထူးသဖြင့်
အာရက္ခတပ်တော်ဆိုတာကလည်း ရခိုင်ဖြစ်တယ်ပေါ့လေ သူတို့ကလည်း
အပြစ်ကျူးလွန်တဲ့သူတွေကို တကယ်ထိထိရောက်ရောက် အပြစ်ပေး
အရေးယူပေးပါ့မယ်လို့လည်း ပြောထားတယ်။ ကြေညာထားတယ်။ ထုတ်ပြန်ချက်တွေလည်း
ရှိတယ်ဆိုတော့ အခြေအနေကတော့ တော်တော်တင်းမာအုန်းမယ်ထင်တယ်။ ဒါပေမယ့်
ဘယ်လိုပြောမလဲ အဲဒီထဲမှာမှ အဆင်ပြေ ချောမွေ့သူလည်း ရှိရင်ရှိမှာပေါ့လေ။
များသောအားဖြင့်တော့ အဆင်ပြေမယ် မထင်လောက်ဘူး။ အေအေက
ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုရင်တော့ ကျနော်တွေးကြည့်မိနေပါတယ် ဒီကြားထဲမှာ
အဆင်မပြေလောက်ဘူးထင်တယ်။ တော်တော်လေး ကြိုးစားရအုန်းမယ်။ တစ်ယောက်နဲ့
တစ်ယောက်က။
မေး – ညီမက ဒီဒေသမှာ နှစ်ဖက်အဖွဲ့အစည်းနှစ်ခုကြားမှာ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးနဲ့
ပတ်သက်ပြီး အသိပညာပေးမှုတွေ အချိန်အကြာကြီးလုပ်ခဲ့ဖူးသူလည်းဖြစ်တော့ ဒီလိုမျိုး
တကျော့ပြန် တင်းမာလာတဲ့ အခြေအနေကို ကြုံတွေ့ရတဲ့အခါ ဘယ်လို အကောင်းဆုံးရှေ့ဆက်ဖို့
စဉ်းစားမိလဲ။
ဖြေ – အထူးသဖြင့် လူတွေရဲ့စိတ်ကို ပြင်ရမှာပေါ့လေ။ ဥပမာ နဂိုကတည်းက
ပွင့်ပွင့်လင်းလင်းရှိရမယ်။ ဒီဘက်ကလူလည်း ကိုယ်ဖြစ်ရင် ကိုယ်စိတ်တိုမှာပဲ၊ ကျနော်ဆိုရင်
လူမှုရေးအလုပ်တွေလုပ်တဲ့သူတောင်မှနော် ကိုယ့်အိမ်ထိခိုက်တဲ့အခါ အနည်းနဲ့အများတော့
ကျနော်လည်း ဒေါသထွက်တယ်လေ။ ငါက ဒီလိုမျိုး အများကြီးလုပ်ပေးခဲ့တာ။
လူငယ်တွေအတွက် အသိပညာပေးတွေနဲ့ အချိန်ကုန်ခဲ့တာ။ ဆယ်စုနှစ်လုံးလုံးလောက်ရှိပြီ။
အများသောအားဖြင့် ရခိုင်ရဲ့မြောက်ပိုင်းမှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမှာရော
အခြားသောမြို့နယ်တွေမှာရောလေ အထူးသဖြင့် ဒီမြောက်ပိုင်းဒေသတွေမှာ
ဆယ်နှစ်လောက်နီးပါးကို အဲဒါတွေနဲ့ ရင်းနှီးမြှုပ်နှံထားတာ။ အဲဒီလိုဆိုတော့ ငါတို့လုပ်ခဲ့တာ
ဘာမှမဟုတ်ဘူးလားဆိုတဲ့ဟာမျိုး ပိုပြီးတော့ ခံစားရတယ်။ နောက်ပြီးတော့
တစ်ချို့လူတွေပြောတာက ဘယ်လိုမျိုးလဲဆိုတော့ အခုဒီမီးရှို့တဲ့ အထဲမှာပေါ့နော်
ကျနော်တို့နဲ့အတူတူ လူငယ်အဖွဲ့အစည်းမှာ အလုပ်လုပ်ခဲ့တဲ့ လူငယ်တွေပါလာတယ်။
ကျနော်တို့နဲ့ သင်တန်းအတူတူ တက်ခဲ့တာလည်းကောင်း၊ ပရဟိတလုပ်ခဲ့တာလည်းကောင်း
သူတို့တွေတောင် ပါတယ်ဆိုတာ သတင်းကြားရတဲ့အခါကျရင် နည်းနည်းတော့ ခံပြင်းတယ်ကွာ။
အနည်းဆုံး ဘာမှမသိတဲ့လူတွေလုပ်ဖြစ်ရင်တောင်မှ ကျနော်တို့ နည်းနည်းခံသာအုန်းမယ်။
ကျနော်တို့ ဒီကလေးတွေပါနေတယ်ဆိုတော့ ကျနော်တို့ စိတ်မကောင်းဘူး။ တစ်ချို့တွေက
တစ်ကယ်မျက်မြင်ပဲလား၊ ဓာတ်ပုံ မှတ်တမ်းတင်ထားသူလည်းရှိမှာပေါ့လေ ဓာတ်ပုံထဲမှာ
ကျနော့်ဆီက လူငယ်လေးတွေ ပါနေတယ်။
ဒီအသိုင်းအဝန်းကလူတွေ ပါနေတဲ့အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်ရတယ်။ ဆိုတော့
ဘာတွေလုပ်သင့်လဲဆိုတာကို ကျနော်တို့ မသိဘူး။
မပြောတတ်တော့ဘူး။ တစ်ခုရှိတာက လူတွေရဲ့စိတ်ကိုတော့
နည်းနည်းပြင်ဆင်သင့်တယ်လို့ထင်တယ်။
လူတိုင်းက ကိုယ့်ကိုကိုယ့်ပဲ တာဝန်ယူရမှာပေါ့။ ကျနော်ဆိုလည်း ဒေါသထွက်တယ်။
ကျနော့်စိတ်ကို ကျနော်ထိန်းလိုက်တယ်။ ပြန်လည်ပြင်ဆင်ဖို့အတွက် သူတို့တွေကို
အသိပညာပေးတာတွေ ဘာညာတော့ လုပ်သင့်တယ်ပြောတာက လွယ်တယ်ကွာ။ လက်တွေ့က
ဆယ်စုနှစ်လောက် အဲ့ လို လုပ်ခဲ့ပေမယ့် တကယ် ပဋိပက္ခကြားထားရောက်တဲ့ အခါ ဒုံရင်း က
ဒုံရင်းပဲ လို့ ခံစားရတယ်။
ကျနော်လို ဆယ်စုနှစ်လောက် လုပ်လာတဲ့လူတောင် အဲ့ လို ခံစားရတယ်။အခြားသူဆို
စဥ်းစားကြည့်လေ အခုကျတော့လည်း တကယ်ပြဿနာဖြစ်တဲ့အခါကျတော့လည်း ကျနော် နဲ့
အလုပ်လုပ်ခဲ့တဲ့သူတို့ တွေ ကိုယ်တိုင်က ဒုံရင်းက ဒုံရင်းပုံစံဖြစ်သွားတာပဲ။
ဒါမှမဟုတ် အကြမ်းဖက်တာကိုပဲ စိတ်ဝင်စားတာလား သို့မဟုတ် တစ်ခုခုကိုပဲ
မဆင်ခြင်နိုင်တာလား အသံက လူတစ်ယောက်ချင်းကနေ တဖြည်းဖြည်းနဲ့ များလာတော့
အသိုင်အဝန်းလိုက်ကြီးဖြစ်သွားတဲ့အခါကျတော့ ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။
ဘာလုပ်ရမလဲဆိုတာမျိုး သူတို့ကို အစကနေပြန်ပြီး awareness တွေ ပြန်လုပ်
လုပ်ပြီးပြီးတဲ့အခါကျရင် နောက် တစ်ယောက်က ကြိုးကိုင်လိုက်တိုင်း အဲလို ပြန်ဖြစ်
ပြီးရင် နိုင်ငံတကာက ဟိုဘက်လည်းမဟုတ် ဒီဘက်လည်းမဟုတ် ထိုးနှက်ကျ ပြီးရင်
သတင်းမီဒီယာတွေက အမျိုးမျိုး တစ်ဖက်စောင်းနင်းရေးကျ အဲလိုဖြစ်တဲ့အခါကျရင်
ကျနော်တို့က ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ အဲလိုမျိုးဖြစ်နေတယ်။ ကျနော်လည်း အခု
alarm တော်တော်ဖြစ်နေတယ်။
မေး – ဒီစစ်ပွဲအတွင်းမှာ စစ်ကောင်စီ က နှစ်ဖက်လူ့ အဖွဲ့အစည်းကို လူမျိုးရေးမှိုင်းတိုက်ပြီး
အမြတ်ထုတ်နေတယ် ပေါ့ဗျာ။ ဒါအပြင် သူတို့ ကိုယ်တိုင်လည်း ဘူးသီးတောင်မြို့ပတ်လည်
ကတံတားတွေကို ချိုးပြီး မြို့ကို ဖျက်ဆီးနေတဲ့ အနေ အထားမျိုး ပေါ့ ညီမ အနေနဲ့ ကော ဒ့ါကို
ဘယ်လိုမြင်လဲ။
ဖြေ – ကျနော်ထင်တာကတော့ အရင်တုန်းကဆိုရင် လောလောဆယ် အဲဒီတံတား
ကျနော်တို့အတွက် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို တံတားထိုးပေးထားတာပေါ့လေ။
အဲလမ်းကသွားလို့ရှိရင် ရသေ့တောင်ကို တန်းလို့ရောက်တယ်။ စစ်ကောင်စီက
ဘာကြောင့်ချိုးလဲဆိုတာကတော့ ကျနော်တို့လည်း မသိဘူး ဒါပေမယ့် သေချာတာတစ်ခုကတော့
သူတို့နဲ့ အေအေ နဲ့ စစ်ဖြစ်တဲ့နေရာကကျတော့ အဲဘက်ကမ်းကနေ aa က
စတိုက်ပြီးတိုက်လာတာကိုး တဖြည်းဖြည်းနဲ့ တိုက်လာ တိုက်လာနဲ့ ဖြစ်တဲ့အတွက် သေချာတာက
ပြီးတော့ အဲတံတားပြီးရင် မြို့ထဲ . မြို့ထဲပြီးလို့ရှိရင် တပ်ရဲ့ဧရိယာပေါ့
မောင်တောဘက်ကို သွားတဲ့လမ်းပေါ့နော် အဲဘက်ကို ဆက်သွားလို့ရှိရင်တော့ တပ်ဧရိယာတွေ
တောက်လျောက်ကို ဖြစ်သွားပြီ။
အဲလိုမျိုးဖြစ်တဲ့အတွက် သူတို့ မြို့ပေါ်ကို နေရာမယူစေချင်တာလား ဒါမျိုးလည်း
ဖြစ်ကောင်းဖြစ်နိုင်တယ် လူစုခွဲလိုက်တဲ့ သဘောလည်း ဖြစ်နိုင်တယ်။ ဥပမာ အေအေ က
ဒီဘက်ရွာဘက်မှာတိုက်တဲ့တစ်စုရှိမယ် မြို့ထဲမှာ လူတစ်စုရှိနေလိမ့်မယ် ဆိုတော့
တံတားရှိနေလို့ရှိရင် ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးနေလိမ့်မယ် ဟိုဘက်မှာ သိမ်းပြီးသွားလို့ရှိရင်
မြို့ပေါ်မှာ အင်အားလာပေါင်းလိမ့်မယ်. ဒါမျိုးတွေကို စိတ်ပူလို့လည်း သူတို့တွေ
လုပ်ကောင်းလုပ်တာလည်း ဖြစ်နိုင်တယ်။ အဲတော့ စစ်ရေးအရဆိုတော့ ကျနော်လည်း
အတိအကျတော့ မပြောတတ်ဘူး။
မေး – စစ်အာဏာရှင် တော်လှန်ရေး ရခိုင်ပြည်နယ် လွတ်မြောက်ရေး အောင်မြင်ခဲ့ ပြီဆိုပါစို့
ရခိုင်ပြည်နယ် မှာ လူမျိုးရေး ပဋိပက္ခတွေ ထပ်မရှိအောင် ဘယ်လို လုပ်သင့်တယ်ထင်လဲ။
ဖြေ – ကျတော်က ပြောချင်တာက ဘာလဲဆိုလို့ရှိရင် ဒီသတင်းကို မူဆလင်အပါအဝင် အခြား
ရခိုင်မှာနေတဲ့သူတွေ ကြားခဲ့တယ်ဆိုလို့ရှိရင် ကျနော်ထင်တာက တစ်ယောက်ယောက်က
ကြိုးကိုင်တယ်ဆိုရင်တောင်မှ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ဟာနဲ့ကိုယ်
သေချာဆုံးဖြတ်စေချင်တယ်။
မှန်လား မှားလား ကိုယ်ကိုတိုင် ဆုံးဖြတ်လို့ မရဘူးဆိုလို့ရှိရင် အဖွဲ့အစည်းတွေကဖြစ်ဖြစ်ပေါ့နော်
သေချာတိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်နဲ့ချပြီးတော့ လုပ်စေချင်တယ်
လုပ်ရပ်တွေကို ရှေ့ဆက် ကျနော်တို့က အများကြီး ကျနော်တို့မဟုတ်လည်း ကျနော်တို့
မျိုးဆက်တွေက ရှိနေအုန်းမှာ မျိုးဆက်တိုင်း မျိုးဆက်တိုင်းကို
လက်ဆင့်ကမ်းပေးရမယ့်အရာက အမုန်းတရားတွေပဲဖြစ်နေရင် ကျနော်တို့က ဘယ်တော့မှ
ကိုယ့်နေရာမှာ တည်တည်မြဲနေရမှာမဟုတ်ဘူး ကျနော်တို့နေရာမှာ ဖြစ်ဖြစ်ပေါ့နော် ဒါက
နိုင်ငံသားဖြစ်မှု မဖြစ်မှုနဲ့ ပြောတာမဟုတ်ဘူး ဒါပေမယ့် ကိုယ်နေတဲ့နေရာမှာ
အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်းမွန်မွန်နေချင်တယ်ဆိုလို့ရှိရင်တော့ ကိုယ့်အသိုင်းအဝန်းကို
ကိုယ်ထိန်းရမယ် ဒါ လူတိုင်းအတွက်ကို ဖြစ်စေချင်တယ် နောက်ပြီးတော့ လုပ်ရပ် ဆိုးကျိုး
ကောင်းကျိုးကို သေချာစဥ်းစားပြီးတော့မှ တစ်ခုခုကို လုပ်မယ်ဆိုလို့ရှိရင် ဆုံးဖြတ်စေချင်တယ်
အဲလိုမျိုး ဆုံးဖြတ်တတ်အောင်လည်း ကိုယ့်အသိုင်းအဝန်းက ထိန်းပေးစေချင်တယ်။