အာရက္ခတပ်တော် AA ရဲ့ အနီး ကပ်ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ နပခ ဌာနချုပ် က စခန်းတွေ လက်မလွှတ်ရ ရေးအတွက်
စစ်ကောင်စီဟာ ဒီကနေ့ တစ်ရက်လုံး အမ်းမြို့ပတ်ပတ်လည်ကို လေကြောင်း က တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။
နပခ ဌာနချုပ် က တပ်စခန်းတွေဟာ အမ်းမြို့ပေါ်မှာ ရှိနေတာကြောင့် မြို့ပေါ် က နေအိမ်တွေဟာ လက်နက်ထိမှန်ပြီး
အမြောက်အများမီးလောင်ကျွမ်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ညကဆိုတစ်ရက်လုံးဂျက်လာတယ်ကြဲတယ်။ ပြန်သွားရင် y12 လာတယ်ကြဲတယ်။ အကြီးအကျယ်ဗုံးကြဲတယ်။ စက်သေနတ်နဲ့လည်း ပစ်တယ်။
အောက်ရွာ နဲ့ မြို့ဟောင်းမှာ မီးတွေလောင်နေတယ် လူတွေလည်း သေတာရှိတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( နပခ) ဝန်းကျင် ၊ အောက်ရွာရပ်ကွက် ၊ မြို့သစ်ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ လေယဉ်ကွင်း ရပ်ကွက် တို့ကိုဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“စက်သေနတ်ကတော့ အထက ၂ ယာယီ ဆေးရုံ ပတ်ဝန်းကျင်နဲ့ ရဲစခန်းနားတွေကိုပစ်တယ်။ဒီနေ့လည်း မနက်လည်း Y12 နှစ်ခါ၊ ဂျက်ဖိုက်တာ ၂ခါ လေးခါရှိပြီ ။ “လို့ ပြောပါတယ်။
စက်သေနတ်နဲ့ ရပ်ကွက်အတွင်း က အရပ်သားတွေ ကို ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ဟောင်း ၊ မြို့သစ် ရပ်ကွက်တွေနဲ့ အထက (၂) ၊ ယာယီဆေးရုံ အနီးတဝိုက်မှာ အရပ်သားသေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ် ။
ဒါအပြင် စစ်ပွဲအတွင်းပိတ်မိနေတဲ့ ဒေသခံတွေဟာ ဗုံးခိုကျင်းထဲမှာ ပိတ်မိနေပြီးအစားအသောက်မစားရတဲ့ အခြေအနေ ကို ရင်ဆိုင်နေရတယ်လို့ လည်း ပြောပါတယ်။
အဉ္စနလီညှင်း (လေးဝတီ FM )ရေးသည်။