Laywaddy FM

အမ်းမြို့ အောက်ရွာ ရပ်ကွက်က ဒေသခံ (၁၀၀) ကျော် စစ်တပ်က နပခ ဌာနချုပ်ထဲ ကို ခေါ်သွား

အမ်းမြို့ အောက်ရွာ ရပ်ကွက်က ဒေသခံ (၁၀၀) ကျော် စစ်တပ်က နပခ ဌာနချုပ်ထဲ ကို ခေါ်သွား

ရခိုင်ပြည် အမ်းမြို့ နပခ ဌာနချုပ်အနီးက ရပ်ကွက်သူရပ်ကွက်သား ၁၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ က လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားပြီး နပခ ဌာချုပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် က ပေးပို့ပါတယ်။

အမ်းမြို့ တစ်ခုလုံးမှာ နေ့ရောညပါ တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်လောက်ကြာမြင့်ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်မှာ တော့ စစ်ကောင်စီတပ်သားတွေက အောက်ရွာရပ်ကွက်ထဲကို ဝင်ရောက်လာပြီး စစ်ပွဲထဲမှာ ပိတ်မိနေတဲ့ အရပ်သား တွေ ကို နပခ တပ်ဝန်းထဲကို ခေါ်သွားတယ်လို့ မျက်မြင် သတင်းရင်းမြစ်က ပြောပါတယ်။

“အောက်ရွာစာသင်ကျောင်းမှာနေတဲ့ လူတွေကို ဖမ်းတယ် ။ အများစုက ရွာတွေဘက်က စစ်ရှောင်တက်လာတဲ့ လူတွေပါ ၊ နောက်ပြီး ဈေးတန်းဘုန်းကြီးကျောင်းပိုင်းကလည်းပါသွားတယ်” လို့ လေးဝတီ FM ကို ပြောပါတယ်။

အမ်းမြို့နယ် ထဲ က ကျေးရွာ အချို့ ကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့တာတွေ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ၊လေကြောင်းက ဗုံးကြဲတာတွေကို မြို့ပေါ်တိုက်ပွဲမဖြစ်ခင်ကတည်းက ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကျေးရွာတွေမှာနေထိုင်တဲ့ဒေသခံတွေဟာ အမ်းမြို့ပေါ် မှာ တက်ပြီးစစ်ရှောင်နေကြတာလည်းဖြစ်ပါတယ်။

အမ်းမြို့ အနီးက ချင်းကုန်း ၊ ခရမ်းကျွမ်း နဲ့ ပြောင်းချောင်း ၊ ကြောင်ဖြူကွင်း စတဲ့ ကျေးရွာဒေသခံတွေဟာလည်း မြို့ပေါ်ကို အရေးပေါ်စစ်ရှောင်လာကြတာ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ သုံးရက်က အောက်ရွာမှာလက်နက်ကြီးလာဆင်တယ်၊ အခု အဲ့လက်နက်ကြီးတွေပါ ဖြုတ်ပြီး ဌာနချုပ်ထဲ ပြန်ဆုတ်သွားတဲ့အချိန်မှာ လူသားဒိုင်းအဖြစ် ခေါ်သွားတာပါ “ လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မြို့ပေါ်တိုက်ပွဲ(မြို့သိမ်းတိုက်ပွဲ)စတင်နေပြီဖြစ်တဲ့ နပခဌာနချုပ် အမ်းမြို့တွင်စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့ ဟာ တစ်ရက်ထက်တစ်ရက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဟာ ခုခံစစ် တွေ ကို တဖြည်းဖြည်းနောက်ဆုတ်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်လည်း နပခ ဌာနချုပ်လက်အောက်က ရိက္ခာတပ်ရင်းဖြစ်တဲ့ အမှတ် (၉၂၆ ) တပ် ကို AA က သိမ်းပိုက်ထားပြီး နပခရဲ့ တပ်ရင်း ၁၀ ခု လောက်ကို သိမ်းထားနိုင်ပြီဖြစ်ပါတယ်။

ကောင်စီသည် မြို့အနှံ့ ကို ဂျက်ဖိုက်တာ ၊ Y12 တို့ကိုအဓိက ထားအသုံးပြုတိုက် နေမှု ကြောင့် ဒီတစ်ပတ်ထဲမှာ မြို့ပေါ်နေအိမ်များ ၃၀ထက်မနည်းထိခိုက်ပျက်စီးမီးလောင်ခဲ့ရတယ်လို့ သိရပါတယ်။

အဉ္စနလီညှင်း(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

One thought on “အမ်းမြို့ အောက်ရွာ ရပ်ကွက်က ဒေသခံ (၁၀၀) ကျော် စစ်တပ်က နပခ ဌာနချုပ်ထဲ ကို ခေါ်သွား

Leave a Reply

Your email address will not be published. Required fields are marked *