ရခိုင်ပြည် သံတွဲမြို့ နယ် က ဂျိတ္တောကျေးရွာဟာ ရခိုင်ပြည် အရပ်ရပ်က လက်လုပ်လက်စား ရေလုပ်သားတွေ နဲ့ အခြေခံလူတန်းစားတွေကို ဝမ်းဝအောင် ၊ ခါးလှအောင်ထားနိုင်ခဲ့တဲ့ ကျေးရွာကြီး တစ်ရွာဖြစ်ပါတယ်။ ဂျိတ္တောကျေးရွာဟာ အိမ်ခြေ ၃၀၀၀ ကျော် နဲ့ လူဉီးရေ နှစ်သောင်းဝန်ကျင် ရှိပါတယ်။ အဲ့ဒီအထဲက ၉၀ % ဟာ ရေလုပ်ငန်း ကို အမှီပြုပြီးအသက်မွေးကြသူတွေဖြစ်ပါတယ်။
အခုလို ဆောင်းဉီးပေါက်ရာသီတွေ ဆိုရင် ကျော့ပိုက်လိုက်ဖို့ ဆိုပြီး ရခိုင်ပြည်အနှံ့က ရေလုပ်သားတွေဟာ ဂျိတ္တောကို စုဝေးရောက်ရှိလာတတ်ကြပါတယ်။
အဲ့ဒီကနေ တစ်ဆောင်းလုံး ၊ တနွေလုံး ကျော့ပိုက်၊ ဂျမ်းပိုက် ကနေ ကမ်းဆွဲပိုက်အထိ ၊ ဟိုပိုက်ကနေ ဒီပိုက်ကို တက် ပြီး လုပ်ကိုင်ကြရပါတယ်။
ကျော့ပိုက် တစ်ဖောင်မှာ ရေလုပ်သား ဆယ်ယောက်ဝန်းကျင်လောက် လုပ်ရပြီး ကျော့ပိုက်သမားတွေရဲ့ မိန်းမတွေက တော့ ငါး လှမ်း ၊ ငါးခွဲ ၊ ငါးတောင်းသယ် စတဲ့ အလုပ်တွေကို လုပ်ကြရတဲ့ အတွက် ဆောင်းနဲ့ နွေဟာ ရခိုင်ပြည်က လက်လုပ်လက်စား တွေ အတွက် ငွေရွှင်တဲ့ ကာလ ပဲ ဖြစ်ပါတယ်။
အဲ့လိုလုပ်ကိုင်တဲ့နေရာမှာ ငွေကြေးတတ်နိုင်တဲ့ ရခိုင်ပြည်နယ် အနှံ့က ရခိုင်လူမျိုးစီးပွားရေးသမားတွေ ၊ လှေပိုင်ရှင်တွေ ၊ ပိုက်ပိုင်ရှင်တွေလည်း လာရောက်ပြီး လှေတွေထောင် ၊ ပိုက်တွေ ထောင် ၊ ငါးဒိုင်ပုဇွန်ဒိုင်ဖွင့် စသဖြင့် လုပ်ကိုင်ကြပါတယ်။
ဂျိတ္တော ရွာမှာ သံတွဲမြို့နယ် ထဲက ရေလုပ်သားတွေ အပြင် မာန်အောင် ၊ ရမ်းဗြဲ ၊ ပုဏ္ဏားကျွန်း ၊ စကု ၊ ကျောက်ဖြူ၊ မြေပုံ ၊ ကျောက်တော် စတဲ့ မြို့တွေက ပါ
လာရောက်ပြီး ငါးဖမ်းလှေမှာ အလုပ် လုပ်တဲ့ လူတွေရှိပါတယ်။
ပိုက်အုံ နာ နဲ့ လှေ လိုက်သား ဆိုတဲ့ အသုံးအနှုန်းဟာ အလုပ်ရှင် အလုပ်သမား ကို ခွဲခြားထားပေမယ့် ဂျိတ္တောရွာမှာတော့ ပိုက်အုံနာရော လှေလုပ်သားရောဟာ လက်ရည်တပြင်တည်း အလုပ် လုပ်ကြရပါတယ်။ လုပ်သလောက်လည်း အကျိုးအမြတ်ရတဲ့ အားလုံးကို ထမင်းကျွေးထားတဲ့ ထမင်းအိုးကြီးပါပဲ ။
အနယ်နယ် အရပ်ရပ်က ရေလုပ်သားတွေဟာ တစ်ဆောင်းတစ်နွေ ကျော့ပိုက်လိုက်ပြီး ရင် လုပ်အားခလေးတွေ အုံနာဆီကထုတ်
မိုးရာသီ မှာ နေရပ်ကို ပြန်သွားတတ်ကြပါတယ်။
ဒီနှစ်အတွက် က တော့ ကျော့ပိုက်လိုက်ဖို့လာနေရင်း မှာပဲ စစ်ဖြစ်လို့ နေရပ်ကိုလည်းမပြန်နိုင်ပဲ ရောက်ရာ ပေါက်ရာတွေ ဆီပြေးသွားသွားကြရပါတယ်။
“ကျွန်တော်တို့က ပုခုံးအသားမာတက်အောင်လုပ်ရ ပါစေ ၊ ကိုယ့်လုပ်စာပဲ ကိုယ်စားချင်တဲ့ လူတွေပါ ၊ အခု စစ်ရှောင်စခန်းမှာ ငတ်တလှည့်ပြတ်တလှည့် သူများလာလှူမှ စားနေရတဲ့ ဘဝ ဖြစ်နေပြီ၊ ” လို့ ကျောက်တော်မြို့က နေ ဂျိတ္တောကျေးရွာကို ပိုက်လိုက်ဖို့ လာရင်းစစ်ရှောင်ရသူ တစ်ဉီး က ပြောပါတယ်။
ဂျိတ္တော ကျေးရွာဟာ ရေလုပ်ငန်းကို လုပ်ကိုင်ရာမှာ ရေထွက်ပို့ကုန်တွေကို ပြည်ပ ပို့ကုန်အထိ အဆင့်အတန်းမှီတဲ့ ပင်လယ်စာတွေကို ထုတ်လုပ်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။
ရန်ကုန် ၊ မန္တလေး၊ နေပြည်တော် ၊ မြဝတီ ၊ တာချီလိတ်၊ စသည် ဖြင့် မြို့ကြီးပြကြီးတွေ ရော မြန်မာနိုင်ငံတနံတလျားကို နေ့စဉ် တင်ပို့နေတဲ့ ကုန်သည် ၊ ငါးပုဇွန်ဒိုင်တွေလည်း အမြောက်အများပါပဲ။ ဒါအပြင့် မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်ကိုလည်း ငါးနီတူ ၊ ငါးကုန်ညို စတဲ့ အခြောက်အခြမ်းတွေကို ပို့နိုင်ပါသေးတယ်။
တကယ်လို့များ ရခိုင်ပြည်တောင်ပိုင်းက နေမြောက်ပိုင်း ပြီးတော့ အိန္ဒိယနယ်စပ်နဲ့ ဘဂ်လားဒေ့ရှ် နယ်စပ်တွေကိုဖြောင့်ဖြောင့်တန်းတန်းကုန်သွယ်နိုင်ခဲ့ရင် အဲ့ဒီဒေသက လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ လည်းပိုလာနိုင်ပါတယ်။
အခုတော့ အဲ့ဒီကျေးရွာက လူတွေဟာ အနှစ်နှစ်အလလ က ရှာဖွေစုဆောင်းခဲ့ရတာတွေ ကို ထားခဲ့ပြီး ဘေးလွတ်ရာကို ကစဉ့်ကလျားထွက်ခွာလာခဲ့ကြတာ တစ်နှစ်နီးပါးရှိပါပြီ။
“အလုပ်လုပ်ရမှာ ကို မပြောနဲ့ အိမ်ပြန်ချိန်တောင်မသေချာလို့ ၊ ရှိတာလေးနဲ့ ဝအောင်စားနေရတဲ့ဘဝ ၊ စစ်ဘေးရှောင်တွေ အတွက် ၊ လက်လုပ်လက်စား တွေအတွက် ဆို ဘာပြောရမှန်းတောင်မသိဘူး “ လို့ ဂျိတ္တောကျေးရွာ မှာ ဆယ်စုနှစ်နဲ့ချီပြီး ရေလုပ်ငန်းလုပ်ကိုင်ခဲ့သူတစ်ဉီးက ပြောပါတယ်။
ဂျိတ္တောသားတွေဟာ သူတို့ရွာကို ထားခဲ့ရတာ တစ်နှစ်နီးပါးရှိပါတယ်။ အိမ်တွေ ပြိုကျ သွားတယ်။ အဖောက်ခံရတယ်။ ရစရာ တစ်ခုမှ မရှိအောင် ပလပ်စတစ်ခုံက အစ ယူသွားကြတယ်။ ရွာသားတချို့ဟာ အဆောက်အအုံပိပြီးသေကြတယ်။ စစ်ပွဲထဲမှာ သေကြတယ်။ စစ်ရှောင်စခန်းမှာ သေကြတယ်။ မသေသေးတဲ့ သူတွေလည်း
ရောက်ရာ အရပ်မှာ ရှင်သန်နေတယ် ဆိုရုံလေး ရှင်သန်ကြရတယ်။
အော် ..ပြန်တွေးကြည့်ရင် အခုလို ဆောင်းရာသီတွေများဆိုရင် “ပိသာချိန်ရာနဲ့ချီတဲ့ မီးထွန်းကင်းမွန်တွေ၊ ဘယ်လှေက ငနီတူ တောင်း သုံးထောင်ပါတယ် လေးထောင်ပါတယ်။ ငါးကြီးပိုက်က ပိသာ ဘယ်နှစ်ရာ ပါတယ် “ဆိုတာတွေ အတိတ်မှာ ကျန်ခဲ့ပြီလား ပြန်တွေ့ရမယ့် မြင်ကွင်းတွေလား ဝေဝါးနေဆဲ ပါပဲ….
ငြိမ်းချမ်းစေ (လေးဝတီ FM )ရေးသည်။