အမ်းရိုးမပေါ်ကနေ စစ်ရှောင်သွားရင်း အမ်း-ပဒါန်းလမ်းပိုင်း ကံမြင်းကန် ဂိတ်မှာ ဖမ်းဆီးခံထားရတဲ့ စစ်ရှောင်တွေဟာ အစားရေစာ ငတ်ပြတ်ပြီး ဒဏ်ရာ ရသူတွေလည်း ဆေးကုသခွင့်မရဘဲ ပိတ်မိနေကြတယ်လို့ သတင်းရရှိပါတယ်။
နိုဝင်ဘာ ၁၅ ရက်က နေ ၁၉ ရက်အတွင်းက ဖမ်းဆီးခံထားရသူ ဒေသခံ ၄၀၀ ကျော်ကို စစ်ကောင်စီက ကံမြင့်ကန်ဂတ် အနီးက ပိန်းရေစမ်းဆိုတဲ့ ရိုးအနီးက ကျေးရွာ ဘုန်းကြီးကျောင်းတွေ ၊ စာသင်ကျောင်းတွေ မှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။
“လက်နက်ကြီးထိတဲ့ လူတွေလည်း ပါတယ်၊ သူတို့ ကို ဆေးလည်းမကုရဘူး၊ အစားအသောက်လည်း ဆန်ကို ကစီရည်( ဆန်ပြုတ်) လုပ်ပြီးသောက်ရတယ်ပြောတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲ့ဒီလို ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ အမ်းမြို့ပေါ်က ရဲတပ်ဖွဲ့ဝင်မိသားစု ၊ မီးသတ်ဌာနမိသားစု၊ ထွေအုပ် ၊ လဝက စတဲ့ စစ်ကောင်စီဝန်ထမ်းတွေရဲ့ မိသားစုတွေလည်းပါဝင်နေတယ်လို့ဆိုပါတယ်။
“ဌာနဆိုင်ရာမိသားစုတွေနဲ့ အရပ်သားတွေနဲ့ခွဲထားတယ်၊ အဲ့လူတွေကို သူတို့နဲ့ အတူတူ ပဒါန်းမှာဈေးဝယ်ဘာဝယ် သွားလို့ရတယ်၊ ချက်ပြုတ်စားလို့ရတယ်၊ အရပ်သားတွေကိုတော့ ဒီက လုံးဝ ထွက်ခွင့်မပြုဘူး ၊ ဘာလို့ ဖမ်းထားတာလဲ ဆိုတာ တော့ မသိဘူး ” လို့ သတင်းရင်းမြစ်က ပြောပါတယ် ။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ အဲ့ဒီစခန်းမှာ အရပ်သားတွေရဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီဖမ်းဆီးရခံသူတွေဟာ နိုဝင်ဘာ ဒုတိယအပတ်ကစပြီး အမ်းမြို့နပခဌာနချုပ်ကို ထိုးစစ်ဆင်ခံရချိန်မှာ ကိုယ်ပိုင်ကား ၊ ဆိုက်ကယ် ၊ ခြေလျှင် လမ်းကြောင်းတွေက နေ အမ်းရိုးမကို ကျော်ဖြတ်လာသူတွေဖြစ်ပါတယ်။
နိုဝင်ဘာလ အတွင်း မှာ အမ်းနဲ့ တောင်ကုတ် မြို့တွေမှာ ပြင်းပြင်းထန်ထန် စစ်ပွဲတွေ ဖြစ်နေပြီး ၊ အဲ့ဒီမြို့နယ် နှစ်ခုက ဒေသခံ သောင်းနဲ့ချီဟာ ဘေးလွတ်ရာကို အဆင်ပြေသလို တိမ်းရှောင်ကြရတာဖြစ်ပါတယ်။
အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။