ရခိုင်ရိုးမတောင်ခြေအနီးမှာရှိတဲ့ ဂွမြို့ ကို အာရက္ခတပ်တော် AA က ဝိုင်းဝန်းပိတ်ဆို့လိုက်ပြီး မြို့သိမ်းတိုက်ပွဲစတင်ဖို့ ပြင်ဆင်နေတဲ့ အနေအထားဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဂွမြို့နယ် ရွှေဉကွင်း မှာ နိုဝင်ဘာ ၁၄ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်တွေ ဟာ နောက်ဆုတ်သွားသလို ၊ AA ဘက်က ရှေ့တိုးလာပြီး ဂွမြို့ ပတ်လည်ကို ဝန်းရံပိတ်ဆို့ လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
မြို့ခံတစ်ဉီးက”အခုကဆပ်သွားလည်းအခြေအနေမဟန်ဘူး ၊ရွှေဥကွင်းနဲ့ ကမ်းသာယာမှာရှိတဲ့တပ်ဖွဲ့ဝင်တွေလည်းနောက်ဆုပ်နေပြီ။ လက်ရှိမှာ ဂွမြို့တစ်ခုလုံးကို AAကဝိုင်းထားပြီးပြီ”လို့ သူက ဆိုပါတယ်။
သံတွဲမြို့က စတင်ခဲ့တဲ့ ရခိုင်ပြည်တောင်ပိုင်းတိုက်ပွဲတွေဟာ သံတွဲမြို့ နဲ့ ကျိန္တလီမြို့သိမ်းတိုက်ပွဲ ပြီးနောက် ဂွမြို့အနီးကို တောလမ်းကရော ၊ သံတွဲ-ရန်ကုန် လမ်းမကြီးကပါ။
အပြင်းအထန်ချီတက် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
“မြို့ကိုတော့ သိမ်းတော့မယ်ဆိုတာ သေချာနေတဲ့ အနေအထားပါ ၊ တဖြည်းဖြည်းအနီးဆုံးကို အနားကိုရောက်လာပြီဆိုရင်ကြိုတင်ရှောင်ရှားကြဖို့ လိုပါတယ်။ ၊ ဂွဘက်က ပြည်သူတွေက ထွက်မယ်ဆို ထွက်ပေါက်တွေ ရှိတယ် မြန်မြန်ထွက်ဖို့လိုပါတယ်။ မဟုတ်ရင် အမ်းဘက်ကလူတွေလို ပိတ်မိသွားနိုင်တယ်” လို့ စစ်ရေးသုံးသပ်သူ တစ်ဉီးက ပြောပါတယ်။
ဂွမြို့နယ် ဆပ်သွားကျေးရွာက ဆပ်သွား-ဂျိုင်ကောက်တံတားကို မှိုင်းခွဲဖျက်ဆီးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်ကတည်း က တပ်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။ အကြွင်းအကျန်တပ်တွေနဲ့ ထွက်ပြေးနေတဲ့တပ်တွေကိုလည်း တောလမ်းပိုင်းတွေ မှာ လိုက်လံဖမ်းဆီးနေတယ်လို့ သတင်းရရှိပါတယ်။
ဆပ်သွားတိုက်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီ ဟာ မြေပြင်တိုက်ပွဲတွေမှာ စစ်ရေးအရရှုံးနိမ့်နေတဲ့အတွက် ဒေသတွင်းကိုလေကြောင်းက တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးပြုလုပ်နေပြီး ဒေသခံ ၇ ဉီးဟာ ဒီတစ်ပတ်အတွင်းမှာ သေဆုံးခဲ့ရပါတယ်။
ဂွမြို့ဟာ ရခိုင်ပြည်တောင်ဘက်အခြမ်းက အစွန်ဆုံးမြို့တစ်ခုဖြစ်ပြီး ရခိုင်ရိုးမတောင်ခြေအနီးက မြို့ဖြစ်ပါတယ်။
ရန်ကုန် ၊ ဧရာဝတီတိုင်းတို့နဲ့ ကုန်သွယ်ရေးလုပ်ရာမှာ အချက်အချာကျတဲ့ မြို့ဖြစ်ပြီး ရခိုင်ပြည်တောင်ပိုင်း ကုန်အဝင်အထွက်ပြုလုပ်တဲ့ ပြည်နယ်နဲ့ တံခါးပေါက် မြို့လည်းဖြစ်ပါတယ်။ ဂွမြို့နယ်က ပြည်သူတွေဟာ ကုန်သွယ်ရေး နဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။
ဓာတ်ပုံ- ဒေသခံတစ်ဉီး၏ လူမှုကွန်ယက်စာမျက်နှာမှ ကူးယူသည်။
အဉ္စနလီညှင်း(လေးဝတီ FM)