အမ်းမြို့နဲ့ မိုင် ၂၀ ကျော်အကွာမှာရှိတဲ့ တရုတ်ဓာတ်အားခွဲ စက်ရုံမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ခြေကုတ်ယူနေပြီး တပ်ဖွဲ့ဝင်တွေထဲမှာ ယူနီဖောင်းမတူတဲ့ တပ်သားတွေပါဝင်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်က သတင်းရရှိပါတယ်။
ရခိုင်ရိုးမ အမ်းတောင်ကြားလမ်းပေါ်က တောင်စောက်ကျေးရွာအနီး က ဓာတ်အားခွဲစက်ရုံမှာ စစ်ကောင်စီ အင်အား ၄၅၀ ဝန်းကျင်ခြေကုတ်ယူလိုက်ပြီး အဲ့ဒီကနေ တန်ပြန်ထိုးစစ်တွေကို ဖန်တီးဖို့ ကျိုးပမ်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တင့်ကား နှစ်စီး ၊ အတွဲလိုက်ဒုန်းတွေပါတဲ့ကားကြီးတစ်စီး ပြီးတော့ အင်အား ၄၅၀ ကျော်တယ် အဲ့ဒီတပ်သားတွေထဲမှာ ဆောက်လုပ်ရေး ယူနီဖောင်းလို မျိုး နောက်ထပ် ယူနီဖောင်းတစ်မျိုးနဲ့ တပ်သားတွေ ပါတယ်၊ တရုတ်တွေလို့ ထင်တယ် “ လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
မြန်မာ ပြည်တွင်းစစ်ကို အကြောင်းပြပြီး တရုတ် ဘက်က လုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက်ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းလျှက်ရှိပါတယ်။ သို့သော်လည်း ဒီမတိုင်ခင်က ပဲ တရုတ်ပိုင်းလိုင်းတွေမှာစောင့်ကြပ်တဲ့ ဝန်ထမ်းတွေကို ပုံစံအမျိုးမျိုးနဲ့ ထားရှိပြီး သားလည်းဖြစ်ပါတယ်။
အဲ့ဒီတောင်စောက်ဂိတ်ကနေ အရွယ်အစားကြီးမားတဲ့ ဒရုန်းတွေနဲ့ အမ်းမြို့ဘက်ကို စတင်ပျံသန်းပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ ကျိုးပမ်းနေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီဟာ အမ်း-ပဒါန်းလမ်းပိုင်းကို ဖြတ်သန်းပြီး စစ်အင်အားတွေကို အကြိမ်ကြိမ်စုဆောင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတောင်စောက်ကျေးရွာဟာ အိမ်ခြေ ၂၀ ကျော်ရှိပြီး ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ တောင်ပေါ်ကျေးရွာလေး တစ်ခုဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ် တစ်ဉီးက ပြောပါတယ်။
ကျောက်ဖြူမြို့ကနေ စတင်ဖောက်လုပ်ထားတဲ့ မြန်မာ-တရုတ် ဂက်(စ)ပိုက်လိုင်းဟာ အမ်းမြို့နယ်ကို က နေ ရခိုင်ရိုးမကို ဖြတ်သန်းတာဖြစ်ပါတယ်။
“ကားလမ်းအတိုင်းမသွားဘဲ နဲ့ ဂက်(စ)ပိုက်လိုင်းဖြတ်သန်းတဲ့ လမ်းကြောင်းအတိုင်း ပိုက်လိုင်းမြုပ်ထားတဲ့ အပေါ်က အမ်းဘက်ကို စစ်ကောင်စီ စစ်ကြောင်း ထိုးသွားတယ်၊ နှစ်ဖွဲ့ရှိပြီ ၊ ခြေလျှင်စစ်ကြောင်းမှာတော့ စစ်ကောင်စီယူနီဖောင်းနဲ့ ပဲ ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီ အထိုင်ချနေတဲ့ တောင်စောက်ဂိတ်စခန်းဟာ အမ်းမြို့နဲ့ မိုင်နှစ်ဆယ်ဝေးပြီး ပဒါန်းမြို့နဲ့ မိုင် ၅၀ ကျော်အကွာမှာ ရှိတဲ့ အမ်းတောင်ကြားလမ်းပေါ်မှာ ရှိတာဖြစ်ပါတယ်။
အမ်းချောင်းသူ (လေးဝတီ FM )