ရခိုင်ပြည်အမ်းမြို့နယ် က နေ မကွေးမြို့ကို ဖြတ်သန်းရာ လမ်းပိုင်းပေါ်က စစ်ကောင်စီ စခန်းတွေ အနက်
အမ်းရိုးမဘက် တစ်ခြမ်းလုံးကို အာရက္ခတပ်တော်က ဇန်နဝါရီ ၈ ရက်နေ့မှာ ရှင်းလင်းထိမ်းချုပ်လိုက်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ရခိုင်ရိုးမဘက်အခြမ်းမှာရှိတဲ့ စစ်ကောင်စီ စခန်းတွေ အကုန်လုံးကို ထိမ်းချုပ်လိုက်ပြီး ရိုးမပေါ်က မကွေးတိုင်းနယ်စပ်အထိ အာရက္ခတပ်တော်က ထိမ်းချုပ်လိုက်ပြီဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“တောင်စောက်တောင်သိမ်းပြီးနောက်မှာ ကာကင်း နဲ့ ဂိတ်အသေးတွေမှာရှိတဲ့ စစ်ကောင်စီအဖွဲ့တွေ က ညဘက်တွေ မှာ တပ်ဆုတ်ပြေးကြတယ်။စခန်းတစ်ခုပြီးတစ်ခုကို ဆုတ်ဆုတ်သွားပြီး မကွေးတိုင်းထဲ က စခန်းတွေနဲ့ ပေါင်းသွားကြတယ်။ရခိုင်ရိုးမ အမ်းဘက်က လမ်းပိုင်းပေါ်မှာ ဘက်မှာ စခန်းအနေနဲ့ မရှိတော့ဘူး ၊ နယ်စပ်မှတ်တိုင်အထိ ရှင်းလင်းလိုက်ပြီ ” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ရခိုင်ရိုးမ ဘက်အခြမ်းမှာရှိတဲ့ ပဲပဒုံ ၊ ပတ်ကွေ့၊ ဆင်ဂုံတိုင်၊ တောင်စောက်၊ ငပြယ် ၊ ကြက်ရေစမ်း၊
ပိန်းရေစမ်း စတဲ့ ဂိတ်စခန်း တွေကို အာရက္ခတပ်တော်က ထိမ်းချုပ်လိုက်တာဖြစ်ပါတယ်။
“အခုတော့ ငဖဲဘက်ကနေပြီး နတ်ရေကန် ဘက်ကို ညည့်ဘက်တွေအင်အားဖြည့်တယ်။ သူတို့ အင်အားဖြည့်တာမမြင်စေချင်လို့ လမ်းကိုလည်း ပိတ်ထားတယ်” လို့ ဒေသ သတင်းရင်းမြစ် တစ်ဦး က ပြောပါတယ်။
တောင်စောက်တောင် မှာ အခြေစိုက်ထားတဲ့ တရုတ် ဂက်(စ)ပိုက်လိုင်း စက်ရုံခွဲ နဲ့ အမြောက်စခန်းကို AA က သိမ်းပိုက်ပြီးနောက်မှာ စခန်းငယ်တွေကို အပြီးသတ်ရှင်းလင်းလိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ မကွေးတိုင် နယ်ခြားမှတ်တိုင်အကျော်က ပျဉ်းဝ ဂိတ်ကို ပိတ်ဆို့လိုက်ပြီး အဲ့ဒီဘက်မှာ ခံစစ်ကို ပြန်လည်ပြင်ဆင်နေပါတယ်။
ဒါအပြင် အမ်းမြို့မှာရှိတဲ့ သူလက်လွှတ်လိုက်ရတဲ့ နပခ ဌာနချုပ်ကိုလည်း မကြာခဏ ဗုံးလာကြဲနေဆဲ ဖြစ်ပါတယ်။
ရခိုင်ရိုးမ ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြားလမ်းနဲ့ ဂွတောင်ကြားလမ်းတွေကို AA က ထိမ်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
အဥ္စနလီညှင်း (လေး၀တီFM)