ယနေ့ Thursday, 21st November 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ရခိုင်နိုင်ငံ ဖြစ်လာနိုင်လား

ရခိုင်နိုင်ငံ ဖြစ်လာနိုင်လား

နေထက်မိုးဇော် ရေးသားသည်။
လေးဝတီFM -နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါး။

နိဒါန်း
တစ်ကယ်တော့ ဒီမေးခွန်းဟာ နည်းနည်းစောနေသေးတယ်လို့ ပြောလို့ရတယ်။ ရခိုင်က ၁၇ မြို့မှာ AA က လက်ရှိသိမ်းထားတာ ၁၀ မြို့။ ၇ မြို့ကျန်သေးတယ်။ အဲဒီထဲမှာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ အရေး ပါတဲ့ ကျောက်ဖြူ၊ စစ်တွေ၊ အမ်း၊ မောင်တော၊ တောင်ကုတ်နဲ့ ဂွ တို့ကျန်သေးတယ်။ ပြီးတော့ AA ကလည်း ကွန်ဖက်ဒရေးရှင်းပဲ သွားမယ်။ ခွဲထွက်ဖို့ပြောထားတာမရှိသေးဘူး။


ဒါပေမယ့် မြေပြင်သတင်းတွေအရ မောင်တောနဲ့ ဂွမြို့ကို ဒီဆောင်းဦးပေါက် နှစ်မကုန်ခင် AA က ရမယ့် အနေအထားမျိုးကို တွေ့ရတယ်။ မရှေးမနှောင်းမှာ အမ်း နပခ က ရနိုင်တယ်။ ကျောက်ဖြူနဲ့ စစ်တွေ မှာ တရုတ်ကြီးရဲ့ပါဝင်လာမှုတွေကို တွေ့ကောင်းတွေ့ရနိုင်တယ်။ နွေဦးတော်လှန်ရေးမှာ ၁၀၂၇ ပေါက်သွားပြီး တဲ့နောက်ပိုင်း လူထုကြားထဲ စိတ်ဝင်စားခံရမှု မြင့်တက်လာတဲ့အထဲမှာ AA နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်း ထိပ်ဆုံးကနေ ပါလာတာမို့ AA က ရခိုင်ကို အလုံးစုံသိမ်းပြီးရင် နိုင်ငံထူထောင်မလားဆိုတဲ့ မေးခွန်းဟာ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပေါ်ပေါက်လာတယ်။


နိုင်ငံတစ်ခုထူထောင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်မှန်း သိကြပြီးဖြစ်တယ်။ လွတ်လပ်ရေးကြေငြာလိုက်ရုံနဲ့၊ နိုင်ငံတော်အလံလွှင့်ထူလိုက်ရုံနဲ့ နိုင်ငံတော်သီချင်းဆိုလိုက်ကြရုံနဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာတာ မဟုတ် သလို နိုင်ငံတစ်ခု ထူထောင်ဖို့ အဓိကလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေပြောထားကြတဲ့ အချက် တွေကလည်း အားလုံးတူညီနေတာတော့ မဟုတ်ပါဘူး။


အဲဒီထဲမှာ သတ်မှတ်နယ်မြေရှိရမှာတို့ ၊ အမြဲနေတဲ့လူဦးရေရှိရမှာတို့ ၊ အခြားအစိုးရတစ်ဖွဲ့ရဲ့ လက်အောက်ခံ မဟုတ်တဲ့ အစိုးရတစ်ရပ်ရှိရမှာတို့ ၊ အခြားနိုင်ငံတွေက အသိအမှတ်ပြုမှုနဲ့ ဆက်ဆံနိုင်မှုရှိရမှာတို့ စတာတွေအပြင် စွမ်းအင်အရင်းအမြစ်၊ သဘာဝသယံဇာတ အရင်းအမြစ်၊ စီးပွားရေးအရင်းအမြစ်၊ စီးပွားရေးရင်းနှီးငွေ၊ နည်းပညာအရင်းအမြစ်၊ လုပ်သားအရင်းအမြစ်၊ ပညာရှင်အရင်းအမြစ်၊ ပြည်တွင်းနဲ့ပြည်ပ ကူးသန်းရောင်းဝယ် ရေး လမ်းကြောင်းအရင်းအမြစ် စတာတွေပြည့်စုံဖို့လိုပါတယ်။ ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေလည်း လိုအပ်သလို အစားအစာ၊ နားခိုရာနဲ့ လုံခြုံမှုတို့ လည်း လိုအပ်ပါသေးတယ်။ ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းပါ သီးခြားရှိရင်တော့ ပိုပြီး ပြည့်စုံသွားမှာဖြစ်တယ်။


အဓိက ရှုပ်ထွေးမှုတစ်ခုက အခြားနိုင်ငံတွေက အသိအမှတ်ပြုတဲ့ကိစ္စလို့ ဆိုနိုင်တယ်။ တစ်ချို့နိုင်ငံ တွေက အသိအမှတ်ပြုကြပြီး တစ်ချို့က အသိအမှတ်မပြုကြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ – ထိုင်ဝမ်တို့ ပါလက်စတိုင်းတို့လိုမျိုး စသည်ဖြင့်။ ပိုပြီးအရေးကြီးတာက UN ဝင်ခွင့်ရရှိရေးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါက သိပ်အရေးကြီးသလားဆိုတော့ – ကမ္ဘာ့နိုင်ငံအားလုံးက အသိအမှတ်ပြုတော့လည်း၊ UN ဝင်ခွင့်ရတော့လည်း ပိုကောင်းတာပေါ့ ဆိုပေမယ့် ကိုယ့်မှာ တစ်ခြားအချက်တွေပြည့်စုံပြီး ကိုယ့်ကိုအသိအမှတ်ပြုမယ့်နိုင်ငံတစ်ချို့ ရှိရင် စပြီးလည်ပတ်လို့ရပါပြီ။ အဲဒါကလည်း အိမ်နီးချင်းနိုင်ငံတွေ ဒါမှမဟုတ် အင်အားကြီးနိုင်ငံတစ်ခုနဲ့ အဆင်ပြေရင်လည်း သူနဲ့သူ့မိတ်ဖက်နိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး ပတ်သက်မှု တည်ဆောက်နိုင်တာနဲ့ အများကြီးဆက်စပ်နိုင်ပါတယ်။


နိုင်ငံထူထောင်ကြောင်း လွတ်လပ်ရေးကြေငြာလိုက်ရုံနဲ့ နိုင်ငံတစ်ခုဖြစ်လာမှာ မဟုတ်ဘူး ဆိုပေမယ့် နယ်မြေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာအတွက် အာမခံချက်တစ်ချို့တော့ ရရှိလာမှာဖြစ်တယ်။ ဆိုလိုချင်တာ က ကိုယ်ပိုင်နယ်မြေ၊ အမြဲနေလူဦးရေ၊ ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုယ့်နယ်မြေထဲမှာ အခြားအစိုး ရတို့၊ အဲဒီအစိုးရရဲ့စစ်တပ်တို့ မရှိဘဲ လက်အောက်ခံမဟုတ်ဘဲ လွတ်လပ်တဲ့အစိုးရအဖွဲ့ရှိတဲ့ နိုင်ငံအသစ် တစ်ခု ကို အခြားနိုင်ငံများ၊ အခြားအစုအဖွဲ့များက အသိအမှတ်မပြုရသေးသော်လည်း ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းအ ရ အခြားနိုင်ငံတစ်ခုခုက အင်အားအသုံးပြုခြင်းကို တားမြစ်ထားတဲ့ အကျိုးကျေးဇူးကို ရရှိမှာဖြစ်တယ်။ တကယ်တိုက်လာရင်တော့လည်း ကိုယ့်ဘာသာကိုယ်ပဲ ကာကွယ်ကြရမှာဖြစ်ပါတယ်။


ဒီတော့ကာ ရခိုင်ပြည်ဟာ နိုင်ငံတစ်ခု ပြန်ဖြစ်လာမလား။ ပြန်ဖြစ်လာမလားလို့ သုံးရတာက ရခိုင် ပြည်ဟာ အရင်ကလည်း နိုင်ငံတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ဖူးတဲ့အတွက်ဖြစ်ပါတယ်။ အဲဒီအတွက် ရခိုင်ပြည်ရဲ့ နောက်ခံအခင်းအကျင်း အခြေအနေတွေနဲ့ လက်ရှိအနေအထားတွေကို တစ်ခုချင်း သုံးသပ် ကြည့်နိုင်ပါတယ်။


(၁) သမိုင်းကြောင်း
ရခိုင်ရဲ့ ရှေးဦးဒွါရာဝတီနိုင်ငံတော်ဖြစ်တည်မှုဟာ ခန့်မှန်းခြေ ဘီစီ ၆၀၀၀ ဝန်းကျင်လောက်က စတယ်လို့ ရခိုင်ရာဇဝင်မှာလာပါတယ်။ အဲဒီနောက်မှာ ရခိုင်နိုင်ငံတော်ဟာ ဓညဝတီ(ဘီစီ ၃၃၂၅ – အေဒီ ၃၂၇)၊ ဝေသာလီ(အေဒီ ၃၂၇ – အေဒီ ၈၁၈)၊ လေးမြို့(အေဒီ ၈၁၈ – အေဒီ၁၄၃၀)၊ မြောက်ဦး(အေဒီ ၁၄၃၀ – အေဒီ ၁၇၈၄) ဆိုပြီး ခေတ်ကြီး ၄ ခေတ် တည်မြဲခဲ့တယ်။
ဓညဝတီ မြို့ရိုးတွေ၊ ဝေသာလီခေတ် အေဒီ ၇၂၉ မှာရေးထိုးတဲ့ အာနန္ဒစန္ဒြကျောက်စာတွေနဲ့ မြောက်ဦးနန်းမြို့ရိုးနဲ့ ဘုရားစေတီပုထိုးတွေဟာ ရခိုင်နိုင်ငံတော်တည်ရှိခဲ့ကြောင်း ခိုင်မာတဲ့ သက်သေအ ထောက်အထားတွေဖြစ်တယ်။ ရှေးကနိုင်ငံသမိုင်းကြောင်းရှိမှ နိုင်ငံထူထောင်ရမယ်လို့ ပြောလိုတာမဟုတ်ပေ မယ့် ရခိုင်ဟာ သမိုင်းကြောင်းအရ နိုင်ငံထူထောင်ခွင့်ရှိတယ်။


(၂) သတ်မှတ်နယ်မြေ သို့မဟုတ် သီးခြားနယ်မြေ
ရခိုင်ပြည်နယ်နိမိတ်ဟာ အခုလက်ရှိနယ်နိမိတ်ထက် ကျယ်ပြန့်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတွေမှာ အခိုင်အမာရှိပြီးဖြစ်တယ်။ အဲဒါတွေကို ထားလိုက်ပြီးတော့ အခုလက်ရှိမှာလည်း ရခိုင်ပြည်ဟာ တစ်ဆက်တစ် စပ်တည်းဖြစ်တဲ့ သီးခြားသတ်မှတ်နယ်မြေ ရှိပြီးဖြစ်တယ်။


(၃) အမြဲနေထိုင်သော လူဦးရေ
တစ်ဆက်တစ်စပ်တည်း တည်ရှိပြီး လုံလောက်သော အကျယ်အဝန်းရှိတဲ့ နယ်မြေပေါ်မှာ ရခိုင်လူမျိုး နဲ့ အခြားမျိုးနွယ်စုတွေဟာ တစ်စုတစ်စည်းတည်း အမြဲနေထိုင်တဲ့ လူဦးရေ(၂၀၁၄ သန်းခေါင်စာရင်းအရဆိုရင်) ၃ သန်းလောက် ရှိတယ်။ ဒါဟာ နိုင်ငံတစ်ခု တည်ဆောက်ချင်လို့ မနေ့တနေ့ကမှ ပြောင်းရွှေ့လာကြတဲ့သူတွေ မဟုတ်ဘူး။


(၄) အခြားနိုင်ငံများက အသိအမှတ်ပြုမှု
ရခိုင်က လွတ်လပ်ရေးကြေငြာလိုက်လို့ အသိအမှတ်ပြုမယ့်နိုင်ငံရမယ့်ကိစ္စကတော့ ခက်ခဲနိုင်တယ်။ အာဆီယံနိုင်ငံတွေထဲကတော့ မဖြစ်နိုင်ဖို့များတယ်။ တရုတ်ကလည်း ရခိုင်ဆိုတာ သူ့နယ်စပ်မဟုတ်ဘဲ ထိန်း ချုပ်ဖို့ အလှမ်းဝေးပြီး အိန္ဒိယသမုဒ္ဒရာကို မျက်နှာဖွင့်ထားတော့ အချိန်မရွေး သူ့ဩဇာအောက်က ရုန်းထွက်သွား နိုင်တဲ့အတွက် နိုင်ငံတစ်နိုင်ငံအဖြစ် မဆက်ဆံချင်လောက်ဘူး။ ဒါပေမယ့် အဲဒီ အိန္ဒိယသမုဒ္ဒရာကို မျက်နှာ ဖွင့်ထားတဲ့ အတွက်ကြောင့်လည်းပဲ မြန်မာရဲ့ထိုင်ဝမ်လိုဖြစ်သွားမှာလည်း မလိုလားလောက်ပြန်ဘူး။


အိန္ဒိယ ကတော့ ရခိုင်ဟာ လက်ရှိပလက်ဝကို ထိန်းထားတဲ့အတွက် သူ့နယ်စပ်ဖြစ်နေတယ်။ သူက လည်း စစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ထူထောင်ထားတဲ့အပြင် မြန်မာပြည်ထဲက လွတ်လပ်ရေး ထကြေငြာတဲ့ နိုင်ငံတစ်နိုင်ငံကို အသိအမှတ်ပြုပေးဖို့ရာ သူ့နိုင်ငံရဲ့ ပေါ်လစီအရဆို ခက်မယ်။ ဒါပေမယ့် အိန္ဒိယဟာ မြန်မာအရေးမှာ တရုတ်ရဲ့ခြေလှမ်းနောက်က နောက်ချန်ပြီးလိုက်နေတာဆိုတော့ တရုတ်ရဲ့ ခြေလှမ်းတွေကို သူကြည့်ပြီး အရောင်ပြောင်းမယ့် သဘောတော့ရှိတယ်။ အခုတလောတော့ အိန္ဒိယက မြန်မာ အရေး၊ ရခိုင်အရေး နည်းနည်းခြေလှမ်းစိပ်လာတာ တွေ့ရတာရှိတယ်။
ဘင်္ဂလားဒေ့ရှ်ကတော့ ရခိုင်နဲ့နယ်မြေချင်း လုံးဝထိစပ်နေတဲ့အပြင် ဒုက္ခသည်ပြဿနာကလည်း ရှိနေ တယ်။ ဒီအတွက် ညှိနှိုင်းမှုတွေ၊ အပေးအယူတွေလည်း ရှိကောင်းရှိလာနိုင်သလို နောက်ကွယ်ကနေ အစ္စလမ် နိုင်ငံတွေလည်း ပါဝင်လာနိုင်တယ်။


ဂျပန်တို့ တောင်ကိုးရီးယားတို့ကလည်း ရခိုင်ကို သူတို့အကျိုးစီးပွားအတွက် မျက်စောင်းထိုးနေတာ တွေရှိတယ်။ လောလောဆယ်တော့ ဘာမှဖြစ်မလာနိုင်သေးဘူး။ အနောက်နိုင်ငံတွေကလည်း စောင့်ကြည့်စာ ရင်းထဲပဲ ရှိနေမှာဖြစ်တယ်။ ရခိုင်နိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလမ်းကြောင်းကို ပီပီပြင်ပြင် ဦးတည်နေ တယ်ဆိုရင်တော့ အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်။


အားလုံးကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ဦးတည်နေတဲ့လမ်း ကြောင်းအပေါ် မူတည်ပြီး ရခိုင်ကို နိုင်ငံအဖြစ်အသိအမှတ်ပြုပေးပြီး ဆက်ကစားရမလား၊ အသိအမှတ်မပြုဘဲ ဆက်ကစားရမလားဆိုတာကို ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။


(၅) အစိုးရအဖွဲ့
နိုင်ငံထူထောင်သည်ဖြစ်စေ မထူထောင်သည်ဖြစ်စေ အစိုးရတစ်ရပ်ကတော့ ရှိနေမှာဖြစ်တယ်။ AA ဟာ အာရက္ခပြည်သူ့အစိုးရလို့ သုံးနှုန်းနေတာ အတော်ကြာပါပြီ။ တော်လှန်ရေးအစိုးရသဘောမျိုး ဖြစ်တယ်။ တကယ်လို့ နိုင်ငံထူထောင်မယ်ဆိုရင်တော့ တော်လှန်ရေးအစိုးရဆိုတာမျိုးထက်၊ တော်လှန်ရေးစစ်တပ်ကနေ ဖွဲ့စည်းလိုက်တဲ့ အစိုးရမျိုးထက် မြေပေါ်မြေအောက် အားလုံးပါဝင်သော အစိုးရမျိုးဖွဲ့စည်းတာက နိုင်ငံတကာ မှာ အထင်အမြင်ကောင်းစေမှာဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်းကို အခြေပြုပြီး အထိုင်ချဖို့ကြိုးစားတာမျိုး ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံတွေရဲ့ အားကို တစ်ချိန်မဟုတ်တစ်ချိန်တော့ ရလာနိုင်စရာရှိပါတယ်။


(၆) သဘာဝသယံဇာတ အရင်းအမြစ်
ရခိုင်ပြည်ဟာ အားလုံးသိကြတဲ့အတိုင်းဘဲ သဘာဝသယံဇာတ ကြွယ်ဝတယ်။ လက်ရှိမှာ ရခိုင်ကမ်း လွန်က သဘာဝဓာတ်ငွေ့တွေထွက်နေသလို နောက်ထပ်လည်း ရှာဖွေတွေ့ရှိထားတာရှိတယ်။ ရေနံတွေလည်း ရှာတွေ့နိုင်တယ်လို့ သိရတယ်။ သစ်၊ ဝါးနဲ့ ပင်လယ်ကရတဲ့ ငါးပုဇွန်သယံဇာတတွေလည်း ပေါတယ်။ ရခိုင့် သဘာဝသယံဇာတတွေဟာ စနစ်တကျထုတ်ယူအသုံးပြုမယ်ဆိုရင် နှစ်ကာလအတော်ကြာအထိ ရခိုင်စီးပွား ရေးကို အထောက်အပံ့ပေးနိုင်ပါတယ်။


(၇) စီးပွားရေး အခြေခံများ
ရခိုင်မှာ စီးပွားရေးအခြေခံကောင်းတွေရှိတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပြင် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ရေလုပ်ငန်း၊ သစ်၊ ဝါးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ရှိတယ်၊ ရှေးဟောင်းဘုရား၊ စေတီ၊ အဆောက် အဦတွေနဲ့ ပင်လယ်ကမ်းခြေ၊ တောတောင်၊ ရေတံခွန်ကအစ ပြည့်စုံတော့ ခရီးသွားလုပ်ငန်းလည်း ကောင်း ကောင်းလုပ်လို့ရတယ်။ ရခိုင်လူဦးရေနဲ့ ရခိုင်ကထွက်တဲ့ အခြေခံဆန်ရေစပါးက ဖူလုံရုံမက ပိုလျှံတယ်။


နိုင်ငံသစ်တစ်ခုထူထောင်တဲ့အခါ မရှိမဖြစ်လိုအပ်လာမယ့် ဆက်သွယ်ရေးကွန်ရက်တွေ၊ နေ့စဉ်သုံး ပစ္စည်းတွေနဲ့ ဆေးဝါးစတာတွေဟာလည်း ရင်းနှီးမြှုပ်နှံချင်စရာဖြစ်တယ်။ လုပ်သားအရင်းအမြစ်လည်း ကောင်းကောင်းရနိုင်တော့ နိုင်ငံခြားစက်ရုံ၊အလုပ်ရုံတွေလည်း ဖွင့်ချင်စရာဖြစ်လာနိုင်တယ်။ နိုင်ငံတစ်နိုင်ငံ ထူထောင်ဖို့အတွက်တော့ လုံလောက်တဲ့ အခြေခံကျတဲ့ စီးပွားရေးအခြေခံကောင်းတွေ ရှိတယ်။


(၈) ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်း
နိုင်ငံတစ်နိုင်ငံမှာ ပြည်ပပို့ကုန်ရှိဖို့နဲ့ ပြည်ပဝင်ငွေရှိဖို့ အထူးအရေးကြီးပါတယ်။ ရခိုင်မှာ လက်ရှိတော့ ရွှေသဘာဝဓာတ်ငွေ့က ခိုင်မာတဲ့ ပြည်ပပို့ကုန်ဖြစ်တယ်။ ရေလုပ်ငန်းထွက်ကုန်၊ သစ်တောထွက်ကုန်၊ စိုက်ပျိုး ရေးထွက်ကုန်နဲ့ မွေးမြူရေးထွက်ကုန်တွေကိုလည်း ပြည်ပသို့ ပို့နိုင်မှာဖြစ်တယ်။ အနီးဆုံးမှာ လူဦးရေများတဲ့ ဘင်္လားဒေ့ရှ်နဲ့ အိန္ဒိယတို့ရှိတယ်။ ပင်လယ်လမ်းကြောင်းကနေလည်း ပြည်ပပို့ကုန်တွေ တင်ပို့နိုင်မှာဖြစ်တယ်။ ကုန်းတွင်းပိတ်နိုင်ငံမဟုတ်တဲ့အပြင် ကုန်းတွင်းလမ်းကြောင်းရော၊ ရေလမ်းကြောင်းရော ကူးသန်းရောင်းဝယ် ရေးတွေ လုပ်လို့ရနိုင်မှာဖြစ်တယ်။


(၉) ကိုယ်ပိုင်စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း
ရခိုင်မှာ ကိုယ်ပိုင်စာပေနဲ့ ဘာသာစကားဟာ ဓညဝတီခေတ်ကတည်းက ရှိပြီးဖြစ်နိုင်တယ်။ ဝေသာ လီခေတ် (အေဒီ ၃၂၇ – အေဒီ ၈၁၈)မှာ ရခိုင်တွေဟာ စာပေကို စနစ်တကျရေးသားတတ်နေပြီဆိုတာကို အေဒီ ၇၂၉ မှာရေးထိုးတဲ့ အာနန္ဒစန္ဒြကျောက်စာက အခိုင်အမာ သက်သေထူပြီးဖြစ်တယ်။ လက်ရှိမြန်မာနိုင်ငံထဲမှာ အစောဆုံး စာတတ်တဲ့လူမျိုးတွေထဲက တစ်မျိုးဖြစ်တယ်။ အဲလိုပဲ ကိုယ်ပိုင်ယဉ်ကျေးမှု၊ လက်မှုပညာ၊ သုခုမ ကအစ ဓလေ့ထုံးတမ်းတွေအထိ သီးခြား ကိုယ်ပိုင်အခိုင်အမာရှိတာကို လက်ရှိရခိုင်ပြည်မှာ လက်တွေ့ထိတွေ့ နိုင်တယ်။
ရခိုင်ပြည်မှာ လက်ရှိနေထိုင်ကြတဲ့ ရခိုင်၊ ချင်း၊ သက်၊ ခမီ၊ မြို၊ ကမန်တွေနဲ့ ဘင်္ဂလီတွေပါ ရခိုင်ဘာသာ စကားကို ပြောဆိုသုံးစွဲကြတယ်။ ရခိုင်စကားဟာလည်း ဒေသအလျောက် လေသံအနည်းငယ် ကွဲလွဲတာက လွဲ ရင် တစ်မျိုးတည်းသော ဘာသာစကားဖြစ်တယ်။


(၁၀) ကာကွယ်ရေး
ရခိုင်ပြည်ကို စစ်ကောင်စီလက်ထဲကနေ ပြန်လည်တိုက်ယူနေတဲ့ AA ဟာ လက်ရှိအင်အား ၃သောင်း ကျော်လောက်ရှိတယ်လို့ ထုတ်ဖော်ပြောကြတာတွေရှိပေမယ့် မြေပြင်သတင်းတွေအရ ဒီထက်မက များပြား နိုင်တယ်။ ပြီးတော့ ရခိုင်မှာ အတင်းအကျပ်စစ်သားစုဆောင်းစရာမလိုဘဲ မျိုးချစ်စိတ်နဲ့ တာဝန်သိစိတ်အရ ဝင် လာကြသူတွေများပြီး လိုအပ်လာရင် နောက်ထပ်လည်း ဒီထက်မက ရနိုင်သေးတယ်လို့ သိရတယ်။


AA ဟာ စစ်‌တပ်ကို စနစ်တကျတည်ဆောက်တတ်တယ်၊ ထိန်းတတ်တယ်၊ စစ်တိုက်တတ်တယ် ဆိုတာ လက်တွေ့အားလုံးမြင်ရပြီးဖြစ်တယ်။ နိုင်ငံဖြစ်လာပြီး ခိုင်မာတဲ့ဝင်ငွေရှိလာရင် စစ်တပ်ကို ဒီထက် ခေတ်မီအောင် ဖြည့်ဆည်းသွားဖို့ပဲရှိတယ်။ ရခိုင်ဟာ အရင်ကတည်းကလည်း ဒေသတွင်းမှာ ခေတ်မီ၊ အင်အား ကောင်းပြီး စစ်တိုက်ကောင်းတဲ့ စစ်တပ်ကိုတည်ဆောက်နိုင်ခဲ့တာဖြစ်တယ်။


(၁၁) ပြည်သူလူထု
ရခိုင်မှာ ပြန်လည်တည်ဆောက်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်တွေ ရှိတယ်။ အင်္ဂလိပ် လက်ထက်ကတည်းက အိုင်စီအက်စ်တွေထဲမှာ ရခိုင်အများဆုံးဖြစ်တယ်။ အခုထိလည်း ဌာနဆိုင်ရာဝန်ထမ်း တွေနဲ့ အကြီးအကဲတွေထဲမှာ ရခိုင်တွေ အတော်များတယ်။ တိုင်းပြည်တည်ဆောက်ရေးကို ဦးဆောင်နိုင်တဲ့ ပညာတတ်အသိုင်းအဝိုင်းလည်း ရှိတယ်။
လုပ်သားအရင်းအမြစ်လည်း ပေါတယ်။ အခု ရခိုင်ပြည်ပြင်ပကို အလုပ်ထွက်လုပ်နေကြတဲ့ ရခိုင်လူ ငယ် (၁) သန်းမက ရှိနိုင်တယ်။ ရခိုင်ပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်တာနဲ့ ပြန်လာနိုင်ခြေ ရာခိုင်နှုန်းများတယ်။
ဒီတော်လှန်ရေးအတွင်းမှာ ရခိုင်ပြည်သူလူထုရဲ့ ပေးဆပ်နိုင်စွမ်းမြင့်မားမှုဟာ လွတ်လပ်တဲ့နိုင်ငံကို ပြန်လည်ရချင်တာနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ဆိုနိုင်တယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ခေတ်အ ဆက်ဆက်က ဗမာနိုင်ငံရေးသမားတွေ အသုံးမကျတာနဲ့လည်း အများကြီးသက်ဆိုင်တယ်။


ရခိုင်နဲ့ဗမာဆိုတာ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ပုံပန်းသွင်ပြင်ကအစ အားလုံးနီးပါး အတူတူ ဖြစ်တယ်။ (သွေးကွဲအောင်ပြောတာ မဟုတ်ပါ၊ ဗမာနိုင်ငံရေးသမားတွေ အ,တာကို ပြောချင်တာ ဖြစ်တယ်) လွတ်လပ်ရေးရကတည်းက ရခိုင်ကို ဗမာနဲ့ တသားတည်းဖြစ်အောင်ပေါင်းထားလိုက်ရင် တစ်ရန်အေးပြီး အား တစ်ခုပိုရမှာဖြစ်တယ်။ ( အဲဒါ ဖဆပလ က ဘူးသီးတောင်၊မောင်တောက ဘင်္ဂလီတွေကို သွားပေါင်းနေခဲ့တယ်) ဒီဖက်ခေတ်အထိ NLD က AA ကို အမြစ်ပြတ်အောင်တိုက်ခိုင်းတာတို့၊ AA နဲ့ စစ်တိုက်ပြီး ပြန်လာတဲ့ စစ်သားတွေကို NLD က ဂုဏ်ပြုပန်းကုံးစွပ်တာတို့၊ AA ကို အကြမ်းဖက်ကြေငြာတာတို့၊ ရခိုင်လွှတ်တော်မှာ ANP က အများစု အနိုင်ရတာကို NLD က ဝန်ကြီးချုပ်အတင်းတက်လုပ်တာတို့ စသည်ဖြင့် ရခိုင်ပြည်သူလူထု ကို နာကျည်းအောင်လုပ်ခဲ့ကြတာတွေဟာ လွတ်လပ်ရေးကို ဆာလောင်စေခဲ့တာဖြစ်တယ်။


(၁၂) AA ခေါင်းဆောင်များ


AA ခေါင်းဆောင်တွေဟာ လက်ရှိရခိုင်တစ်ပြည်လုံးမှာ အများစုက ယုံကြည်အားကိုး လေးစား လက်ခံ ကြတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်။ မြန်မာတစ်ပြည်လုံး အတိုင်းတာအားဖြင့်လည်း ရခိုင်တွေမှာ ခေါင်းဆောင် ကောင်းတွေ ရလေပြီလို့ အားကျကြရတဲ့ အသံတွေကို ကြားနေရတာတွေရှိတယ်။
အမှန်အားဖြင့်လည်း AA ခေါင်းဆောင်တွေရဲ့ အောင့်အည်းနိုင်မှု၊ တည်ဆောက်စုစည်းနိုင်မှု၊ ကြိုတင် တွက်ချက်နိုင်မှု၊ အချိန်ကိုက်လှုပ်ရှားနိုင်မှု၊ အခွင့်အရေးကို အမိအရဖမ်းယူနိုင်မှု၊ မဟာမိတ် တည်ဆောက်နိုင်မှု၊ စစ်ရေးကျွမ်းကျင်မှုတွေဟာ လက်တွေ့အောင်မြင်မှုတွေရယူလို့ သက်သေပြပြီးဖြစ်တယ်။
အုပ်ချုပ်ရေးပိုင်းနဲ့ ပြန်လည်တည်ဆောက်ရေးပိုင်းတွေမှာတော့ အများကြီးလည်း မလုပ်ကြရသေး သလို အကောင်းဆုံးလက်ရာတွေကို မတွေ့ကြရသေးဘူးလို့ ပြောနိုင်ပေမယ့် အစိုးရအဖွဲ့ကို စနစ်တကျ ဖွဲ့စည်း ပြီးရင် အချိန်အတိုင်းအတာတစ်ခုမှာ အကောင်းဆုံးလုပ်နိုင်မယ်လို့ လွန်ခဲ့တဲ့နှစ်တွေကတည်းက မြေပြင်မှာ လုပ်နေတာတွေကိုကြည့်ပြီး သုံးသပ်လို့ရနိုင်တယ်။ ရခိုင်ပြည်သူတွေနဲ့ သင့်လျော်ပြီး အသားကျနိုင်တဲ့ အုပ်ချုပ်ရေးစနစ်မျိုးကိုလည်း ရွေးချယ်နိုင်လိမ့်မယ်လို့ မျှော်လင့်နိုင်တယ်။


လက်စသတ်ရမယ့် အလုပ်တွေ
လက်ရှိမှာ AA အနေနဲ့ လက်ကျန်မြို့တွေကို ဆက်သိမ်းရဦးမှာဖြစ်တယ်။ မောင်တော၊ ဂွနဲ့ အမ်း (နပခ) ပြီးရင် အရေးပါတဲ့ ကျောက်ဖြူနဲ့ စစ်တွေကို ဆက်ရမှာဖြစ်တယ်။ ကျောက်ဖြူမှာ တရုတ်စီမံကိန်းတွေရှိတဲ့ အတွက် ညှိနှိုင်းမှုနဲ့ စစ်ကောင်စီက ထွက်ခွာပေးမလား ဆိုတာမျိုးတော့ စဉ်းစားစရာရှိတယ်။ လက်ရှိမှာ စစ် ကောင်စီရဲ့လေသံနဲ့ ဗုံးဆက်တိုက်ကြဲနေတာတွေက ညှိနှိုင်းမှုနဲ့ ရခိုင်ပြည်က ဆုတ်ခွာပေးမယ့်ဘက်ကို အလေး မသာဘူးလို့ပြောလို့ရသလို ညှိနှိုင်းလာအောင် လမ်းကြောင်းပေးနေတာမျိုးလည်း ဖြစ်နိုင်တယ်။


ညှိနှိုင်းတာပဲ ဖြစ်ဖြစ်၊ မညှိနှိုင်းတာပဲဖြစ်ဖြစ် စစ်ကောင်စီတပ်တွေနဲ့ အုပ်ချုပ်ရေးတွေ ရခိုင်ပြည်မှာ အကြွင်းအကျန်ပဲဖြစ်ဖြစ် AA က မထားလောက်ဘူးလို့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ အင်တာဗျူးတွေကို ကြည့်ရင် အဲဒီလိုတော့ သုံးသပ်နိုင်တယ်။ ဒါပေမယ့် တိမ်တောင်သဖွယ်၊ မင်းရေးကျယ် လို့ဆိုကြတာမို့ ဒါကို လည်း ယတိပြတ်ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ရခိုင်ပြည်ကို တစ်ပြည်လုံးသိမ်းလို့ရပြီဆိုရင်တောင် (၁) စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ရေးလုပ်မလား၊ စစ်ကောင်စီက အပစ်ရပ်ရေးသဘောတူရင် တော်လှန်ရေးကို အဲဒီမှာ ရပ်ထားလိုက်မလား (၂) စစ်ကောင်စီက အပစ်ရပ်ရေးမလုပ်ဘဲ ဒါမှမဟုတ် ညှိမရဘဲ ဗုံးဆက်ကြဲနေရင် မြန်မာပြည်အလယ်ပိုင်းကိုဆက် တိုက်မလား၊ ဧရာဝတီကို ဆက်သွားမလား (၃) ဒါမှမဟုတ် စစ်ကောင်စီနဲ့ ညှိတာနှိုင်းတာမျိုး မလုပ်ဘဲ နွေဦး‌ တော်လှန်ရေးကို အဆုံးထိဆက်သွားမလား။
AA က ရခိုင်ပြည်ကိုရတာနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်မယ့်အလုပ်ကို အတွေးတိမ်တိမ်နဲ့ တုံးတိတိ ကြီး ရပ်ပစ်လိုက်တာမျိုးတော့ မလုပ်လောက်ဘူးလို့ ယူဆနိုင်တယ်။ ဒါပေမယ့် ရခိုင်မှာ တရုတ်စီမံကိန်းတွေ ရှိနေပြီး အနောက်အုပ်စုကလည်း ဘင်္ဂလီရိုဟင်ဂျာတွေကိစ္စနဲ့ အမြင်မကြည်တာမျိုးတွေရှိတဲ့အခါ ရခိုင်စစ်ကို မြန်မာပြည်အလယ်ပိုင်းကို ရွှေ့မယ့်အခြေအနေတွေဟာ တစ်မျိုးတစ်မည်တွေလည်း ဖြစ်လာနိုင်စရာ ရှိနေ တယ်။


ရခိုင်ဟာ နိုင်ငံတစ်ခု ပြန်ဖြစ်လာမလား
ရခိုင်ဟာ သမိုင်းကြောင်းတစ်လျှောက် နိုင်ငံဖြစ်ခဲ့တယ်။ အခုလည်း နိုင်ငံဖြစ်နိုင်တဲ့ အချက်အလက် တွေနဲ့ ပြည့်စုံနေတယ်။ ရခိုင်ပြည်သူလူထုအတွက်လည်း ရခိုင်နိုင်ငံပြန်ထူထောင်ချင်တဲ့ဆန္ဒတွေဟာ နှစ်ပေါင်း ၂၄၀ တိုင်ခဲ့တာတောင် အန္တိမရည်မှန်းချက်ဖြစ်နေတုန်း။ အဲဒီအတွက်လည်း ရခိုင်ပြည်သူတွေဟာ အသက်တွေ ရော၊ အိုးအိမ်စည်းစိမ်တွေရော အားလုံးကို တစ်ချက်မှ မငြိုငြင်ဘဲ၊ မညည်းညူဘဲ ပေးဆပ်နေကြတယ်လို့ ပြော နိုင်တယ်။
ဒါပေမယ့် AA ခေါင်းဆောင်တွေဟာ အမြော်အမြင်ရှိတယ်။ အချိန်ကိုက်လုပ်တတ်တယ်။ သည်းခံ နိုင်တယ်လို့ ရှေ့မှာပြောခဲ့သလိုပဲ နိုင်ငံတစ်ခုထူထောင်တာ၊ ပြည်ထောင်စုတစ်ခုမှာ ပါဝင်ဖွဲ့စည်းတာ၊ ဘယ်ဟာက ကမ္ဘာ့နိုင်ငံတွေကြားထဲမှာ ပိုပြီးကောင်းတယ် ဆိုတာကို တွေးနိုင်တယ်လို့ သူတို့ထုတ်ပြန်ချက် တွေ၊ အင်တာဗျူးတွေနဲ့ လုပ်ရပ်တွေမှာ တွေ့နိုင်တယ်။ ပြီးတော့ စစ်အာဏာရှင် လုံးဝအမြစ်ဖြုတ်ရေးမှာလည်း AA အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေ ထမ်းဆောင်စရာ သမိုင်းပေးတာဝန်တွေ ရှိနေတယ်ဆိုတာလည်း သဘောပေါက် လက်ခံထားပုံရတယ်။


ဒီတော့ကာ ရခိုင်နိုင်ငံဆိုတဲ့ ပုစ္ဆာအပေါ် ဒီလိုမျိုး သုံးသပ်ကြည့်နိုင်တယ်။
(၁) ရခိုင်ဟာ ပြည်ထောင်စု ( ဖက်ဒရယ်/ကွန်ဖက်ဒရေးရှင်း) ဖွဲ့စည်းနိုင်မယ့် အချိန်တစ်ခုကို စောင့်လိမ့်မယ်။ စောင့်နေစဉ်အတွင်းမှာတော့ ရခိုင်ပြည်ကို သင့်တော်တဲ့ အုပ်ချုပ်ရေးပုံစံတစ်ခုနဲ့ အစိုးရဖွဲ့ပြီး အုပ်ချုပ်နေမယ်။
(၂) အမှန်တကယ် ပြည်ထောင်စုဖွဲ့စည်းနိုင်မယ့် အချိန်အခါကျတဲ့အခါ ဘယ်လူမျိုးတစ်မျိုးကဖြစ်ဖြစ် ဒါမှမ ဟုတ် ဘယ်အုပ်စုတွေကဖြစ်ဖြစ် အရင်ဖွဲ့စည်းပုံတွေမှာ ဗမာတွေက နိုင်ငံရေးခေါင်းပုံဖြတ်ခဲ့သလိုမျိုး လုပ်ဖို့ ကြိုးစားတာတွေ၊ ဥပမာ – NUG ကဖြစ်ဖြစ် မြန်မာပြည်တစ်ခုလုံးကို အုပ်စိုးမယ့် အစိုးရလိုမျိုး ပုံဖမ်းလာတာ တွေ၊ ပြည်ထောင်စုအစိုးရနဲ့ သမ္မတကို လူဦးရေအပေါ်မူတည်ပြီး ရွေးကောက်တာတွေ၊ ဒါမှမဟုတ် လူဦးရေကို အခြေခံပြီးရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူလွှတ်တော်တို့ဘာတို့က တင်မြှောက်တာမျိုးတွေ စသည် ဖြင့် နိုင်ငံရေးခေါင်းပုံဖြတ်တာမျိုးတွေလုပ်လာရင် ရခိုင်ဟာနိုင်ငံဖြစ်သွားလိမ့်မယ်။

(၃) ဗမာပြည်နယ် မလုပ်ချင်တာမျိုးတွေ၊ ဗမာကိုယ်စားပြု ဘယ်သူမှန်းမသိတာမျိုးတွေ၊ အခြားတိုင်းရင်းသား လူမျိုးတွေ၊ နယ်မြေတွေမှာလည်း နယ်မြေကိစ္စ၊ ပြည်နယ်ပေးသင့် မပေးသင့်ကိစ္စ၊ လူမျိုး သို့မဟုတ် နယ်မြေ ဒေသတစ်ခုရဲ့ ကိုယ်စားပြုအဖွဲ့အစည်းကိစ္စ၊ အဲဒါမျိုးတွေကို မူဘောင်တစ်ခုသတ်မှတ်တာတို့၊ မူဘောင်အတိုင်း လိုက်နာနိုင်စွမ်းရှိတာတို့ မလုပ်နိုင်ဘဲ ကြန့်ကြာနေမယ့်ကာလအတွက်က အချိန်အတိုင်းအတာတစ်ခုထိတော့ ရှိလိမ့်မယ်။ ဖြစ်သင့်တာတွေဖြစ်ဖို့ လုပ်သင့်တာတွေကို မလုပ်နိုင်ကြဘဲ အကြောင်းအကျိုးဆီလျော်တဲ့ အချိန် တစ်ခုထက်ကျော်သွားရင်တော့ ရခိုင်ဟာ နိုင်ငံဖြစ်သွားလိမ့်မယ်။

အဲဒီတော့ AA ဟာ ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်နိုင်ရုံသက်သက်နဲ့တော့ နိုင်ငံလို့ အလွယ်တကူ ထ ကြေငြာမှာက မဖြစ်နိုင်လောက်ပေမယ့် ဗမာအပါအဝင် ကျန်တဲ့တိုင်းရင်းသားလူမျိုးတွေရဲ့ အခြေအနေ၊ သဘောထား၊ ဆုံးဖြတ်ချက်နဲ့ တုန့်ပြန်မှုတွေအပေါ်မူတည်ပြီး ရခိုင်ဟာ နိုင်ငံဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါ တယ်။

နေထက်မိုးဇော် ဟာ နိုင်ငံရေး သုံးသပ်သူဆောင်းပါးရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့

သုံးသပ်ချက်တွေကို သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာဖြစ်တဲ့‌ ဖော်ပြပါ တယ်လီဂရမ်မှာလည်း တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။

https://t.me/ourfutureroads

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *