ရခိုင်ရိုးမတောင်ခြေ မြို့ဖြစ်တဲ့ အမ်းမြို့နယ် က ကျေးရွာတွေမှာ တုတ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ အိမ်တိုင်းနီးပါး ဖြစ်နေကြပြီး ဆေးဝါးရရှိဖို့ ခက်ခဲနေတယ် လို့ သိရပါတယ်။
စစ်ရှောင်စခန်းတွေမှာ မိုးရာသီအတွက် အမိုးအကာတွေ မလုံခြုံသလို ၊ ခြင်ထောင်နဲ့ စောင်တွေ အလုံအလောက်မရှိတဲ့ အတွက် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်တာတွေ ကြုံနေကြရတာဖြစ်တယ်လို့ ဒေသတွင်း ဆေးဝါးကုသရေးတွေ ဆောင်ရွက်ပေးနေသူ တွေက ပြောပါတယ်။
“ဆေး၀ါးအလုံအလောက်မရှိတဲ့ အခါ ၊ ဖြစ်ခါစလူနာကိုပျောက်ကင်းအောင်မကုသပေးနိုင်လို့အခုလို ကူးစက်မူတိုးလာပါတယ်။ တချို့ကခြင်ထောင်မရှိ စောင်မရှိဘဲဒီအတိုင်းအိပ်နေရတယ်” လို့ ဒေသတွင်း ဆေးဝါးကုသပေးနေသူ အာရက္ခပြည်သူ့ အစိုးရ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အမ်းမြို့နယ်ထဲမှာ ရခိုင် နဲ့ ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်ကြပါတယ်။ အမ်းမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၅၀ ကျော်ရှိပြီး လူနေတဲ့ အိမ်တိုင်းစေ့နီးပါး ဖျားနာနေကြတာဖြစ်တယ်လို့ဆိုပါတယ်။
ရခိုင်ပြည်က လွတ်မြောက်မြို့တွေ မှာ အာရက္ခပြည်သူ့အစိုးရ ရဲ့ ကျန်းမာရေးဌာန က ကျန်းမာရေးဝန်ထမ်းတွေဟာ တုတ်ကွေးနဲ့ ငှက်ဖျားရောဂါ အတွက် ဆေးဖျန်းတာတွေ ၊ အသိပညာပေးတာတွေ ပြီးခဲ့တဲ့လက ဆောင်ရွက်ခဲ့ပေမယ့် တပြည်လုံးကို မလွှမ်းခြုံနိုင်တဲ့အခြေအနေဖြစ်ပါတယ်။
အာရက္ခတပ်တော်ဘက်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းများ ၊ အရပ်ဘက်အဖွဲ့များကို ဖိတ်ခေါ်ထားပေမယ့် လေကြောင်းရန် အပါအဝင် လုံခြုံရေးအခြေအနေတွေကြောင့် လူသားချင်းစာနာမှု အကူအညီတွေလည်း ရရှိဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက်မှာ အမ်းမြို့ အနီးဝန်းကျင်တွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေထဲက အချို့သာ နေရပ်ကို ပြန်သွားနိုင်သေးတာဖြစ်ပါတယ်။
အမ်းချောင်းသူ ၊ လေး၀တီFM