အဝေးဆီက ပန်းတျားစည်သံ ခပ်သဲ့သဲ့ ထွက်ပေါ်လာတာနဲ့ ရခိုင်ကျေးလက်ရဲ့ မင်္ဂလာညနေခင်းတစ်ခု စတင်ပြီဆိုတာ သိနိုင်ပါတယ်။ ဒါဟာ ရခိုင်လူမျိုးတို့ရဲ့ အနှစ်သာရရှိလှတဲ့ “သမက်တက်ပွဲ” ရိုးရာမင်္ဂလာ အခမ်းအနားပဲ ဖြစ်ပါတယ်။
ရခိုင်တို့ရဲ့ ဓလေ့မှာ မင်္ဂလာရာသီကို အလွန်ရွေးချယ်ကြပါတယ်။ နတ်တော်လနဲ့ ပြာသိုလတွေအပြင် ဝါတွင်းသုံးလမှာလည်း မင်္ဂလာရက်ကို ရှောင်ကြဉ်တတ်ကြပါတယ်။ ဆောင်းအကုန် နွေအကူး၊ စပါးရိတ် သိမ်းပြီးလို့ ဝင်ငွေရွှင်ပြတဲ့ တပို့တွဲ၊ တပေါင်းလတွေဟာ သမက်တက်ပွဲတွေနဲ့ အစည်ကားဆုံးပေါ့။
နေ့ရက်ရွေးချယ်ရာမှာလည်း မိမိတို့ မွေးနေ့အလိုက် “ပြဿဒါး” နဲ့ “ရက်ရာဇာ” ကို သေချာ တွက်ချက်ပြီး မှ မင်္ဂလာရက်ကို သတ်မှတ်ကြပါတယ်။
မင်္ဂလာပွဲစတဲ့အခါ သတို့သားက တောင်ရှည်ပုဆိုးကို နဂါးပတ်တွန့်ဆင့်ကာ အထက်တန်းကျကျ ဝတ် ဆင်ပြီး၊ သတို့သမီးကတော့ ရှေးဟောင်း နိမိတ်ပုံတွေဖြစ်တဲ့ နတ်ရုပ်၊ ခြင်္သေ့ရုပ်တွေ ပါဝင်တဲ့ ထိုင် မသိမ်းအင်္ကျီနဲ့ တင့်တယ်နေပါတယ်။
မင်္ဂလာပွဲရဲ့ အသက်ဖြစ်တဲ့ “မင်္ဂလာဦးဆောက်ပန်း” သို့မဟုတ် “ဦးသျှောင်” ကိုတော့ အခမ်းအနားမစခင်မှာပင် သတို့သားနဲ့ သတို့သမီးတို့က ဆင်ယင်ထားရပါတယ်။
ဒီဦးသျှောင်ကို ရွှေ၊ ငွေ၊ နဝရတ် ကိုးပါးနဲ့ စီခြယ်ထားပြီး သတို့သမီးက ဦးခေါင်းရဲ့ လက်ဝဲဘက်၊ သတို့သားက လက်ယာဘက်မှာ ဆင်ယင်ရတာဟာ ရခိုင်တို့ရဲ့ အနုစိတ်လှတဲ့ အနုပညာတစ်ခုပါပဲ။
သမက်တက်ပွဲ၏ ထူးခြားချက်မှာ အမည်နှင့်အညီ သတို့သားသည် သတို့သမီးအိမ်သို့ “တက်လှမ်း” လာရခြင်း ဖြစ်သည်။ တခြားသော လူမျိုးစုအများစုတွင် အမျိုးသမီးက အမျိုးသားအိမ်သို့ လိုက်ပါရသည့် ဓလေ့ရှိသော်လည်း ရခိုင်တို့မှာမူ အမျိုးသားက အမျိုးသမီးအိမ်သို့ လိုက်ပါနေထိုင်ရသည့် (Matrilocal) စနစ်ကို ကျင့်သုံးကြခြင်း ဖြစ်သည်။
ဤသည်မှာ ရခိုင်လူမျိုးတို့သည် မိမိတို့၏ အမျိုးသမီး များကို မည်မျှတန်ဖိုးထား လေးစားသည်၊ မိသားစုအသိုက်အဝန်းတွင်
အမျိုးသမီးများ၏ ကဏ္ဍကို မည်မျှ အရေးပေးသည်ဆိုသည်ကို ဖော်ပြနေသည့် ဂုဏ်ယူဖွယ်ရာ အချက်ပင် ဖြစ်ပါသည်။
သတို့သမီးအိမ်မှာ ကာလတစ်ခု တူတူနေထိုင်ပြီးမှသာ မဂ်လာမောင်နံ အတွက် ၊ နှစ်သက်ရာ နေရာကို ပြောင်းရွှေ့တတ်ကြသည်။ ဒါကြောင့် သတိုးသား (သို့) သမက်ဖြစ်သူသည် သတို့သမီး ၊ အိမ်ရှင်မ အပေါ်မှာ ပိုမိုနားလည်ခြင်း ၊ သတို့သမီး ၏ မိသားစု နှင့် ရင်းနှီးကျွမ်းဝင်ခြင်းကို ဖြစ်စေပါသည်။
မင်္ဂလာအခမ်းအနားပြုမည့် စားပွဲခုံကိုလည်း အစီအရင်များဖြင့် ပြင်ဆင်ထားပါသည်။ စားပွဲပေါ်တွင် စပါးစေ့များနှင့် ငွေဒင်္ဂါးများကို ဖြူးထားခြင်းမှာ နောင်ရေးအတွက် ကြွယ်ဝချမ်းသာပါစေဆိုသည့် နိမိတ်ဖြစ်ပြီး၊ ပရိတ်ချည်များဖြင့် အကြိမ်ကြိမ် ရစ်ပတ်ကာ ဘေးအန္တရာယ်များကို ကာကွယ်ထားသည်။ အခမ်းအနား စတင်သည့်အခါ သတို့သားနှင့် သတို့သမီးသည် မိဘနှစ်ပါးကို အစားအအသောက်များ ခွံ့ကျွေးကာ ကျေးဇူးဆပ် ကန်တော့ကြရသည်။ ထို့နောက်တွင်မှ သတို့သားက မိမိ၏ ဦးသျှောင်ကို ဖြုတ်ပြီး သတို့သမီး၏ ဦးခေါင်းပေါ်တွင် တင်ပေးလိုက်သည်။
ဤအခိုက်အတန့်ဟာ “ငါ့ဘဝ၏ ဦးဆောင်မှုကို မင်းလက်ထဲ အပ်နှင်းလိုက်ပြီ၊ ငါတို့သည် တစ်သက်စာ လက်တွဲဖော်များ ဖြစ်သွားပြီ” ဆိုသည့် လေးနက်တဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။ အဆုံးသတ်မှာ မင်္ဂလာမောင်နှံတွေဟာ လက်တွဲလျက် အိမ်ဦးခန်းရှိ ဘုရားစင်ကို သွားရောက်ဦးချကာ ဘဝသစ်ကို စတင်ကြပါတယ်။ ဒီလုပ်ငန်းစဉ်များသည် ဒေသအလိုက် ကွဲပြားမှုလည်းရှိနိုင်ပါသေးသည်။
ဒီနေ့ခေတ်မှာတော့ အဲဒီလို ပန်းတျားစည်သံတွေ၊ ရှေးဆန်တဲ့ အစီအရင်တွေဟာ မြို့ပြရဲ့ ရေစီးကြောင်းအောက်မှာ တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့ပါပြီ။ ရခိုင်ပြည် ၏ ပြန်လည်ဖော်ထုတ်ရမည့် ထုံးထမ်းတွေထဲမှာ ဒီသမက်တက်ပွဲ မဂ်လာအစီအစဉ်ဟာ လည်း တစ်ခုပါဝင်လာခဲ့ပါသည်။
အထွီးဘုံ – လေးဝတီFM