ရခိုင်ပြည်နယ် တောင်ပိုင်းအစ ကျွန်းမြို့တစ်မြို့ဖြစ်တဲ့ ရမ်းဗြဲကျွန်းကို ရခိုင့်တပ်တော် AA ကသိမ်းပိုက်ပြီးချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ ဒီမြို့ဟာ တစ်မြို့လုံးနီးပါးပျက်စီးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေဆီက သိရပါတယ်။
ဒါ့အပြင် မြို့ပေါ်က နေအိမ်တွေ စွန့်ခွာထွက်ပြေးရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ပုန်းခိုနေထိုင်နိုင်တဲ့ ကျေးရွာတွေ ၊ ဘုန်းကြီးကျောင်းတွေကိုပါ လေကြောင်းက ထပ်မံ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ရမ်းဗြဲမြို့ ပေါ်ကို လေယဉ်တွေ အဆက်မပြတ်ဝဲနေတယ်၊ အနီးအနားက ရွာတွေကိုလည်း ဗုံးကျဲနေတုန်းပဲ ၊ သူတို့ လက်လွတ်လိုက်ရတဲ့ မြို့ဖြစ်လို့ တစ်မြို့လုံး ညက်ညက်ကြေအောင်လုပ်နေတယ် “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရမ်းဗြဲတစ်မြို့လုံး က ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ရှောင် မြို့လူထု ဟာ တစ်သိန်းဝန်းကျင်ရှိပြီး ဒီစစ်ရှောင်တွေ နေထိုင်တဲ့ နေရပ် ကို အတိကျ ပြောဖို့ ခက်နေတုန်းအခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။
“AA က သိမ်းပြီး ပြီ ဆိုပေမယ့် မြို့ထဲ ပြန်မဝင်ရဲသေးဘူး၊ လေယဉ်က အဆက်မပြတ် ဝဲနေတယ်။ အောက်က လူအုပ် ဖြစ်ဖြစ် မီးခိုးဖြစ်ဖြစ် တွေ့တာနဲ့ ဗုံးကျဲတယ်၊ ပြီးတော့ မပျက်စီးသေးတဲ့ အဆောက်အအုံ အားလုံးကို ပစ်မှတ်ထားပြီး ပစ်နေတယ် ” လို့ ရမ်းဗြဲဒေသ
ဆရာတော် တစ်ပါးက မိန့်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရမ်းဗြဲ တိုက်ပွဲအတွင်း ပြည်သူ့ဆေးရုံအပါအဝင် ၊ မြို့တွင်းရပ်ကွက် များမှ နေအိမ် ရာနဲ့ချီ ကို တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။