ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲမြန်ကျေးရွာမှာ သောက်သုံးရေကန်
ရေခမ်းခြောက်လာပြီး အောက်ခြေအနည်ထိုင်လာတဲ့အတွက် သောက်ရေကန်တွင်းက
ရေတွေဟာ အုတ်ခဲကျိုးရောင် လို နောက်ကျိနေပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။
\”သောက်ရေက အုတ်ခဲရောင်ဖြစ်နေတယ်။ အဲတော့ ရွာသားတွေက မသောက်ရဲကျဘူး။
စစ်ဆေးဖို့ ဓာတ်ခွဲခန်းပို့ဖို့ကလည်း ခုအနေအထားနဲ့က လုံးဝမဖြစ်နိုင်၊ ရွာမှာ သောက်ရေကိစ္စ
တော်တော်ဒုက္ခရောက်နေတယ်\” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီသောက်ရေကန် ဟာ လက်ဝဲမြန်ကျေးရွာအပါ ဝင် အနီးဝန်းကျင်က ကျေးရွာ သုံးခု လောက်က
သောက်သုံးနေတဲ့ရေကန် ဖြစ်ပြီး လတ်တလောမှာ ဒေသခံတွေ အတွက် သောက်သုံးရေ
အခက်အခဲ ဖြစ်နေပါတယ်။
မိုခါမုန်တိုင်း ဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့ဟာ မုန်တိုင်းတိုက်စဉ်
ကာလအတွင်း ဒီသောက်ရေ ကန်ထဲကို အိမ်မိုးသွပ်၊ သံ နဲ့ တခြား ညစ်ညမ်းစေတဲ့ အရာတွေ
သောက်ရေကန် တွင်း ကို ကျရောက်ခဲ့ခြင်းကြောင့် ရေခမ်းလာတဲ့ အခါ အောက်ခြေ
အနည်ထိုင်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
\”ဓာတ်ခွဲခန်းကို ပို့လို့မရရင်တော့ ဒီလို လုပ်ကြည့်လို့ရတယ်။ ရေ ၂၀လီတာလောက်ခပ်ပြီးတော့
ကျောက်ချဉ် ၅ ကျပ်သားလောက်ထည့်စိမ်။ နာရီဝက် တစ်နာရီလောက်ဆို ရေကြည်လာရင်တော့
သောက်သုံးလို့ရပါတယ်\” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူ တစ်ဦးက
ဆိုပါတယ်။
သောက်ရေ ညစ်ညမ်းရခြင်းမှာ ရေကန်ထဲသို့ ပင်လယ်ရေဝင်ရောက်ပြီး သံ နှင့် ဓာတ်ပြု သွားတဲ့
အတွက် အခုလို သောက်ရေကန် တစ်ခုလုံး ညစ်ညမ်း သွားတာ ဖြစ်နိုင်တယ်လို့ လည်း
သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် သောက်ရေကန်အများစုမှာ ပင်လယ်ရေဝင်ရောက်ခြင်း၊
သံတိုသံစအပါအဝင် သွပ်များ ကျရောက်ခြင်း၊ အမှိုက်သရိုက်များကျရောက်ခြင်းတို့ကြောင့်
သောက်ရေကန် အများအပြား ရေညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်းလည်း သိရပါတယ်။
ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး ဒေသတွေမှာ သောက်ရေ ကန် က ရေကို အဓိက
သောက်သုံးကြပြီး အခုလို နွေရင့်လာချိန်မှာ ရေမသန့်တဲ့ ပြ သနာ တွေ
နှစ်စဉ်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။