Laywaddy FM

ရခိုင်-ပဲခူး နဲ့ ရခိုင်-မကွေး နယ်ခြား ဂိတ်တွေကို စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်နေ

ရခိုင်-ပဲခူး နဲ့ ရခိုင်-မကွေး နယ်ခြား ဂိတ်တွေကို စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်နေ

ရခိုင်-ပဲခူး နဲ့ ရခိုင်-မကွေး နယ်ခြားဂိတ်တွေဖြစ်တဲ့ နတ်ရေကန်ဗျူဟာနဲ့ မိုးထိတောင် ဗျူဟာ ကို စစ်ကောင်စီဘက်က ဇန်နဝါရီ ၂၉ ရက်ညနေပိုင်းက စတင်ပြီး ပြန်လည်ထိုးစစ်ဆင်နေတယ် လို့ မြေပြင် သတင်းရရှိပါတယ်။

AA သိမ်းပိုက်ထားပြီးဖြစ်တဲ့ ရခိုင်-မကွေး အစပ် အမ်း-ပဒန်းလမ်း မပေါ်က နတ်ရေကန်ဗျူဟာကုန်း နဲ့ ရခိုင်-ပဲခူးအစပ် တောင်ကုတ်-ဉသျှစ်ပင်လမ်းပေါ်က မိုးထိတောင်ဗျူဟာကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

“ပဒန်းမြို့အထွက် ပြင်းဝဂိတ်ကနေ နတ်ရေကန်ကို စစ်ကြောင်းတွေ တက်လာပြီး ပြန်တိုက်နေတယ်၊ လက်နက်ကြီးအသစ်တွေ ၊ ဒရုန်းတွေလည်းပါတယ်။ ရှေ့ရက်တွေကတော့ အဲ့နေရာတွေကို လေကြောင်းက ကြဲတာ ၊ဒီရက်တော့ ခြေလျှင်တပ်တွေနဲ့ ပြန်ထိုးစစ်ဆင်နေတာပါ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်ပြည် အမ်းမြို့နဲ့ မကွေးတိုင်းအစပ်က ဂုတ်စီးရိုးဂိတ်နဲ့ နတ်ရေကန်ဂိတ်တို့ကို တင့်ကားတွေ အပါအဝင် စစ်အင်အား ၆၀၀ လောက် အသုံးပြုပြီး ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းခြေမြန်တပ်ရင်းဌာနချုပ် တပ်မ-၈၈ က ဦးဆောင်ပြီး အမ်း-ပဒန်းလမ်းပိုင်းတစ်လျှောက်ကို တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ဒါအပြင် မကြာသေးခင်က အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မိုးထိတောင်နယ်ခြားစခန်းကိုလည်း ဉသျှစ်ပင် အခြေစိုက် ကပစ(၉) နဲ့ ညောင်ခြေထောက်ကျေးရွာ က အင်အားဖြည့်ထားတဲ့ စစ်ကောင်စီတပ်တွေ ဟာ တချိန်တည်းထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

“မနေ့ညက ၅ နာရီကျော်မှာ ညောင်ခြေထောက်က တဆင့် တောင်ကုတ်ရိုးဘက်ကို ပြန်တက်တယ်၊ မိုးထိတောင်က စစ်ရေးအရ ဗျူဟာကျတယ်၊ အမြင့်ဆုံးတောင်ပေါ်ဖြစ်တယ်၊ ဒါကြောင့် သူတို့ က ပေါ်တာဆွဲထားတဲ့ လူတွေကို လူသားဒိုင်းလို သုံးပြီး ပြန်တက်လာကြတာ တက်တယ် အင်အား ၂၀၀ ကျော်ပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်မြို့ ၊ ပဒန်းမြို့ ၊ ဉသျှစ်ပင်မြို့တွေက ကုန်တင်ကားတွေကို ပေါ်တာဆွဲပြီး ရခိုင်ရိုးမကို အင်အားတွေ ထပ်ဖြည့်နေတာ တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဘက်က ရခိုင်-မကွေး နယ်စပ်၊ ရခိုင်-ပဲခူး နယ်စပ်ဂိတ်တွေကို သိမ်းပိုက်ပြီးကြောင်းထုတ်ပြန်ပြီးချိန်မှာ အခုလို အင်အားအလုံးအရင်းနဲ့ ရိုးမပေါ်ကို ပြန်တက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အဉ္စနလီညှင်း လေး၀တီ(FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *