“ တစ်ကယ်တော့ ရခိုင်မှာရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြား ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရှင်တွေ ဟာ အ, ချင်ယောင်ဆောင်နေတဲ့ ကြောင်သူတော်ကြီးတွေပါပဲ။ အခု ရခိုင်မှာ စစ်ဖြစ်နေတာ (၇)လ ကျော်သွားပြီ။ ရှုံးမဲမဲနေတဲ့ စစ်ကောင်စီရဲ့လက်ချက်ကြောင့် အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာရသူတွေ (၅) သိန်း ကျော်သွားပြီ။ မြန်မာတစ်ပြည်လုံးမှာဆိုရင် (၅)သန်းကျော်သွား ပါပြီ။ မိုးရာသီမှာ အမိုးအကာအောက်ကို ရောက်ဖို့တောင်မှ မလွယ်သေးဘူး။ ဒါပေမဲ့ ရခိုင်က ရွှေဂက်စ်တွေ က ထုတ်လို့ကောင်းတုန်း။ ရေနံပိုက်လိုင်းတွေက ရေနံတွေအဆက် မပြတ်စီးဆင်းကောင်းနေတုန်း။ စစ်ကောင်စီကတော့ ရခိုင်ပြည်သူတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးက စစ်အာဏာရှင်ဆန့်ကျင်တဲ့သူ တွေကို ဖမ်းဆီးသတ်ဖြတ်ဖို့၊ ရွာတွေကိုမီးရှို့ဖို့၊ ဗုံးကြဲဖို့အတွက် အဓိကဝင်ငွေအဖြစ် ရနေတုန်း။ ဒါပေမဲ့ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူတွေအတွက်တော့ ဘာထောက်ပံ့ကူညီမှုမှ ရောက်မလာဘူးဘာအသံ တစ်သံမှ ထွက်မလာဘူး။ “ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်(ရခိုင်ပြည်) ရဲ့ဦးဆောင်ကော်မတီ အဖွဲ့ဝင် တစ်ဦးကအထက်ပါအတိုင်း ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း (၂၈) ခုအထိရှိကာ အများစုက ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွေဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၉) ဘီလီယံကျော် ရှိပါတယ်။ ရခိုင်ပြည်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကို ( A1 – A7 ) နဲ့(AD1 – AD18) အထိ လုပ်ကွက် (၂၅) ကွက် သတ်မှတ်ထားပါတယ်။ လုပ်ကွက်အများစုမှာစမ်းသပ်ရှာဖွေနေကြပြီး သဘာဝ ဓာတ်ငွေ့ရှာဖွေတွေ့ရှိထားတဲ့ လုပ်ကွက်တွေကတော့ (A1) (A3)(A6) (AD7) တွေဖြစ်ပါတယ်။လက်ရှိတူးဖော်နေတဲ့ လုပ်ကွက်တွေကတော့ –
A1 – လုပ်ကွက် – ရွှေသဘာဝဓာတ်ငွေ့သိုက်ကနေ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံသို့စပြီးပို့ခဲ့တယ်။ ရွှေဖြူတွင်းတွေကနေ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ
စပြီးထုတ်လုပ်နိုင်မှာဖြစ်တယ်။ A3 – လုပ်ကွက် – မြသဘာဝဓာတ်ငွေ့တွင်းတွေကနေ ၂၀၂၅ ခုနှစ်လောက်မှာ စပြီးထုတ်လုပ် နိုင်မှာဖြစ်တယ်။
A1 နဲ့ A3 ဟာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းဝင် လုပ်ကွက်တွေဖြစ်ပြီး POSCO International က (၅၁%)၊ Oil and Natural Gas Corporation (ONGC) က(၁၇%)၊ Myanmar Oil and Gas
Enterprise (MOGE) က (၁၅ %)၊ Gas Authority of India Ltd က (၈.၅ %)၊ Korean Gas Corporation ( KOGAS ) က (၈.၅%) ပိုင်ဆိုင်ကြတယ်။ တရုတ်နိုင်ငံက ကျောက်ဖြူမှာ ရေနံနဲ့ဂက်စ် ပိုက်လိုင်းလုပ်တယ်၊ ရွှေဂက်စ်ကိုဝယ်တယ်၊ အထူး စီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်မယ်။ အဲဒါအပြင် အခုရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှာ ကိုးရီးယားနဲ့အိန္ဒိယက ကုမ္ပဏီတွေပါ အဓိကပါဝင်နေတာကို
တွေ့ရမှာဖြစ်ပါတယ်။ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ပြည်တွင်းသုံးဓာတ်ငွေ့ တန်ဖိုးအပါအဝင်တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါး စစ်ကောင်စီကို ပေးနေတာဖြစ်ပါတယ်။
ပိုက်လိုင်းစီမံကိန်း (၂)ခုကနေပြီးလည်း တစ်နှစ်ကို အမေရိကန် ဒေါ်လာ (၁၀၇) သန်းကျော် စစ်ကောင်စီက ရနေတာဖြစ်ပါတယ်။ ရခိုင်ဒေသမဟုတ်တဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေဖြစ်တဲ့
ရတနာ၊ ရဲတံခွန်၊ ဇောတိက တို့ကလည်း တစ်နှစ်ကိုပျမ်းမျှ အမေရိကန်ဒေါ်လာ (၁)ဘီလီယံကျော်လောက်ကို မြန်မာစစ်တပ်က ရနေတာဖြစ်တယ်။
အခု တစ်ကျော့ပြန်ရခိုင်စစ်ပွဲကလည်း (၇)လကျော်လာခဲ့တဲ့အခါမှာ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ဦးရေ (၅)သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ “ ငါတို့စစ်ရှုံးရင်
သူတို့လည်းအိမ်တိုင်တစ်ချောင်းမှ မကျန်စေရ “ ဆိုတဲ့မူနဲ့ လက်နက်ကြီး၊ လေကြောင်းနဲ့ မီးရှို့မှုတွေကြောင့် အဆောက်အအုံပေါင်း (၆၀၀၀) နီးပါး ဖျက်ဆီးခံခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ
လူနေအိမ်တွေတွင်မက စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လမ်းတံတားတွေပါ ပါဝင်ပါတယ်။ စစ်ကောင်စီ လက်ချက်
ကြောင့် သေဆုံးရသူ အရပ်သား (၂၆၈)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၆၄၀)ဦး၊ စုစုပေါင်း (၉၀၈)ဦး ရှိတယ်လို့ (HDCO) ကထုတ်ပြန်ထားပါတယ်။ မကြာသေးခင်ကပဲ မြန်မာစစ်တပ်ဟာ ၂၀၂၄ခုနှစ် မေလ (၁၁)ရက်နေ့က စစ်ကိုင်းတိုင်း၊ လက်ထု တ္တောရွာမှာ အမျိုးသမီး (၂)ဦးအပါအဝင် ရွာသူရွာသား (၃၃)ဦးကို အစုလိုက်အပြုံလိုက်ပစ်သတ်ခဲ့ကြတယ်။ မေလ ၂၉၊၃၀၊၃၁ ရက်တွေမှာ စစ်တွေမြို့အနီး
ဗျိုင်းဖြူရွာမှာ (၇၆)ဦးကို အစုလိုက်အပြုံလိုက် ပစ်သတ် ခဲ့ကြပြန်တယ်။ ဇွန်လ (၃)ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းအနီး မတောရွာက မဂ်လာဆောင်ကို ဗုံးကြဲ ခဲ့တဲ့အတွက် (၂၉)ဦးခန့်
သေဆုံးပြီး (၆၆)ဦးလောက် ဒဏ်ရာရကြရတယ်။ ဇွန်လ ၄၊၅ ရက်တွေမှာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဆင်ခေါင်းရွာကို တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ရေတပ်နဲ့အမြောက်တပ်က အမြောက်နဲ့ ပစ်ပြီး
လေယာဉ်ကဗုံးကြဲလို့ (၁၄)ဦးနဲ့အထက် သေဆုံးပြီး (၂၄)ဦးကျော် ဒဏ်ရာရကြတယ်။
အဲဒီလို လူမဆန် တဲ့ အရပ်သားဦးတည် တိုက်ခိုက်မှု စစ်ရာဇဝတ်မှုတွေကို ရက်ရက်စက်စက်ကျူးလွန်နိုင်ဖို့အတွက် ဒီရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းအပါအဝင် တခြားရေနံနဲ့
သဘာဝဓာတ်ငွေ့စီမံကိန်းတွေက ရနေတဲ့ဝင်ငွေတွေဟာ အဓိကဘတ်ဂျက်ဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံးမှာလည်း ISP Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးတဲ့ ၂၀၂၁
ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအထိ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူပေါင်း (၅) သန်းနီးပါးရှိပါတယ်။
လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းကြောင့်ပင် အိုးအိမ်ပျက်စီး နေရပ်စွန့်ခွာရသူပေါင်း (၃)သိန်းကျော်ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ
အိုးအိမ်အဆောက်အအုံပေါင်း (၈)သောင်းကျော် ပျက်စီးရတယ်။ ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး၊ နိုဝင်ဘာ (၁၃) ရက်နေ့က စတင်တဲ့ ရခိုင်စစ်ပွဲတွေနဲ့ဆိုရင် အိုးအိမ်ဖျက်ဆီးခံရမှုပေါင်းဟာ
သိန်းချီသွားပြီဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် ဇန္နဝါရီလအထိ လေကြောင်း တိုက်ခိုက်မှုသက်သက် (၃၃၉၉)ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ပြီး ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုး ဖောက်မှုတွေနဲ့ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေတဲ့ အခြေအနေတွေကြောင့် ဒီရေနံနဲ့
သဘာဝဓာတ်ငွေ့ စီမံကိန်းတွေက ရနေတဲ့ဝင်ငွေတွေဟာ စစ်အာဏာရှင်တွေကို ငွေကြေးထောက်ပံ့ရာရောက်နေတဲ့အတွက် ဒီစီမံကိန်းတွေကို ရပ်တန့်ကြဖို့၊ ထွက်ခွာသွားကြဖို့
ပြည်တွင်းနဲ့နိုင်ငံတကာက ဝိုင်းဝန်းတောင်းဆိုကြ တဲ့အတွက် ပြင်သစ်ကုမ္ပဏီ TOTAL ၊ အမေရိကန်ကုမ္ပဏီ Chevron ၊ ဩစတြေလျ ကုမ္ပဏီ woodside အစရှိသဖြင့် မြန်မာရေနံနဲ့
သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ ဂုဏ်သိက္ခာရှိရှိ ထွက်ခွာသွားခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုးရီးယားကုမ္ပဏီ POSCO၊ KOGAS၊ အိန္ဒိယကုမ္ပဏီ ONGC Videsh နဲ့ GAIL၊
ထိုင်းကုမ္ပဏီ PTTEP တို့ကတော့ ၎င်းတို့ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကို ဆက်လက်လည်ပတ်မြဲ၊ တရုတ် ကလည်း သဘာဝဓာတ်ငွေ့တွေ ဝယ်မြဲ၊ ရေနံတွေကို ပိုက်လိုင်းကနေ
ပို့မြဲ၊ စစ်ကောင်စီကို ဒေါ်လာတွေ ပေးနေမြဲ ဖြစ်ပါတယ်။
အခု ဇွန်လ (၁၁)ရက်နေ့ကပဲ တရုတ်က စစ်ကောင်စီကို ကင်းလှည့်ရေယာဉ် (၆)စီး ပေးခဲ့တာဟာ စစ်ကောင်စီက ဘယ်နေရာတွေမှာသုံးလာနိုင်တယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။
ဇွန်လ (၁၂)ရက်နေ့က လည်း အိန္ဒိယတပ်မတော် တွဲဖက်ထောက်လှမ်းရေး ညွှန်ကြားရေးမှုးဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာစစ်ကောင်စီနဲ့ တွေ့ကြပြီး စစ်ဘက်ဆိုင်ရာပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊
သင်တန်းသားများအပြန်အလှန်စေလွှတ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စတာတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ စကစသတင်းမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ၊ တရုတ် နဲ့ ထိုင်းစစ်ဘက်တွေဟာ မြန်မာစစ်အာဏာရှင်တွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို အဆက်မပြတ်ထူထောင်ထားပြီး မြန်မာစစ်တပ်ကို စစ်လက်နက်၊လေယာဉ်ဆီ၊နည်းပညာတွေ ထောက်ပံ့တာ၊ သင်တန်းပေးတာတွေလုပ်ပေးနေတာတွေဟာ မြန်မာပြည်ကို စစ်မီးပိုပြီးတောက်လောင်စေဖို့၊ မြန်မာပြည်သူ တွေအပေါ် ဆိုးရွားတဲ့ အကြမ်းဖက်စစ်ရာဇဝတ်မှုတွေ ရက်ရက်စက်စက်ကျူးလွန်နိုင်စေဖို့ အပြည့်အဝ ကျားကန်ပေးရာ ရောက်နေပါတယ်။
ဒီသဘာဝသယံဇာတက ရနေတဲ့ဝင်ငွေတွေနဲ့ ပြည်သူတွေကို ထင်ရာပြုကျင့်နိုင်ဖို့ မြန်မာစစ်တပ် ဟာ ၂၀၀၈ ဖားတစ်ပိုင်းငါးတစ်ပိုင်း ဗဟိုချုပ်ကိုင်မှုအခြေပြု ဖွဲ့စည်းပုံကို
အလံရှူးတွေနဲ့ ခပ်တည်တည် ပြဌာန်းပြီး ပုဒ်မ(၃၇)(က)(ခ) တွေနဲ့ တိုင်းရင်းသားတွေရဲ့ သယံဇာတတွေကို အပိုင်စီးထားပါတယ်။ ရခိုင့်ဒေသခံတွေဟာ အဲဒီသယံဇာတတွေသာမက မြေယာတွေ၊ မိရိုးဖလာအလုပ်အကိုင်တွေပါ ဆုံးရှုံးကြရ ပြီး ဆင်းရဲမွဲတေနေကြရပါတယ်။ NLDအစိုးရလက်ထက်တုန်းကလည်း ဒီသယံဇာတခွဲဝေမှုမှာ ဗဟိုချုပ် ကိုင်မှုလျှော့ချရေးတွေ ဘာသံမှ
မကြားခဲ့ရပါဘူး။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာတော့ဓားမိုးပြီးအုပ်ချုပ်တဲ့အတွက် ရခိုင့်သယံဇာတကို ရခိုင်ပြည်သူတွေက ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ပိုင်ခွင့်နဲ့
စီမံခန့်ခွဲပိုင်ခွင့်ဆိုတာ ဝေးသထက်ဝေးကွာခဲ့ရပါတယ်။ မြန်မာစစ်တပ်က လူမိုက်ဆန်ဆန်ပြောနေကြ ဖြစ်တဲ့“ တိုက်ယူလေကွာ “ ဆိုတဲ့အတိုင်း ရခိုင်မှာစစ်ပွဲတွေ ပေါ်ပေါက်လာခဲ့ရပါတယ်။ ဒီစစ်ပွဲဖြစ်ပွားရခြင်းအကြောင်းရင်းတွေထဲမှာ အဓိကတစ်ခုက သယံဇာတခွဲဝေမှုဖြစ်တယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။
“ ကျွန်တော်တို့ ရခိုင့်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် (ANREN) နဲ့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ ( AOW ) တို့ ရေးဆွဲထားတဲ့ ၂၀၁၆ ခုနှစ်ကတည်းက အခုထိ ပြည်နယ်လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးပြီး ကျွန်တော်တို့လက်ကိုင်ပြုထားတဲ့ ရခိုင်သဘာဝသယံဇာတ မူဝါဒ နဲ့ ရခိုင်ရေနံနှင့်သဘာဝဓာတ်ငွေ့ မူဝါဒ အရ ရခိုင့်သဘာဝသယံဇာတတွေကို ရခိုင်ပြည်သူတွေကပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နဲ့ အခွန်ဘဏ္ဍာတွေ ကောက်ခံရယူပိုင်ခွင့်ရှိရမယ်။
ဒါတွေမဖြစ်လာသေးသရွေ့ စစ်ပွဲတွေကဆက်ရှိနေဦး မှာပါပဲ။ “ ANREN ရဲ့ ၎င်းဦးဆောင်အဖွဲ့ဝင်က အဲဒီလို ဆက်လက်သုံးသပ်ပါတယ်။ မြန်မာတစ်ပြည်လုံးစစ်မီးလောင်နေတယ်။ ရခိုင်ပြည်နယ်မှာဆို စစ်မီးက ပိုပြီးဟုန်းဟုန်း တောက်နေတယ်။ သိန်းသန်းချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့၊ စားရမဲ့သောက်ရမဲ့၊ ပြေးကြပုန်းကြ၊ ကျိုးကြ ကန်းကြ၊ သေကြကြေကြ၊ ဖမ်းဆီးနှိပ်စက်ခံကြရ၊ မြန်မာတစ်ပြည်လုံး
မလုံခြုံမှုတွေနဲ့ ခြောက်ခြား ခြောက်ကပ်၊ မျက်ရည်တွေချိုးကပ်၊ ဗုန်းသံတွေဆူ၊ ယမ်းငွေ့တွေအူနေတဲ့အချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေကတော့ သာသာယာယာပဲ ဓာတ်ငွေ့တွေ ထုတ်ယူပြီး အမြတ်ငွေတွေ ဒေါ်လာဘီလီယံနဲ့ချီပြီးကို ဒူးကလေးနှံ့လို့ ခါးပိုက်ထဲထည့်နေတယ်။ ပွက်ပွက် ဆူနေတဲ့ ဒုက္ခအိုးကြီးထဲ မရှူနိုင်မကယ်နိုင်ဖြစ်နေရတဲ့ ရခိုင်ပြည်သူတွေအတွက် အဲဒီကုမ္ပဏီတွေ ဘာသံ တစ်သံထွက်ဖူးကြပါသလဲ။ ပေါင်မုန့်တစ်ချပ်ပင် ပေးကမ်းဖူးခြင်းမရှိပေ။ နိုင်ငံကြီးသားတွေရဲ့ လူကြီး လူကောင်းဆန်တဲ့ လျစ်လျူရှုမှုဆိုတာ ဒါမျိုးပဲဖြစ်မယ်။
လူသားချင်းစာနာမှုမရှိတဲ့ နိမ့်ကျတဲ့ မသိချင်ယောင် ဆောင်မှုပဲဖြစ်တယ်။
တစ်ကယ်တော့အဲဒီနိုင်ငံခြားရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဟာ အ, ချင်ယောင် ဆောင်နေတဲ့ ကိုယ့်ဖို့ပဲသိတဲ့
ကြောင်သူတော်ကြီးတွေသာ ဖြစ်တယ်။ အဲဒီကုမ္ပဏီတွေဟာ ရွာလူမိုက်သာဒင်ကို အရက်တိုက်ပြီး ဓားပေးလိုက်သလိုဖြစ်နေတယ်။ ဒါတွင် သာမက ဖက်ဒရယ်ဘက်ကမ်းကိုကူးမယ့် ဒီမိုကရက်တစ်တံတားကို ချိုးဖျက်ပြီး ဓားအားကိုးနဲ့ ရွာလူမိုက် သာဒင် ရွာလူကြီး မတရားတက်လုပ်တာကို အသိအမှတ်ပြုပြီးအထောက်အပံ့ပေးသလို ဖြစ်နေပါတယ်။ ဒီလို စစ်ရာဇဝတ်မှုတွေ၊ လူသားမဆန်တဲ့ရက်စက်မှုတွေကို
ကျုးလွန်ရာမှာ ဒီရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေဟာ ပူးတွဲလက်သည်တရားခံအဖြစ်ပါဝင်နေတာကနေ နှုတ်ထွက်ဖို့ အချိန်ပင်ကျော်လွန်နေပြီ ဖြစ်ပါတယ်။
အိပ်ပျော်ချင်ယောင်ဆောင်နေရာက နိုးထဖို့ အချိန်ရောက်ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင် ကြောင့် ဒုက္ခငရဲအတိရောက်နေကြတဲ့ ရခိုင်ပြည်သူတွေ၊ မြန်မာပြည်သူတွေကို တာဝန်သိသိ၊ ရဲရဲဝံ့ဝံ့
ထောက်ပံ့ကူညီကြဖို့ အချိန်ရောက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် (ရခိုင်ပြည်)ရဲ့
ရခိုင့်သယံဇာတ မူဝါဒမူကြမ်းရဲ့ အဓိကအချက်တစ်ခုဖြစ်တဲ့ –
“ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ရေးဆွဲပြဌာန်းအတည်ပြုခြင်းနှင့် ယင်းမှတစ်ဆင့်ပေါ်ပေါက်လာသော ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသည့်
ရခိုင်ပြည်နယ်လွှတ်တော်က လိုအပ်သောဥပဒေများကို ရေးဆွဲပြဌာန်းအတည်မပြုမချင်း ၊ ရခိုင်ပြည်နယ်ရှိ တန်ဖိုးမြင့်မားသည့် သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်ခြင်းများအားလုံးကို
ရပ်ဆိုင်းထားရမည်။ “
ဆိုတာကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို လိုလားသူတိုင်း၊ ဒီမိုကရေစီဝါဒကို လက်ခံသူတိုင်း၊ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းစေလိုသူတိုင်း၊ အထူးသဖြင့်
ဒီမိုကရေစီနိုင်ငံကြီးတိုင်းပြည်များမှ ရခိုင်ပြည်နယ်နှင့်တကွ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ အနေနှင့်
လိုက်နာသင့်ပါကြောင်း။
နေထက်မိုးဇော် ရေးသည်။