ရခိုင်ပြည်၊ ဂွမြို့ခမရ (၅၆၂ ) တပ်ရင်း က တပ်သား ၆၀ ကျော် ဒီကနေ့မနက်မှာ လက်နက်ချခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဝင်းအတွင်းမှာ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။
လက်ကျန်မြို့ပေါ်တပ်ရင်းတစ်ခုဖြစ်တဲ့ ခမရ ၅၆၂ တပ်ရင်းထဲကို AA ထိုးစစ်ဝင်ရောက်ပြီး အဆုံးသတ်တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အခု မနက်ပိုင်းကတည်းက ၅၆၂ ထဲမှာ ဖြစ်နေကြတယ် ။ တပ်ဖွဲ့ဝင် ၆၀ ကျော် လည်း လက်နက်ချတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဂွမြို့မှာအခြေစိုက်တဲ့ ခမရ ၅၆၃ ကို သိမ်းပိုက်ပြီးနောက်မှာ နောက်ဆုံးလက်ကျန်တပ်ဖြစ်တဲ့ ခမရ ၅၆၂ ကို ဆက်လက်ထိုးစစ်ဆင် သိမ်းပိုက်နေတာဖြစ်ပါတယ်။
“ဧရာဝတီဖက်က ပို့တဲ့ စစ်ကူတွေက စစ်မတိုက်တတ်ဘူး။ ထွက်ပြေးသူများတယ်။ အလင်းဝင်သူတွေရှိတယ်။ သိပ်မကြာခင် ဂွ မြို့က အကုန်ပြတ်တော့မယ် “ လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းနဲ့ နေဗီတပ်တွေက အပြင်အထန်ခုခံနေသလို့ ၊AA မြေပြင်ထိုးစစ်ဟာလည်း အပြင်းအထန် တိုးမြှင့်နေတယ်လို့ ဆိုပါတယ်။
ဂွမြို့ပေါ်မှာရှိတဲ့ ရဲတပ်ရင်းတွေနဲ့ ဌာနဆိုင်ရာ ရုံးအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားတယ် လို့ လေးဝတီFM က သတင်းရရှိထားပါတယ်။
အလားတူအဲ အာရက္ခတပ်တော်ကလည်း ဂွမြို့ရဲ့ သုံးပုံနှစ်ပုံကို သိမ်းပိုက်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဉ္စနလီညှင်း (လေးဝတီFM)