ရခိုင်ပြည်မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းက နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒေသခံတွေကို တစ်သုတ်ချင်းစီနေရပ်ပြန်ဝင်ဖို့ ခွင့်ပြုနေပြီး ဇန်နဝါရီ လ အတွင်းမှာ ဒေသခံ တစ်သောင်းဝန်းကျင်ဟာ မိမိနေအိမ်တွေကို ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။
အိမ်ထောင်စု ၁၅၀၀ လူဦးရေ တစ်သောင်းဝန်းကျင်လောက်ဟာ ဇန်နဝါရီတစ်လ အတွင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ပြီး ရခိုင်၊ မွတ်ဆလင် နဲ့ ဟိန္ဒူလူမျိုးတွေ ပါဝင်တယ် လို့ ဆိုပါတယ်။
” မှိုင်းတွေရှင်းလင်းပြီးလို့အခုလို၀င်ခွင့်ပြုတာပါ ၊ မြို့တွင်း ကရော ၊ မြို့ပြင်ကျေးရွာတွေက ပါ ကိုယ့်နေရပ် ကို ကိုယ်ပြန်ကြတာဖြစ်ပါတယ်” လို့ မောင်တော ဒေသခံ သတင်းရင်းမြစ်က ပြော ပါတယ်။
မောင်တောမြို့နေရာအနှံ့ အပြားကို စစ်ကောင်စီဘက်က မြေမြုပ်မှိုင်းတွေ ထောင်ထားခဲ့ပြီး အဲ့ဒီမှိုင်းတွေကို အာရက္ခတပ်တော်ဘက်က လနဲ့ ချီပြီးရှင်းလင်းခဲ့ရ တယ် လို့ ဆိုပါတယ်။
မောင်တောမြို့ပေါ်က ရပ်ကွက် (၁) ၊ ရပ်ကွက်(၂) ရပ်ကွက် (၃) ရပ်ကွက် (၄) နဲ့ ရပ်ကွက် (၇) အပါအဝင် အောင်ဗလ ကျေးရွာတွေမှာ ဒေသခံတွေကို စိစစ်ပြီး ပြန်လည်ဝင်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
လက်ရှိဝင်ခွင့်ပေးထားတဲ့ ရပ်ကွက်တွေ အထဲက အောင်ဗလရပ်ကွက်မှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ပြန်လည်နေထိုင်ဖို့ တည်ဆောက်ရေးတွေ ပြုလုပ်နေရဆဲ ဖြစ်တယ် လို့ သတင်းရင်းမြစ်က ပြောပါတယ်။
” အောင်ဗလရွာက အခံရဆုံး အခုနေစရာမရှိ တဲထိုးပြီးနေရတယ်။ ဘုန်းကြီးကျောင်းလည်းအကုန်ပျက်စီးသွားတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ် ။
ဒါအပြင် မောင်တော မြို့ပြင်ကကျေးရွာတွေဖြစ်တဲ့ ရွှေစား၊ ဂေါင်ညာ၊ ကမ်းပိုင်နား၊ ဂုံးနား၊ ရွှေစားအလယ် ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၀ ရွာကျော် ဟာ နေရပ်ပြန်လည်နေထိုင်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။
မောင်တောမြို့ ဟာ ULA/AA ရဲ့ ထိမ်းချုပ်မှုအောက်ကို ရောက်နေပြီဖြစ်ပေမယ့် လေကြောင်းတိုက်ခိုက်မှုနဲ့ နေဗီ ပစ်ခတ်မှုတွေကို ရန်ဖန်ရံခါ ကြုံတွေ့ရ ပါသေးတယ်။
အဉ္စနလီညှင်း လေး၀တီ(FM)