ယနေ့ Sunday, 1st December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

စစ် ရိပ်သန်းလာတဲ့ စစ်တွေ မြို့ ရဲ့ ပဟေဠိ ပုဒ်စာများ

စစ် ရိပ်သန်းလာတဲ့ စစ်တွေ မြို့ ရဲ့ ပဟေဠိ ပုဒ်စာများ

လူဇော် သုံးသပ် တင်ပြသည်။

လက်ရှိ ရခိုင်ပြည်နယ်ထဲ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စစ်တွေ ဖြေဆိုရမယ့် မေးခွန်းတွေဟာ များစွာရှိနေပါတယ်။ စစ်တွေမှာ တိုက်ပွဲတွေဖြစ်မှာလား ဆိုတဲ့မေးခွန်းက ပထမဆုံးဖြေဆိုရမယ့် မေးခွန်း ဖြစ်ပါ တယ်။ ဒီမေးခွန်းနဲ့ ပတ်သက်လို့လည်း တော်တော်များများက အမြင်တွေကွဲလွဲကြပါတယ်။

တချို့ကတော့ စစ်တွေမြို့ပေါ်မှာ စစ်ပွဲမဖြစ်နိုင်လောက်ဘူးလို့ ခန့်မှန်းပြောဆိုကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မောင်တောကို AA ထိန်းချုပ်နိုင်လို့ရှိရင် ရခိုင်မြောက်ပိုင်းက တစ်ခုတည်းသာကျန်တော့တဲ့ စစ်တွေမြို့ကို ထိုးစစ် ဆင်မှာမဟုတ်ဘဲ ဝိုင်းဝန်းပိတ်ဆို့ပြီးတော့ ရိက္ခာတွေကိုဖြတ်တောက်ထားနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီလို လုပ်နိုင်ဖို့ဆိုတာကလည်း စစ်ကောင်စီရဲ့ တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ စစ်တွေလေဆိပ်ကို သိမ်းပိုက်ထား နိုင်ဖို့ဟာ AA လုပ်ဆောင်ရမယ့် တစ်ခုတည်းသော စစ်ရေး ပစ်မှတ် ဖြစ်တယ်လို့ဆိုပါတယ်။

နောက်ပြီးတော့ တခြားသုံးသပ်သူ တချို့ကလည်း စစ်တွေမြို့ရဲ့ ပထဝီအရ ကုလားတန်မြစ်ဝနဲ့၊ ဘင်္ဂလားပင်လယ်အော်အစပ်မှာရှိနေ တဲ့အတွက် စစ်ကောင်စီရဲ့ ရေတပ်ဟာ မြစ်ပြင်မှာအင်အားတိုးချဲ့ထားနိုင်တယ်၊ နောက် ရသေ့တောင်ဘက်ကနေ စစ်တွေကိုဝင်ပေါက်တစ်ခုဖြစ်တဲ့ ရေချမ်းပြင်မြစ်ဝတွေမှာလည်း ရေတပ်အားတွေကိုဖြည့်ပြီးတော့ AA ရဲ့ ထိုးစစ်တွေကို ပိတ်ဆို့ ထားနိုင်လိမ့်မယ်၊ နောက်ထပ် စစ်တွေကိုဝင်ရောက်မယ့် တစ်ခုတည်းသော ကုန်းလမ်း ဖြစ်တဲ့ ရန်ကုန်_စစ်တွေ ကားလမ်းက စစ်တွေ ဒ.စ.က တပ်နယ်တစ်လျှောက်မှာလည်း စစ်ကောင်စီဟာ စစ်တပ် အင်အားတွေတိုးချဲ့ပြီး ခုခံဖို့ ပြင်ဆင်နိုင်တယ် ဒါကြောင့် AA အနေနဲ့ စစ်တွေကို ရုတ်တရက်ထိုးစစ်ဆင်ဖို့ ဆိုတာ မလွယ်ကူဘူးလို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။

ဒီလိုသုံးသပ်မှုတွေရှိနေပေမယ့်လည်း AA ကတော့ ရခိုင်ပြည်က မြို့တွေအကုန်လုံးကို သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ အတိအလင်းပြောဆိုထားပါတယ်။

မြောက်ပိုင်းက နောက်ဆုံး ခံတပ်မြို့

စစ်ကောင်စီဟာ စစ်တွေမြို့ကို ဒေသတွင်းဆက်သွယ်ရေး၊ ပြည်မဆက်သွယ်ရေးတွေဖြစ်တဲ့ ကုန်းလမ်း၊ ရေလမ်း တွေကို ရခိုင်မှာတစ်ကျော့ပြန်တိုက်ပွဲစပြီး မကြာခင်မှာပဲ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး ပိတ်ပင် ထားတာဟာ အခုအချိန်ထိပါပဲ။ ဒီလိုအချိန်တွေအတွင်းမှာပဲ စစ်ကောင်စီဟာ မြို့တွေကိုလက်လွှတ်ခံလိုက်ရင်း နဲ့ စစ်တွေကို အဓိကထားပြီး ခံစစ်ပြင်ဆင်နေတာပါ။ စစ်တွေမြို့ပေါ်မှာ စစ်ကောင်စီ တပ်ရင်း ၂၁ ခုရှိနေပြီးတော့ ရဲတပ်ရင်းတွေမှာပါ အင်အားတွေဖြည့်နေတာပါ။

နောက်တစ်ခုက AA တပ်ဖွဲ့ဝင်တွေခိုလှုံတိုက်ခိုက်လာနိုင်တဲ့ မြို့နယ်ထဲက ကျေးရွာအများစုကိုလည်း စစ်ကောင်စီ နင်ထုတ်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ စစ်ကြောင်းထိုး စစ်ဆေးတာတွေကို လုပ်ဆောင်ထားပြီးတော့ မြို့ပေါ်မှာ လည်း လူငယ်၊လူလတ်ပိုင်းတွေကို အဆက်မပြတ်ဖမ်းဆီးတာတွေကို အခုအချိန်ထိ လုပ်ဆောင်နေဆဲပါ။ မြို့ပေါ် ရပ်ကွက်တွေမှာ AA တပ်ဖွဲ့ဝင်တွေရှိနေနိုင်တဲ့ဆိုတဲ့ သံသယနဲ့ ရပ်ကွက်တွေမှာ ဖမ်းဆီး၊ စစ်ဆေးတဲ့လုပ်ရပ်တွေ ထဲမှာတော့ ပြီးခဲ့တဲ့ မေလ ၂၉ ရက်ကနေ ၃၁ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ဗျိုင်းဖြူရွာ လူသတ်၊ ဖမ်းဆီးမှုဟာ အထင်အရှားပဲဖြစ်ပါတယ်။

နောက်အသိသာဆုံး တစ်ခုဆိုရင် စစ်ကောင်စီရေတပ်ဧရိယာဖြစ်တဲ့ စစ်တွေဟိုတယ်အနီးကနေ ရှုခင်းသာလမ်း စစ်တွေစာတိုက်ကြီးအနီးအထိ ခြံစည်းရိုးတွေခတ်လိုက်တာဟာ စစ်တွေမကျဆုံးစေရေးအတွက် နည်းမျိုးစုံ အသုံးပြုနေတာဖြစ်တယ်။

မြို့နယ်ထဲက ကျေးရွာတွေကို ဖယ်တာ၊ ကျေးရွာတွေအတွင်းရှိတဲ့ လူတွေကိုဖမ်းဆီးတာ၊ တပ်ရင်း၊ တပ်ဖွဲ့တွေ နေရာယူထားတာ၊ မြေမြုပ်မိုင်းတွေထောင်ထားတွေ ကိုကြည့်ရင် စစ်ကောင်စီဟာ စစ်တွေမကျဆုံး စေရေး အတွက် မြို့ပြင်စည်းရော၊ မြို့တွင်းစည်းကိုပါ တစ်ပြိုင်နက်တည်း တည်ဆောက်နေတာဖြစ်ပါတယ်။

စစ်တွေမှာ စစ်ဖြစ်ခဲ့ရင် ဘာဖြစ်မလဲ

သြဂုတ်လ ၃၀ ရက်နေ့မှာတော့ စစ်တွေမြို့နယ်ထဲက မင်းလှကျေးရွာအနီးမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားတယ်လို့ ဒေသသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒီသတင်းတွေနဲ့အတူ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေဟာလည်း မြင့်တာလာနေပါတယ်။ စစ်တွေမှာ တိုက်ပွဲတွေဖြစ်လာပြီဆိုရင် ရေတပ်နဲ့လေကြောင်းကို အဓိကသုံးပြီး တိုက်ခိုက်နိုင်တဲ့အတွက် စစ်တွေမြို့ဟာ ပေါက်တောမြို့ပေါ်လို ပျက်စီးဆုံးရှုံးမှုပိုများနိုင်ပြီးတော့ အရပ်သား ထိခိုက် သေဆုံးမှုတွေဟာလည်း အများဆုံးဖြစ်လာနိုင်ပါတယ်။

စစ်တွေမြို့နယ်မှာ၊ ကျေးရွာအုပ်စု ၂၇ စုနဲ့ ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်ရှိပါတယ် ၂၀၁၄ ခုနှစ် သံခေါင်းစာရင်းအရ လူဦးရေအားဖြင့် ၁၄၇,၈၈၉ ဦးရှိနေပါတယ်။ ဒီအထဲမှာ မြို့ပေါ်လူဦးရေ အများဆုံးလည်းဖြစ်ပါတယ်။ အခုအချိန်ထိ စစ်တွေမြို့ပေါ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မရှောင်တိမ်းနိုင်ကြတဲ့သူတွေဟာ မြို့ပေါ်မှာ များစွာရှိနေပါသေးတယ်။ တစ်ဖက်မှာလည်း ဘုမေ၊ သဲချောင်း၊ ဒါးပိုင်၊ သက္ကယ်ပြင်တို့လို မွတ်ဆလင်ရွာ တွေ၊ ဒုက္ခသည်စခန်းတွေရှိနေပြီး လူဦးရေ သိန်းနဲ့ချီပြီး ရှိနေပါသေးတယ်။

ဒီလူတွေဟာ အကြောင်းအမျိုးမျိုးကြောင့်လုံးဝမတိမ်းရှောင်နိုင်ကြသူတွေဖြစ်သလို တစ်ဖက်မှာလည်း မဖြစ်မ နေ စစ်တွေမြို့ပေါ်က ရှောင်တိမ်းရမယ်ဆိုရင်တောင် စစ်တွေမြို့ပေါ်က ထွက်ခွင့်ကို စစ်ကောင်စီက ပိတ်ထားပြီး ၊ လူသားဒိုင်းကာလို လုပ်ဆောင်နေတဲ့အတွက် သူတို့ဟာ တိုက်ပွဲဖြစ်လာရင် ကြားညှပ်ပြီး မြေစာဖြစ်သွားနိုင်ခြေ အများဆုံးဖြစ်ပါတယ်။

AA က ကယ်ထုတ်မှာလား

တကယ်လို့ စစ်တွေမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်လာခဲ့ပြီဆိုရင် ရှေ့က ပေါက်တော၊ သံတွဲ၊ မောင်တောတို့လို မြို့တွေက ပိတ်မိနေတဲ့သူတွေကို AA ကယ်ထုတ်မှာလားဆိုတာကလည်း တော်လေးခက်ခဲတဲ့ မေးခွန်းပါ။ AA ကတော့ တိုက်ပွဲကြားပိတ်မိနေသူတွေကို ကယ်ထုတ်မှာသေချာပေမယ့်။
ဘယ်လိုမျိုးကယ်ထုတ်မှာလဲ ဆိုတာက အရေးကြီးနေပါတယ်။ စောစောက ပြောခဲ့သလို စစ်တွေကနေ ဒီလူတွေကို ကယ်ထုတ်ဖို့ဆိုတာ အန္တရာယ်အရမ်း များပါတယ်။ စစ်တွေနဲ့ စပ်နေတဲ့ ရသေ့တောင်ဘက်ကိုသွားရင်းလဲ လှေတွေကိုအသုံးပြုရမှာဖြစ်သလို ပေါက်တောဘက်ကို ကယ်ထုတ်ရင်လည်း မြစ်ပြင်ကိုလှေတွေနဲ့ အကြာကြီးဖြတ်ရမှာဖြစ်တဲ့အတွက် ဒီလူတွေကို ရန်သူ့သတ်ကွင်းကို တွန်းပို့သလိုဖြစ်နေမှာပါ။ လွယ်လွယ်ကူကူကယ်ထုတ်နိုင်တယ်ဆိုရင်တောင် လှေတွေ များစွာ စီစဥ်ရမှာဖြစ်တဲ့အတွက် အချိန်တော်တော်လေးယူရမှာဖြစ်တယ်။

ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့အကောင်းဆုံး လမ်းကတော့ ရန်ကုန်- စစ်တွေကားလမ်းကနေ ပုဏ္ဏားကျွန်း ဘက်ကိုထုတ်တာက အကောင်းဆုံးနဲ့၊ အမြန်ဆုံးစီစဥ်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် ဒီလောက်များတဲ့ လူအုပ်ကို နေရာချထားရေး၊ ကူညီထောက်ပံ့ရေးတွေလုပ်ဖို့အတွက်ကတော့ အတော်လေး ခေါင်းခဲစရာဖြစ်ပါတယ်။

AA ရင်ဆိုင်ရမဲ့ စိန်ခေါ်မှု

စစ်တွေကို စတင်ပြီးထိုးစစ်ဆင်ရင် AA ဟာ မောင်တောလိုပဲ မွတ်ဆလင်တွေနဲ့ ထိပ်တိုက်တွေ့လာနိုင်ပါတယ်။ စစ်တွေမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီ သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေများစွာရှိနေထိုင်ပါတယ်။ တစ်ဖက်မှာလည်း စစ်တွေတိုက်ပွဲဖြစ်ပြီဆိုတာနဲ့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူတွေ၊ မွတ်ဆလင်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်မှုတွေကို AA ဟာအများဆုံးခံလာရနိုင်ပါတယ်။

နောက်တစ်ချက်က ရေတပ်ရဲ့အနီးကပ်တိုက်ခိုက်မှုတွေကို အကြီးအကျယ်ခံရနိုင်သလို စစ်ကောင်စီဟာ အထပ်မြင့် အဆောက်ဦတွေကနေ နေရာယူပြီးခုခံတာတွေအများဆုံးလုပ်နိုင်ပါတယ်။ လက်ရှိမှာလည်း စစ် ကောင်စီဟာ စစ်တွေတက္ကသိုလ်နဲ့၊ ဗုဒ္ဓပြတိုက်တို့လို နေရာမျိုးတွေမှာ တပ်စွဲချထားတာတွေရှိနေပါတယ်။

စစ်တွေမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် မြို့ပြင်စည်းကို တစ်လွှာချင်းစီတိုက်ခိုက်ပြီးတော့မှာ မြို့ပေါ်ကို တဖြည်းဖြည်းထိုးဖောက်ပြီးတိုက်ရမှာဖြစ်တယ်၊ ဒီလိုတိုက်ခိုက်ဖို့အတွက်လည်း အချိန်တော်တော်လေးယူပြီး လှုပ်ရှားရမှာလည်းဖြစ်တယ်။

စစ်ကောင်စီ ဘာတွေလုပ်နိုင်သလဲ

တကယ်လို့ စစ်ကောင်စီဟာ စစ်တွေကိုလက်လွှတ်ရတော့မယ်ဆိုရင် နည်းလမ်းမျိုးစုံနဲ့ အဖျက်အမှောင့်လုပ်ငန်း တွေကို လုပ်ဆောင်တော့မှာပါ။ အဲဒီအထဲက ကြောက်စရာအကောင်းဆုံးကတော့ လူမျိုးရေးအသွင်ဖန်တီးတာ ဖြစ်တယ်။ စစ်ကောင်စီဟာ မွတ်ဆလင်တွေကို မက်လုံးပေးပြီးတော့ အမျိုးမျိုးလုပ်လာနိုင်ပါတယ်။ ရှေ့က မောင်တောဖြစ်စဥ်တွေကိုကြည့်ရင်တွေ့နိုင်ပါတယ်။ ၂၀၁၂ ခုကနေ ပိတ်ထားခဲ့တဲ့ မောင်တောမြို့မ ဗလီကို မေလ ၁၄ ရက်နေ့က ဖွင့်ပေးခဲ့တာတွေလုပ်ခဲ့ပါတယ်။ နောက်ဆုံးကြောက်စရာကောင်းတဲ့တစ်ချက်က ၂၀၁၂ ခုနှစ် ပြဿနာတွေနဲ့အတူ စစ်တွေမြို့ပေါ်က မွတ်လင်တွေဟာ စစ်ကောင်စီက နင်ထုတ်ခဲ့ပါတယ်။ အဲဒီလိုနင်ထုတ်ခဲ့ပြီး လက်ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြသူတွေကို မူလနေရာတွေမှာ နေထိုင်ခွင့်ပြုတယ် ဆိုတဲ့ မက်လုံးကို သာ စစ်ကောင်စီက ပေးခဲ့ရင် စစ်တွေမှာ ပြဿနာတွေဟာ လုံးဝအကြီးအကျယ်ရှုပ်ထွေးလာနိုင်ပါတယ်။

ဒီအချက်တွေကို စစ်ကောင်စီက မလုပ်ဘူးလို့မပြောနိုင်သလို စစ်ကောင်စီဟာ သူတို့ရှုံးရင် ဘာတစ်ခုမှ ချန်မထားဘူးဆိုတဲ့ ပုံစဥ်မျိုးလုပ်ဆောင်နေတာကတော့ အားလုံးအသိပဲဖြစ်ပါတယ်။


နိဂုံး

စစ်တွေမှာ တိုက်ပွဲတွေဖြစ်မလား၊ မဖြစ်လားဆိုတဲ့အပြောဆို သုံးသပ်ချက်တွေကတော့ ရှိနေခဲ့ပြီဖြစ်ပါတယ်။ AA ဖက်ကလည်း လက်ကျန်မြို့တွေကို တစ်ခုမကျန်းထိုးစစ်ဆင်သိမ်းပိုက်သွားမယ်လို့ ပြောထားတယ်။ ရခိုင် မြောက်ပိုင်းမှာလည်း စစ်တွေက တစ်ခုတည်းသာကျန်တော့တဲ့အတွက် စစ်တွေရဲ့ စစ်ရေးအခြေအနေဟာ နီးကပ် လာပြီဖြစ်တယ်လို့ ဆိုရမှာပါ။

အထက်မှာဖော်ပြခဲ့သလိုပဲ စစ်တွေမြို့ကိုတိုက်မယ်ဆိုရင်တော့ AA အနေနဲ့ မောင်တောမြို့သိမ်းတိုက်ပွဲထက်ကို စိန်ခေါ်မှုတွေ ခေါင်းခဲစရာတွေများစွာရှိလာမှာတော့ အသေအချာ ပါပဲ။

လူဇော် သည် နိုင်ငံရေးသုံးသပ်ချက်များ နဲ့ ရသ ဆောင်းပါးများကို ရေးသား တင်ပြသော သတင်းထောက် တစ်ယောက်ဖြစ်သည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *