အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်မြို့ကို ရောက်ရှိနေကြတဲ့ ရခိုင်ကုန်သည်တွေဟာ ငွေလှဲနှုန်းတွေ မြင့်တက်လာတဲ့အတွက် ကုန်ပစ္စည်းတွေကို မဝယ်ယူကြတော့ဘဲ အိမ်ပြန်နေကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
တစ်ပတ်အတွင်းမှာ မြန်မာကျပ်ငွေနဲ့ ရူပီးငွေလှဲလှယ်နှုန်းဟာ အဆမတန် မြင့်တက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလ အတွင်းက အိန္ဒိယ တစ်ရူပီးကို မြန်မာကျပ်ငွေ ၄၆ ကျပ် ကနေ ဇူလိုင်လအထိ ၅၈ ကျပ် အထိ ပြင်ပပေါက်စျေးရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်ရူပီးကို ငွေကျပ် ၈၀ နဲ့ ၈၁ ကျပ် အထိ ရှိနေတယ်လို့ ဆိုပါတယ်။
“ဒီဖက်က ပစ္စည်းက စျေးမတက်ဘူး။ စျေးမတက်ပေမယ့် ငွေလှဲနှုန်းမြင့်သွားတဲ့ခါ ငွေကျပ် သိန်းတစ်ရာဆိုတာ အခု သိန်းခြောက်ဆယ်လောက်သာ တန်ဖိုးရှိတော့တယ်၊ ဆိုတော့ ရခိုင်ပြည်ထဲကို ရောက်သွားတဲ့အခါ ကုန်ပစ္စည်းတွေကို စျေးတင်လို့ ရောင်းလို့မရဘူး။ ရောင်းလို့ရတာတွေကိုလည်း ရူပီးလှဲလိုက်ရင် အရှုံးပေါပြီပေါ့” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
အခုလို ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတဲ့အတွက် အိန္ဒိယက ရခိုင်ကုန်သည်များမှာ ဘာပစ္စည်းမှ မဝယ်ယူကြတော့ဘဲ လက်ဗလာနဲ့ အိမ်ပြန်သွားကြသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ငွေလှဲနှုန်းမြင့်တက်လာသလို လမ်းပိတ်တာတွေ၊ ကုန်စည်သယ်ယူခွင့်တွေကို ပိတ်ပင်ထားတာတဲ့အတွက် အခက်အခဲတွေရှိနေသလို တချို့ကုန်သည်တွေဆိုရင် စက်သုံးဆီတွေ ဝယ်ယူထားတဲ့အတွက် လနဲ့ချီပြီး ပိတ်မိနေကာ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ကျောက်တော် ဒေသခံကုန်သည်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်မှာတော့ ချခဲ့တယ် (ပစ္စည်းယူခဲ့တယ်)၊ နယ်စပ်က ကောက်ဝယ်တာဖြစ်တဲ့အတွက် ဒီရောက်တော့ ကုန်တွေက ရောင်းထွက်သွားပြီ။ မီဇိုရမ်ထဲမှာတော့ ဆီဝယ်ထားသူတွေ ပေပါရာနဲ့ချီပြီ ဝယ်ထားသူတွေ အများကြီး ပိတ်မိနေကြတယ်၊ သူတို့ အခုထိ ထွက်လို့ မရတော့ ဒုက္ခရောက်နေကြတယ်။ သူတို့မှာလည်း ငွေကြေးဆိုတာက ရှိလို့ မဟုတ်ဘူး၊ ရောင်းချပေါင်နှံပြီးတော့ သွားနေကြတာ အဲဒီလိုလူတွေ အထဲမှာ ပိတ်မိနေတော့ တော်တော်ဒုက္ခရောက်ကြတယ်” လို့ ဆိုပါတယ်။
လနဲ့ချီပြီး ပိတ်မိနေတဲ့ ကုန်သည်တွေမှာ ကျပ်ငွေတန်ဖိုး ကျလာတာနဲ့အတူ စားစာရိတ်၊ နေစာရိတ်တွေဟာလည်း စျေးနှုန်းတွေ မြင့်လာနေပြီး လူတစ်ယောက်အတွက် တစ်နေ့ အသုံးစာရိတ်ဟာ ကျပ်ငွေ ၈၀၀၀၀ နဲ့ ၁၀၀၀၀၀ ကျပ် ကြားမှာရှိတယ်လို့ ဆိုပါတယ်။
လူဇော် ပေးပို့သည်။