လေးဝတီ FM (၁၄၊ သြဂုတ်၊ ၂၀၂၄)
ရခိုင်ပြည်ကနေ ရန်ကုန်မြို့ကို စစ်ရှောင်လာတဲ့ ရခိုင်ပြည်သူတွေကို ဧည့်စရင်း စစ်ပြီး စစ်မှုထမ်းဖို့ ဖိအားပေးတာအပါအ၀◌င် စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိနှိိပ်နေတယ်လို့ သတင်းရရှိပါတယ်။
စစ်ရှောင်လာသူတွေကို ဧည့်စာရင်းစစ်တာတွေ၊ လူငယ်တွေကို ခရီးသွားလာခွင့်ပိတ်ပင်တာတွေ၊ ဧည့်စာရင်းတိုင်လို့ မရတာတွေအပါဝင် တချို့မှာ ရခိုင်ဖြစ်နေတဲ့အတွက် တိုင်တန်းခံရပြီး ဖမ်းဆီးခံရတာတွေလည်း ရှိနေတယ်လို့ လူငယ်တစ်ယောက်က ပြောပါတယ်။
“၁၁/ တွေ ကို ဖမ်းတယ် ၊ စစ်မှုထမ်းဖို့ ဖောင်ဖြည့်ခိုင်းတယ် ၊ ကျွန်မတို့ တစ်နေရပြီး တစ်နေရာ ရှောင်ပြီး နေရတယ်” လို့ အသက် ၂၀ အရွယ် သံတွဲမြို့စစ်ရှောင် လူငယ် တစ်ဉီးက ပြောပါတယ်။
ဒါ့အပြင် ကုန်စျေးနှုန်းတွေ စျေးကြီးတာတွေနဲ့ နေအိမ်ငှားရမ်းခတွေ စျေးတက်လာတဲ့အတွက် စစ်ရှောင်တွေအတွက် ပိုမို ခက်ခဲလာတယ်လို့ ဆိုပါတယ်။
“အများစုကတော့ ဧည့်စာရင်းတိုင်လို့မရတဲ့ ပြဿနာ၊ ခရီးသွားခွင့်ပိတ်တာကို အများဆုံးကြုံရတယ်၊ နောက်တစ်ခုက အခုဆိုရင် နိုင်ငံခြားတွေကို သွားလို့မရဘူး။ လေဆိပ်မှာ ဖမ်းဆီးတဲ့ကိစ္စတွေ၊ ရန်ကုန်ကနေ ရခိုင်ကိုလွတ်လွတ် လပ်လပ် ပြန်လို့မရ၊ လေဆိပ်တွေ ကားဂိတ်တွေမှာ ဖမ်းတဲ့ ဆီးတဲ့ သတင်းတွေကို ကြားနေရတယ်” လို့ ပြောပါတယ်။
ဧည့်စာရင်းတွေ တိုင်တဲ့နေရာမှာလည်း ဖောင် ၂ မျိုးနဲ့ တိုင်ကြားရပြီး မိသားစုအလိုက်နေတဲ့သူတွေမှာ အိမ်ထောင်စုစာရင်းတွေပြရပြီးတော့ သင်တန်း၊ ကျောင်းလာတက်သူတွေကို သီးသန်ဖောင်တစ်ခုနဲ့ ဖြည့်ရတယ်လို့ ဆိုပါတယ်။
ဒီလို ဧည့်စာရင်းတွေ သွားတိုင်တဲ့အခါမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စာရွက်စာတမ်းဖိုး တစ်ဦးကို ငွေ ၅၀၀၀ ကျပ်ပေးရပြီး မိသားစုအလိုက်ဆိုရင် ၂ ပတ်မှာ အနည်းဆုံး ၅၀၀၀၀ ကျပ် လောက် ကုန်နေကြတယ်လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“စစ်ဘေးရှောင်လာတဲ့ လူတွေအတွက်ကတော့ စီးပွားရေးလဲမရှိ၊ အလုပ်အကိုင်ကလဲ မရှိဆိုတော့ ၁၄ ရက်နေရင် ငါးသောင်းပေးနေရတာဟာ ဂုတ်သွေးစုတ်ရာရောက်တယ်” လို့ ပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီးတော့ အများစုဟာ AA ထိန်းချုပ်ထားတဲ့နယ်မြေတွေနဲ့ ရန်ကုန်၊ ဧရာဝတီ စတဲ့ ဒေသတွေဖက်ကို တိမ်းရှောင်လာနေကြတာလည်း ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ လူပျောက်တဲ့ ကြော်ငြာတွေ ခဏ ခဏ တွေ့လာရတဲ့အတွက်လည်း အစစ အရာရာကို သတိထားပြီး နေထိုင် နေကြရတယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့မှာတော့ အဖွဲ့အစည်း ၁၉ ခုကနေပြီး ရန်ကုန်ကို စစ်ရှောင်လာတဲ့ပြည်သူတွေကို နွေးထွေးပျုငှာစွာဆက်ဆံဖို့၊ အိမ်ငှားခ၊ အဆောင်ငှားခတွေကို စျေးလျော့ငှားကြဖို့၊ မိမိတို့ရဲ့ ကာယ၊ ဉာာဏ၊ ဓနအင်အားတွေနဲ့ နေထိုင်စားသောက်ရေးအတွက် အကူညီပေးကြဖို့၊ စစ်ရှောင်ပြည်သူတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေကို ရှောင်ရှားပြီး ပြုမူသူတွေကို ဝိုင်းဝန်းကန့်ကွက်ကြဖို့၊ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ စစ်ဘေးရှောင်တွေအပေါ် ကျုးလွန် ဖိနှိပ်မှုတွေကို ဖော်ထုတ် သတင်းပေးကြဖို့ စတဲ့ အချက်တွေကို ရန်ကုန်နေ ပြည်သူတစ်ရပ်လုံးကို တိုက်တွန်းထားပါတယ်။
လူဇော်ပေးပို့သည် ။
လေးဝတီ FM ရဲ့ သတင်းတွေကို
Website >> https://burma.laywaddyfm.com
Youtube >> https://youtube.com/@laywaddyfm.arakan
Telegram >> https://t.me/LayWaddyFMChannel
တို့မှာလည်း ဝင်ရောက်ဖတ်ရှု နားထောင်နိုင်ပါပြီ။