ရခိုင်ပြည်က တောင်သူများဟာ သဘာဝဘေးနဲ့ စစ်ပွဲကြားမှာ စပါးနဲ့ သီးနှံတွေကို အဆင်ပြေသလို စိုက်ပျိုးကြရပြီး အခုလို ရိတ်သိမ်းချိန်မှာတော့ စစ်ပွဲကြားမှာ အပြေးအလွှားရိတ်နေရပြီး အထွက်နှုုန်းတွေလည်း ထက်ဝက်ခန့်ကျဆင်းနေတယ် လို့ သတင်းရရှိပါတယ်။
ရခိုင်ပြည်မှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ က စပြီး အခုနှစ်နိုဝင်ဘာ လ အထိ စစ်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သလို မိုခါမုန်တိုင်းဒါဏ်ကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။
“စပါးစိုက်ဖို့အချိန်မှာမိုးက အလွန့်အလွန်ကြီးတယ်၊ ပြီးတော့ နောက်ပြန်ထွန်တဲ့အခါကျတော့လည်း ဟိုက ဗုံးကြဲ ဒီကဗုံးကြဲနဲ့ ဒီကြားထဲက လုပ်ရတယ်၊ အဲ့လိုကြားထဲက ရသလောက် ပဲ ပြန်ရိတ်ရဖို့ ဒီနှစ်တော့ခါ လုံးဝ အဆင်မပြေ” လို့ မင်းပြားမြို့နယ် က တောင်သူ အမျိုးသမီးတစ်ဉီးက လေးဝတီ ကို ပြောပါတယ်။
ကုန်စည် စီးဆင်းမှု ဖြတ်တောက်ခံထားရတာ တစ်နှစ်ကြာမြင့်ပြီ ဖြစ်တဲ့ အတွက် စိုက်ပျိုးရေးသုံး သွင်းအားစု တွေလည်း အဆမတန်ဈေးမြင့်တက်နေတဲ့အပြင် ဝယ်ယူလို့မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဒီနှစ်တော့ခါ စပါးပင်တွေက အသီးနှုန်း က တော်တော်နည်းတယ်။စပါးသီးနှံတွေမအောင်ဘူး။နောက်ပြီးမြေဆီမြေသြဇာစျေးကြီးပြီးဝယ်မသုံးစွဲနိုင်တာလည်းပါတယ်၊ ဝယ်ယင်လည်းစပါးစျေးကနည်းပြီးမြေဆီစျေးကကြီးတော့လိုက်မမှီဘူး ။ နောက်နှစ်အတွက်စားဝတ်နေရေးက အခုကပင် အခက်အခဲဖြစ်နေပြီ” လို့ နောက်ထပ်တောင်သူ တစ်ဉီးကပြောပါတယ်။
ရခိုင်တစ်ပြည်လုံးအတိုင်းအတာနဲ့ စပါးစိုက်ဧကပေါင်း ၁၂ သိန်းကျော်ရှိပေမယ့် ဒီနှစ်မိုးစပါး စိုက်ဧက မှာ ထက်ဝက်လောက်ပဲ ရှိတယ်လို့ ဒေသ သတင်းတွေအရ သိရပါတယ်။
ရခိုင်ပြည်နယ် ဟာ ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်ပေမယ့် ဒေသတွင်းစိုက်ဧက ဟာ အထွက်နှုန်းပုံမှန်ဖြစ်မယ်ဆိုရင် ဒေသတွင်း ဆန် စားသုံးမှုကို ဖူလုံစေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဉ္စနလီညှင်း (လေးဝတီ) ရေးသည်။