Laywaddy FM

ရခိုင်ခရိုနီ လို့ နာမည်ကြီးတဲ့ ဦးကျောက်တောင် ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ကို AA က ချိတ်ပိတ်

ရခိုင်ခရိုနီ လို့ နာမည်ကြီးတဲ့ ဦးကျောက်တောင် ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ကို AA က ချိတ်ပိတ်

ရခိုင်က ခရိုနီတစ်ဦးအဖြစ် နာမည်ကြီး လူသိများတဲ့ တောင်ကုတ်သူဌေး ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုလုပ်ငန်းတွေကို အာရက္ခပြည်သူ့ အစိုးရအဖွဲ့ ULA က ချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။

တောင်ကုတ်မြို့ ဂူတာရပ်ကွက် မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ပိုင်ဆိုင်တဲ့ နေအိမ် အပါအဝင် လုပ်ငန်းတွေကို မတ်လ ၆ ရက်က ချိတ်ပိတ်တဲ့ စာတွေ ကပ်ပြီး သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

” ပြည်သူပိုင်သိမ်းတဲ့ အထဲမှာ ဦးကျောက်တောင် ရဲ့ နေအိမ်တွေ လုပ်ငန်းတွေ ပြီးတော့ သူနဲ့ ပတ်သက်တဲ့ သူ့ တပည့်တပန်းတွေ ၊ စီးပွားဖက်တွေ ရဲ့ အိမ်တွေ အကုန်လုံးပါပါတယ် ၊ “ လို့ ULA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ULA အနေ နဲ့ သိမ်း ပိုက်ထားတဲ့ မြို့တွေကို အုပ်ချုပ်ရေး စတင်ကိုင်တွယ်ဆောက်ရွက်ခြင်း၊ အစိတ်အပိုင်းတစ်ခုအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ စီးပွားရေးသမားတွေ ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားပိတ်သိမ်းခဲ့တာလို့ ဆိုပါတယ်။

ဦးကျောက်တောင် ဟာ နေလသစ္စာ ၊ ထာဝရအောင်မြေစတဲ့ ကုမ္ပဏီလုပ်ငန်းစုတွေ ကို ပိုင်ဆိုင်သူဖြစ်ပါတယ်။

တောင်ကုတ်တက္ကသိုလ်အပါအဝင် ရခိုင်ပြည်နယ်တောင်ပိုင်း က လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းတွေကို တင်ဒါယူဆောက်လုပ်ခဲ့ပါတယ်။ ဒါအပြင် သစ်မှောင်ခိုလုပ်ငန်းနဲ့ ရခိုင်ပြည်က ဂိုဏ်းစတားတစ်ဦးအဖြစ်လည်း နာမည်ကြီးသူဖြစ်ပါတယ်။

“ဦးကျောက်တောင်က တောင်ကုတ်မှာ အင်ပါယာတစ်ခုလို တည်ဆောက်ထားတာ ၊ မြို့ခံတော်တော်များများကသူ့ကို ကြောက်ရတယ်၊ တောင်ကုတ်မှာ သူပြီးမှ ပြီးတယ် ဆိုတဲ့အခြေအနေအထိ ၊ခေတ်အဆက်ဆက်အာဏာပိုင်တွေနဲ့ လက်ဝါးချင်းရိုက်နေတဲ့သူ ၊” လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

တောင်ကုတ်မြို့ က မြေယာတွေကို အကွက်ရိုက်ပြီး ပြန်လည်ရောင်းချတဲ့ ထာဝရအောင်မြေအိမ်ယာစီမံကိန်း အပါအဝင် အစိုးရ နဲ့ ဆက်စပ်တဲ့ လုပ်ငန်းစုများစွာကို ပိုင်ဆိုင်သူလည်းဖြစ်ပါတယ်။

ဒါအပြင် ဦးကျောက်တောင်ဟာ အစိုးရ အဖွဲ့အကောင်အထည်ဖော်မယ့် ရခိုင်ပြည်နယ် အခြေစိုက် ကျောက်ဖြူ အထူးစီးပွားရေးဇုံ က မြို့ပြအိမ်ယာစီးမံကိန်းတွေမှာလည်း ဒေသခံ အစုအဖွဲ့အနေနဲ့ ပါဝင်သူဖြစ်ပါတယ်။

အာရက္ခတပ်တော် အနေနဲ့ မောင်တောမြို့နဲ့ တောင်ကုတ်မြို့နယ် က စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ နေအိမ်တွေ ၊ စီးပွားရေးလုပ်ငန်းတွေကို ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီး အိမ်အလုံးရေ ၁၀၀ နီးပါးကိုချိတ်ပိတ်ခဲ့ပြီးဖြစ်ပါတယ်။

အမ်းချောင်းသူ

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *