ရခိုင်ပြည်က စစ်ကောင်စီ ထိမ်းချုပ်ထားဆဲမြို့တွေ ဖြစ်တဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့တွေမှာ ရခိုင် နဲ့ မွတ်ဆလင်ကြား တင်းမာမှုတွေဖြစ်လာအောင် စစ်ကောင်စီဘက်က သွေးထိုးလှုံ့ဆော်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံ တွေ က ပြောကြပါတယ်။
ကျောက်ဖြူမြို့ပေါ်မှာ စစ်ကောင်စီဘက်က သင်တန်းပေးထားတဲ့ မွတ်ဆလင်လူငယ်တွေကို အသုံးချပြီး ၊ ရခိုင်တွေရဲ့ နေအိမ်တွေမှာ ငွေကြေးကောက်ခံတာတွေ နဲ့ ခြိမ်းခြောက်တာတွေ လုပ်ခိုင်းနေတာကို ကိုယ်တွေ့ကြုံလာရတဲ့ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
” ည နေမိုးချုပ်ပြီးဆို တိုက်အိမ်တွေကို၀င်တယ်။ ငွေတောင်းတယ်။ ကလန်ကဆန် လုပ်ရင် သတ်ပစ်မယ်လို့ သေနတ်ပြပြီး ချိန်းခြောက်တယ်၊ အများအားဖြင့် မွတ်ဆလင်စစ်မှုထမ်းတွေကို လုပ်ခိုင်းတာ ” လို့ ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက် က အသက် ၅၀ အရွယ် အမျိုးသမီး က ပြောပါတယ်။
စစ်ကောင်စီ ထိမ်းချုပ်ထားတဲ့ မြို့တွေဟာ ရခိုင်ပြည်က လွတ်မြောက်မြို့တွေထက် အစစ အရာရာ ဈေးနှုန်းတွေ ကြီးမြင့်နေလာနေတဲ့ အတွက် ၊ ဒေသခံတွေရဲ့ စားဝတ်နေရေးဟာ လည်း တဖြည်းဖြည်းခက်ခဲလာကြတာဖြစ်ပါတယ်။
ကျောက်ဖြူ မြို့နဲ့ စစ်တွေမြို့ဟာ စစ်ရေးတင်းမာ နေတဲ့ အနေအထားမှာတင် ငါးလ ကျော်ကြာမြင့်ခဲ့ပြီး မြို့တွေရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာဖြစ်ပါတယ်။
“ခရိုနီ နဲ့ မွတ်ဆလင်တွေ က လွဲရင် ကုန်ပစ္စည်းရောင်းချခွင့် ၊ သယ်ဆောင်ခွင့်မရှိဘူး ၊ မွတ်ဆလင်တွေကို လက်သပ်မွေးထားသလို လုပ်ထားတယ်၊ ရခိုင် ဆိုရင် AA ကို သတင်းပေးမှာ စိုးလို့ ၊ AA ဆီကို ရိက္ခာရောက်မှာ စိုးလို့ ဘာမှလုပ်ခွင့်မရှိဘူး ၊ အခုဆိုရင် စစ်တွေမှာ က ရခိုင်တွေ သိပ်မရှိတော့ဘူး ၊ မွတ်ဆလင်တွေ အင်အားပိုကောင်းလာပြီး စစ်ကောင်စီက ဒါကို ကောင်းကောင်း အသုံးချနေတယ် “ လို့ စစ်တွေမြို့က အမျိုးသား တစ်ဦးက ပြောပါတယ်။
၂၀၂၄ ဧပြီလတုန်းက စစ်ကောင်စီဟာ စစ်တွေမြို့ က မွတ်ဆလင်လူထုကို အာရက္ခတပ်တော် အား အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ဖို့ ဖိအားပေးစေခိုင်းခဲ့ပါတယ်။
ဒါအပြင် ၂၀၂၄ မေလ မှာ ဘူးသီးတောင် ၊ မောင်တော မြို့တွေမှာလည်း အဲ့ဒီဒေသမှာ ရှိတဲ့ မွတ်ဆလင်တွေကို AA အား အလိုမရှိကြောင်း ဖိအားပေး ဆန္ဒထုတ်ဖော်ခိုင်းခဲ့ပါတယ်။
စစ်ရေးအရ ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီအစိုးရ ဟာ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ လူမျိုးရေးမှိုင်းတွေလိုမျိုး စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာ ဖန်တီးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
၂၀၁၂ က နေ ၂၀၁၇ အထိ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် မွတ်ဆလင်လူထုအပေါ် မဆင်မခြင် ကိုင်တွယ်ခဲ့မှုတွေကို လက်ရှိ ရခိုင်ပြည်မှာ အာဏာရနေတဲ့ အာရက္ခတပ်တော်ကို ပုံချဖို့ ကျိုးစားနေတာဖြစ်ပါတယ်။
အဉ္စနလီညှင်း လေး၀တီFM