Laywaddy FM

သံတွဲ ၊ တောင်ကုတ် ၊ အမ်း မြို့နယ်က ပြည်သူတွေ မိသားစုနဲ့ ဖုန်းအဆက်အသွယ် ရဖို့ အာရက္ခပြည်သူ့ အစိုးရ ကို တောင်းဆို

သံတွဲ ၊ တောင်ကုတ် ၊ အမ်း မြို့နယ်က ပြည်သူတွေ မိသားစုနဲ့ ဖုန်းအဆက်အသွယ် ရဖို့ အာရက္ခပြည်သူ့ အစိုးရ ကို တောင်းဆို

ရခိုင်ပြည် ၊ အမ်း ၊ တောင်ကုတ် ၊ သံတွဲ ၊မြို့နယ်တွေ မှာ နေထိုင်တဲ့ ပြည်သူတွေဟာ မိသားစုဝင်တွေနဲ့ ဖုန်းအဆက်အသွယ် ရရှိဖို့ ခက်ခဲနေပြီး အာရက္ခပြည်သူ့ အစိုးရ ရဲ့ မြို့နယ် တာဝန်ခံတွေက ဆက်သွယ်ရေးကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

လေးဝတီ FM ရဲ့ စုံစမ်းသိရှိမှုအရ အဲ့ဒီမြို့နယ်တွေက ပြည်သူတွေဟာ မိသားစုနဲ့ ဖုန်းအဆက်အသွယ်လုပ်ဖို့ မိုင် နှစ်ရာကျော် ကို သွားရောက် ဖုန်းပြောရပြီး ၊ တစ်ညအိပ် နှစ်ရက် ခရီးကြာတယ်လို့ သိရပါတယ်။

“ဖုန်းတစ်ခါသွားပြောရင် အချိန်နှစ်ရက်ကုန်တယ်၊ ခရီးစရိတ်က တစ်သိန်းကုန်တယ်၊ ငွေ တစ်သိန်း မရှိလို့ ဖုန်းမပြောနိုင် ၊ မိသားစုနဲ့ အဆက်အသွယ်မရတဲ့လူတွေ အားကြီး(အများကြီး)၊ သူတို့ ကတော့ လေကြောင်း အန္တာရာယ်ကြောင့် ကိုယ့်မြို့ကနေ ဆက်လို့မရဘူးလို့ ပြောတယ် ၊ အခုဆိုရင် ဌာနဆိုင်ရာတွေလည်း လည်ပတ်နေကြပြီ ကိုယ့်မိသားစုနဲ့ ကိုယ် သာကြောင်းမာကြောင်း ပြောဖို့ ၊ ငွေလွှဲငွေထုတ်လုပ်ဖို့ လောက်တော့ အဆင်ပြေအောင်စီစဉ်ပေးရင်ကောင်းဖို့ ” လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွဲပြီးနောက်ပိုင်း အာရက္ခတပ်တော် သိမ်းပိုက်ပြီးစီးတဲ့ မြို့အားလုံးနီးပါးမှာ အရင်ကလည်ပတ်ခဲ့တော့ အမ်ပီတီ ၊ မိုင်တဲ ၊ တယ်လီနော စတဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ အလုံးစုံပျက်သုဉ်းသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ အာရက္ခပြည်မှာ ဌာနပေါင်းစုံလည်ပတ်လျှက်ရှိသလို အာရက္ခဗဟို အစိုးရနဲ့ မြို့နယ် တာဝန်ခံတွေကြားမှာ ကောင်းမွန်တဲ့ ဆက်သွယ်ရေးစနစ်နဲ့ လည်ပတ်နေနိုင်မယ့် စနစ်တစ်ခုရှိတယ်လို့ လေးဝတီ FM အနေနဲ့သိရှိရပါတယ်။

ULA/AA နဲ့ နီးစပ်သူတွေ ၊ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေဟာ စတားလင့် အသုံးပြုပြီး အင်တာနက် သုံးစွဲနိုင်ပြီး အခြေခံပြည်သူတွေကတော့ ဖုန်းတစ်ကောပြောနိုင်ဖို့ မိုင်းပေါင်းရာနဲ့ ချီကို မိုးထဲလေထဲ ခရီးနှင်နေရတဲ့ အခြေအနေပါ။

” ကျွန်တော်တို့က ပြည်သူတွေကို လုပ်နိုင်တာ လုပ်ပေးနေပါတယ် လေကြောင်း လုံခြုံရေး ကို အဓိက ထားပါတယ် ” လို့ အင်တာနက်သုံးစွဲခွင့်ရှိတဲ့ ULA/AA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အင်တာနက်သုံးခွင့်ရသူတွေနဲ့ ULA/AA အသိုင်းအဝိုင်းက တော့ ပြည်သူတွေ အင်တာနက် သုံးစွဲခွင့်ပေးလိုက်ရင် ဒလံတွေ ပါလာနိုင်ပြီး လေကြောင်း အန္တာရာယ်စိုးရိမ်ရ တယ်ဆိုတဲ့အချက်နဲ့ ပြည်သူ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို ဆောင်ရွက်ပေးဖို့ ပျက်ကွက်နေတာဖြစ်ပါတယ်။

ပြည်သူတွေ ဘက်ကတော့ အင်တာနက်သုံးစွဲခွင့် ထက် ၊ မိသားစုအချင်းချင်း အဆက်အသွယ်ရရှိနိုင်မယ့် နည်းလမ်းကို အုပ်ချုပ်သူတွေက စီစဉ်ပေးဖို့ တောင်းဆိုနေတာလည်းဖြစ်ပါတယ်။

“အိမ်ကမိသားစုကို အသက်ရှင်လျှက်ပြန်တွေ့ရမလားတောင်မသိဘူး ၊ အဆက်သွယ် တစက်လဲမရ ၊ ကိုယ့်အိမ်လည်း ဘယ်လိုနေသလဲ တောင် အခုထိမသိရသေးဘူး ၊ အင်တာနက်သုံးလို့ရလူတွေကတော့ ပိုစ်တွေ အမျိုးမျိုးတင်နေတာ တွေ့တယ်။အဲ့ဒါကျတော့ လုံခြုံရေးမထိခိုက်လား လို့ မေးလိုက်ချင်တယ် ” လို့ အမ်းမြို့နယ် က စစ်ဘေးရှောင်လာသူ တစ်ဦးက ပြောပါတယ်။

အာရက္ခလွတ်မြောက်မြို့တွေထဲမှာ ဘူးသီးတောင် ၊ မောင်တောမြို့တွေက တော့ ဘဂ်လားဒေ့ရှ်ဘက်က ဆင်းကတ်တွေ ၊ အင်တာနက် တွေနဲ့ အသုံးပြုလို့ရနေပြီး အဲ့ဒီလို အသုံးပြုဖို့ ULA/AA ကို အခွန်ဆောင်ပြီး အသုံးပြုနိုင်တယ် လို့သိရပါတယ်။

၂၀၂၄ ဒီဇင်ဘာမှာ အမ်းမြို့နယ် ၊ တောင်ကုတ်မြို့နယ် နဲ့ ဂွမြို့နယ် တို့ကို သိမ်းပိုက်ခဲ့ပြီး ခြောက်လကြာမြင့်ပြီဖြစ်ပါတယ်။

သံတွဲ မြို့ ကို တော့ ၂၀၂၄ ဇူလိုင် လက သိမ်းပိုက်ထားပြီး တစ်နှစ်နီးပါးကြာမြင့်ပြီဖြစ်ပေမယ့် မိသားစုနဲ့ လုံးဝအဆက်အသွယ်မရရှိသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *