Laywaddy FM

အမ်းမြို့နယ် က စစ်ရှောင်တွေ ငှက်ဖျားကြောင့် ဆေးမကုနိုင်ဘဲ သေဆုံးမှုရှိနေ ၊ အာရက္ခပြည်သူ့အစိုးရ အရေးပေါ်စီမံပေးရန်လိုအပ်

အမ်းမြို့နယ် က စစ်ရှောင်တွေ ငှက်ဖျားကြောင့် ဆေးမကုနိုင်ဘဲ သေဆုံးမှုရှိနေ ၊ အာရက္ခပြည်သူ့အစိုးရ အရေးပေါ်စီမံပေးရန်လိုအပ်

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ် ကျေးရွာတွေမှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ငှက်ဖျား ရောဂါကြောင့် သေဆုံးမှုတွေ တိုးလာပြီး ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလက်လှမ်းမှီဖို့ အာရက္ခပြည်သူ့အစိုးရ အနေနဲ့ အရေးပေါ်ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။

အခုဇွန်လ ထဲမှာတင် အမျိုးသား ၊ အမျိုးသမီး ၊ကလေး အပါအဝင် လူဆယ်ဦးကျော် ဟာ ပြင်းထန်တဲ့ ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့တယ်လို ULA/AA ရဲ့ မြေပြင်တာဝန်ခံ တစ်ဦးက လေးဝတီ FM ကိုပြောပါတယ်။

” ဆေးရုံတွေလည်း ပိတ်ထားတယ်၊ ဆေးခန်းတွေလည်း မရှိဘူး ၊ တခါတလေ တပ်တော်က ဆေးဝန်ထမ်းတွေ ၊ ဆေးလာကုရင် ဆေးထိုးရတယ်။ အခု ငှက်ဖျားနဲ့ တုတ်ကွေးတွေက ရွာတွေမှာ ကိုဗစ်ဖြစ်တုန်းကလို ဖြစ်နေကြတာ ၊ရောဂါစစ်ဘေးပြီး အငတ်ဘေး ၊ ရောဂါဘေး ဆိုက်နေတယ် ၊ အခုဖြစ်နေတဲ့ လူတွေကို ဆေးလာကုပေးဖို့နဲ့ မိုးလုံတဲ့ နေရာမှာ ထားဖို့ အရေးတကြီး လိုပါတယ်” လို့ အမ်းဒေသခံ တစ်ဦးက ပြောပါတယ်။

အမ်းမြို့နယ်က စစ်ရှောင်ပြည်သူတွေ အနေနဲ့ ဆေးဝါးတွေ နဲ့ အတူ အမိုးအကာနဲ့ စောင်ခြင်ထောင်များ လုံလောက်စွာ ရရှိနိုင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးပြသနာများ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ နေရာတွေကတော့ အမ်းမြို့နယ်ထဲက ရခိုင်ရိုးမ တောင်ခြေတွေမှာ နေထိုင်တဲ့ စစ်ရှောင်တွေ အဖြစ်များနေတာ လို့ ဆိုပါတယ်။

အာရက္ခတပ်တော်ထိမ်းချုပ်ထားတဲ့ အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဆေးရုံတွေ ၊ ဆေးခန်းတွေ ပိတ်ထားတာဖြစ်ပါတယ်။ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးဌာနက အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျေးရွာ ငါးရွာကို အုပ်စုတစ်စုထားပြီး ၊ ဆေးကုသဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“ရွာငါးရွာ လောက်ကို အုပ်စု တစ်စုစီလုပ်ပြီး ကျန်းမာရေးမှုးဦးဆောင်ပြီး ဆေးဝန်ထမ်းတွေနဲ့ သွားကုပေးပါတယ်။ ဒါပေမယ့် ဆေးဝါးမရှိပါ ။ လူရှိပြီး ဆေးမရှိလည်း ဘာလည်းလုပ်လို့မရပါ “ လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက

လေးဝတီFM ကို ပြောပါတယ်။

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီကနေ ဧပြီလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ဒေသခံ ၄၂၄ ဦးအထိ ရှိလာတယ်လို့ DMG ရဲ့သတင်းတရပ်မှာဖော်ပြထားပါတယ်။

ရခိုင်ပြည် အမ်းမြို့ ၊ သံတွဲမြို့ ၊ ဂွမြို့ ၊တို့ဟာ ရခိုင်ရိုးမှာ နဲ့ အနီးဆုံးမှာရှိနေပြီး နှစ်စဉ်ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းတွေ ကိုလုပ် ကိုင်ရတဲ့ နေရာတွေ ဖြစ်ပါတယ်။ အလားတူ လေးမြို့ချောင်း ပတ်ဝန်းကျင်က ကျေးရွာများ ဟာလည်း နှစ်စဉ် ငှက်ဖျားရောဂါ နဲ့ ဝမ်းရောဂါတွေကို ရင်ဆိုင်ရတဲ့ နေရာတွေဖြစ်ပါတယ်။

အမ်းချောင်းသူ၊ လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *