ဒီရက်ပိုင်းတွေ ဟာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကာလဖြစ်ပါတယ်။၊
ကမ္ဘာတဝှမ်း က လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ လိင်အခြေပြုအကြမ်းဖက်မှုတွေ ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းလျှက်ရှိနေပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က အမျိုးသမီး ၂၀ ကျော်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်းမှာ အစုလိုက်အပြုံလိုက်သေဆုံးသွားခဲ့ရပါတယ်။
သူတို့ထဲက ၁၇ ဦးဟာ ဒီဇင်ဘာ ၁၀ ရက် (လူ့အခွင့်အရေးနေ့)က မြောက်ဦး ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ၊ လူနာစောင့်ရင်း ၊ သူနာပြုလုပ်ရင်း နဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရပါတယ်။
ဒုတိယ နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ က ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင်ရင်း စစ်ရှောင်စခန်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချရာက နောက်ထပ် အမျိုးသမီး (၅) ဦး သေဆုံးကြတာဖြစ်ပါတယ်။
လူနာကို အသက်ကယ်နေချိန် ၊ လူနာစောင့်နေချိန်၊ ဆေးကုသမခံလိုက်ရချိန်အတွင်းမှာပဲ အသက်တွေ ဆုံးရှုံးသွားကြတာဖြစ်ပါတယ်။
သူတို့ရဲ့ အသက်ကို အကြမ်းဖက် ဖျက်ဆီးခဲ့တဲ့ လက်နက်ဟာ စစ်ကော်မရှင် လေတပ်က အသုံးပြုတဲ့ ပေါင် ၅၀၀ ဗုံး ဖြစ်ပါတယ်။
ဒီလောက်အထိ ဖျက်အားပြင်းတဲ့ လက်နက်ကို အများပြည်သူရှိရာနေရာ၊ ဆေးရုံ၊ စစ်ဘေးရှောင် တန်းလျားတွေကို ပစ်ခတ်ခဲ့တာဟာ နိုင်ငံတကာစစ်ဥပဒေ၊ လူ့အခွင့်အရေးဥပဒေကို ပြောင်ပြောင်တင်းတင်းဖောက်ဖျက်ခြင်းဖြစ်ပါတယ်။
ဆေးရုံ ၊ ဆေးခန်းတွေဟာ နှစ်ဖက်စလုံးရဲ့ အကာအကွယ်ကို ရရှိရမယ့် နေရာတွေဖြစ်ပါတယ်။ ဒီအချက်အကို ဖောက်ဖျက်ကျူးလွန်သူဟာ စစ်ရာဇဝတ်ကောင်ဖြစ်လာပါတယ်။
လေ့လာသုံးသပ်သူ တချို့က “မြေပြင်ထိုးစစ်မှာ AA ကို မယှဉ်နိုင်တော့လို့” ဆိုပြီး ပြောကြသလို ၊
“ပြန်သိမ်းလိုတဲ့ မြို့တွေကို ဖိအားပေးချင်လို့” စသဖြင့် ပြောကြပါတယ်။
ဘယ်လိုပဲ သုံးသပ်ပါစေ အမျိုးသမီးတွေရဲ့ အသက်ပေါင်း ၂၀ ကျော် အပါအဝင် အရပ်သားတွေ သေဆုံးရခြင်းဟာ စစ်ကော်မရှင်ရဲ့ စစ်ရေးလက်နက် အသစ် တစ်ခု ဖြစ်လာပါတယ်။
စစ်ကောင်စီဟာအရပ်သားတွေရဲ့ အသက် ကို အသုံးချနေပြီ ၊ အမျိုးသမီးတွေရဲ့ ငိုကြွေးသံကို အရသာခံနေပြီ ဆိုတာ ထင်ရှားစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကာလတွေမှာ စစ်အုပ်စုက မုဒိမ်းမှုကို လက်နက်အဖြစ် အဖြစ် အသုံးပြုပြီး သူ့ရဲ့ ရန်သူအဖြစ် သတ်မှတ်ထားသူတွေရဲ့ စိတ်ဓာတ် နဲ့ လူ့ဂုဏ်သိက္ခာကို လဲပြိုသွားအောင် အနိုင်ယူခဲ့ပါတယ်။
အခုအခါမှာတော့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ရေးတိုက်ကွက် တစ်ခုလို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကို ခြိမ်းခြောက်ဖိအားပေး လာပြီလို့ ဆိုနိုင်ပါတယ်။
“လေကြောင်းက ဖိအားပေးရင် ၊ နယ်မြေတွေ ပြန်ရတယ်” ဆိုတဲ့ သီအိုရီ ကို ဘယ်လောက်မှန်နိုင်သလဲ စမ်းသပ်ဖို့ စစ်ရာဇဝတ်ကောင် အနေနဲ့ သိပ်မခက်ဘူး လို့ပဲ ပြောရမလိုဖြစ်နေပါတယ်။
စစ်ရာဇဝတ်မှု ကျူးလွန်သူဟာ အရပ်သားတွေ ၊ အမျိုးသမီးတွေ ၊ ကလေးတွေ ရဲ့ အသက်ကို ဗုံးကြဲ သတ်ဖြတ်နေရင်းနဲ့ ပဲ
ဒေသတွင်းနဲ့ အာဆီယံ အဖွဲ့အစည်းများအကြား လူရာဝင်အောင် ဟန်ဆောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပြန်ပါတယ်။
ဒါဟာ သေဆုံးသွားတဲ့ အမျိုးသမီးတိုင်းရဲ့အသံကို ပျောက်ကွယ်အောင်လုပ်ကြိုးစားသလို၊ လူ့အခွင့်အရေးဖောက်ဖျက်မှု ၊ စစ်ရာဇဝတ်မှုတွေ ကို ဖုံးကွယ်လိုတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။
ရခိုင်မှာ နှစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၉၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ HDCO က ထုတ်ပြန်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ထောင်ကျော် ကျော်သေဆုံးခဲ့ပါတယ်။
နောက်ထပ်နှစ်ထောင်ကျော်ဟာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်တဲ့အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေအတွက် ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးတာဝန်ရှိသူတွေ အနေနဲ့ ဝမ်းနည်းကြောင်း ထက်ပိုတဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ မလွဲသွေလိုအပ်နေပါပြီ။
မဝါနု ၊ လေးဝတီFM