Laywaddy FM

ဂျိုင်ကောက် စခန်းကိုသိမ်းပိုက် ဂွမြို့နဲ့ အနီးဆုံးကို AAထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေ

ဂျိုင်ကောက် စခန်းကိုသိမ်းပိုက် ဂွမြို့နဲ့ အနီးဆုံးကို AAထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်၊ ဂွမြို့နယ် ဂျိုင်ကောက် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို AA က သိမ်းပိုက်ပြီး ဂွမြို့နဲ့ ဆယ်မိုင်ပတ်လည်သာ ဝေးတော့တဲ့ ဆပ်သွားကျေးရွာက စစ်ကောင်စီတပ်တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။

အာရက္ခတပ်‌တော် AA ဟာ ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးက ဂွမြို့နယ် အနီးကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး တောလမ်းရော ၊ ရန်ကုန်-သံတွဲ လမ်းမကြီးဝန်းကျင်မှာပါ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

” တိုက်ပွဲကပြင်းတယ်။ဆပ်သွားဆေးရုံ၊ဘုန်းကြီးကျောင်း၊စာသင်ကျောင်း တွေနဲ့ ရွာထဲမှာ နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ကူပေးတယ်။ဂျိုင်ကောက်နဲ့ဆပ်သွားကချောင်းတစ်ဖက်ကမ်းပါ။ဂျိုင်ကောက်ကဆက်လာတဲ့တိုက်ပွဲအခုဆပ်သွားတံတားနဲ့ရွားနားမှာတိုက်ပွဲကဖြစ်နေတယ်“လို့ ဒေသခံ သတင်းရင်းမြစ် က ပြောပါတယ်။

ဂျိုင်ကောက်ကျေးရွာ မှာ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂျိုင်ကောက် စာသင်ကျောင်းကို ထိမှန်ပျက်စီးခဲ့သလို အရပ်သားအချို့ လည်းသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဂျိုင်ကောက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျိန္တလီမြို့သိမ်းတိုက်ပွဲကနေ အဆင့်ဆင့် တပ်ဆုတ်လာတဲ့ တပ်ဖွဲ့တွေ ဖြစ်ပြီး ဂွမြို့အနီးကို ထပ်ကာထပ်ကာ ဆုတ်သွားတာဖြစ်ပါတယ်။

ဂျိုင်ကောက်ကနေစလာတဲ့တိုက်ပွဲဟာဒီကနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ဆပ်သွားတံတားထိပ်စခန်း နဲ့ ဆပ်သွားကျေးရွာအနီးမှာ အပြန်အလှန်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ဆပ်သွားကျေးရွာအတွင်းက ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း တွေ မှာ လက်နက်ကြီးပစ်ကူအဖွဲ့တွေကို ကြိုတင်နေရာယူထားတာလည်း ဖြစ်ပါတယ်။

ဂျိုင်ကောက် ၊ ဆပ်သွားကျေးရွာတွေဟာ ဂွမြို့နယ် ကမ်းခြေဒေသတစ်ခု ဖြစ်ပြီး ရေလုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့ကျေးရွာတွေ ဖြစ်ပါတယ်။

အမ်းချောင်းသူ ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *