ဒေးလ် မိုဟာမက် ဆိုတဲ့ နာမည်ဟာ ယုံကြည်မှုရဲ့ ပြယုဒ်တစ်ခုတော့ မဟုတ်ပါဘူး။
သူဟာမြန်မာစစ်တပ်ရဲ့ မှောင်ခိုလုပ်ငန်းတွေမှာ ကြားလူအနေနဲ့ ကာလရှည်ကြာလုပ်ဆောင်နေတဲ့
ရာဇဝတ်သားတစ်ယောက်ပါ။
အခုအချိန်မှာတော့ ရိုဟင်ဂျာ ပဋိပက္ခရဲ့ အန္တရာယ်များလှတဲ့အခန်းသစ်တစ်ခုကို ဦးဆောင်လို့နေပါတယ်။
အာရက္ခဒေသမှာတင်မက ဘင်္ဂလားဒေ့ရှ်မှာပါ လှုပ်ရှားနေပြီး ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့တွေအတွက် အဓိက လူသစ်စုဆောင်းပေးသူပါ။ သူဟာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ သိသိသာသာ သတိလွတ်နေတဲ့အချိန်မှာပဲ ပြန်လည်လှုပ်ရှားလာခဲ့ပါတယ်။
ရိုဟင်ဂျာတွေရဲ့ ကွဲပြားနေတဲ့ မျှော်ရည်ချက် အသီးသီးကို စုစည်းနိုင်ဖို့ ဆိုတဲ့ အကြောင်းပြချက်အောက်မှာ သူဟာ ဒီဇင်ဘာ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရိုဟင်ဂျာ လူထုစုဝေးပွဲ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လူထုရှေ့ကို ခပ်စိပ်စိပ်ထွက်လာနေပါတယ်။
အဆိုပါ လူထုစုဝေးပွဲဟာ တက်ရောက်သူလူဦးရေအရ သာမက ပွဲရဲ့ထိတ်လန့်စရာ အကြောင်းအရာတွေကြောင့်ပါ ပြောစမှတ်တွင်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရာဇဝတ်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားတဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) တို့ဟာလည်း စုဝေးပွဲရဲ့စင်ပေါ်မှာ ပေါ်လာခဲ့ပါတယ်။ သူတို့ဟာ အာရက္ခတပ်တော် (AA) ကို ဆန့်ကျင်တိုက်ခိုက်ဖို့ စည်းရုံးရေးပြုလုပ်မယ် ဆိုတဲ့ သူတို့ရဲ့ရည်မှန်းချက်ကို ဟန်ဆောင်ပန်ဆောင်တောင် မဖုံးကွယ်ပဲ ဘွင်းဘွင်းရှင်းရှင်း ချပြခဲ့ကြပါတယ်။
သူတို့ရဲ့ မဟာကြေညာချက်ကို ပေါ်တင်လုပ်ခဲ့ပေမယ့် သူတို့ရဲ့ တပ်သားစုဆောင်ရေး လုပ်ငန်းတွေကိုတော့ လျှို့ဝှက်ထားခဲ့ပါတယ်။ ဗလီတွေရဲ့ အတွင်းစည်းနဲ့ လျို့ဝှက်အစည်းအဝေးတွေမှာ ဒေးလ် မိုဟာမက် နဲ့ သူနဲ့နီးစပ်သူတွေဟာ ညီနောင်လေးဖေါ်မဟာမိတ် လို့ခေါ်တဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာမဟာမိတ်အဖွဲ့ (ARA) နဲ့ ရိုဟင်ဂျာ အစ္စလာမ်မစ် မဟာ့ဇ် (RIM) တို့ ပါဝင်တဲ့ အကြမ်းဖက်တပ်ပေါင်းစုအတွက် အတင်းအဓမ္မတပ်သားစုဆောင်းနိုင်ဖို့ အခြေခံချိတ်ဆက်မှုတွေနဲ့ ကွန်ရက်တွေကို ဖွဲ့စည်းနေပါတယ်။
သူတို့တွေဟာ ရိုဟင်ဂျာမိသားစုတွေကို တစ်အိမ်ထောင်လျှင် စစ်မှုထမ်းအတွက် အနည်းဆုံး ယောကျ်ားလေးတစ်ယောက်ပေးဖို့ ဖိအားပေးနေကြပါတယ်။ ငြင်းဆန်တဲ့ မိသားစုတွေကို စားနပ်ရိက္ခာထောက်ပံ့မှု ဖြတ်တောက်မယ် လို့လည်း ခြိမ်းခြောက်ကြပါတယ်။
လွန်ခဲ့တဲ့နှစ်တွေမှာ အဆိုပါအဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းမှုက အခုနဲ့မတူ အလွန်ကွာခြားလှပါတယ်။ RSO နဲ့ ARA အဖွဲ့တို့ အတင်းအဓမ္မ တပ်သားစုဆောင်းဖို့ ကြိုးစားကြတဲ့အခါ ဒုက္ခသည်စခန်းထဲက ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကိုခံခဲ့ရပါတယ်။
အမျိုးသမီးတွေ အပါအဝင် ဒုက္ခသည်တွေက ရရာ တုတ်ဓား လက်နက်ဆွဲကိုင်ပြီး ညဘက်မှာ စခန်းထဲ ဆယ်ကျော်သက် ကလေးတွေပါမကျန် ဝင်ဖမ်းပြီး စစ်မှုထမ်းလာစုတဲ့ အဖွဲ့တွေကို ခုခံခဲ့ကြပါတယ်။ ဒုက္ခသည်တွေရဲ့ ခုခံမှုက အလွန်သိသာထင်ရှားခဲ့တာပါ။
ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါအကြမ်းဖက်အဖွဲ့တွေရဲ့ နည်းဗျူဟာတွေ ပြောင်းလဲလို့သွားပါပြီ။
တပ်သားသစ်စုဆောင်းခြင်းကို ယခင်ကလို ခိုးကြောင်းခိုးဝှက်မလုပ်တော့ဘဲ ပိုမိုစနစ်ကျပြီး အများလက်ခံနိုင်မယ့် ပုံစံတွေနဲ့ လုပ်ဆောင်လာနေကြပါတယ်။ ဒေးလ် မိုဟာမက် နဲ့ အပေါင်းအပါတွေဟာ မိသားစုကို ဖိအားပေးပြီး မိသားစုထဲက ယောက်ျားလေးတစ်ယောက်ကို စစ်မှုထမ်းစေကာ ဒီအခြေအနေဟာ ရှောင်လွှဲလို့မရနိုင်တဲ့ ပုံစံအဖြစ် ဖန်တီးလိုက်ကြတာပါ။
အဆိုပါ အစည်းအဝေးတွေကနေ သိရတဲ့သတင်းတွေအရ မြန်မာစစ်အစိုးရကလဲ အကြမ်းဖက်အဖွဲ့တွေအတွက် လိုအပ်တဲ့ စစ်သင်တန်းတွေ၊ လက်နက်ပစ္စည်းတွေ နဲ့ သယ်ယူပို့ဆောင်ရေးကိစ္စတွေကို ထောက်ပံ့ပေးဖို့ရှိနေတယ် လို့ သိရပါတယ်။ အစ္စလာမ်ဘာသာရေးကျောင်းက ကျောင်းသားတွေဟာ အတင်းအဓမ္မစစ်မှုထမ်းစေခြင်းရဲ့ ပစ်မှတ်
ဖြစ်လာပါတယ်။
စစ်မှုထမ်းဖို့ငြင်းဆန်ရင်တော့ သူတို့တက်နေတဲ့ကျောင်းတွေကို ပိတ်သိမ်းပစ်မယ် လို့ ခြိမ်းခြောက်ခံကြရပါတယ်။ စစ်မှုထမ်းဖို့ကို ငြင်းဆန်ဖို့ တတ်နိုင်သူတွေကတော့ ငွေညှစ်ခံနေကြရပြီး ဆင်းရဲသူတွေအတွက်ကတော့ ဘယ်လိုမှ လွတ်မြောက်မယ့်ပုံ မရှိပါဘူး။
ဒေးလ် မိုဟာမက် အနေနဲ့ ဒီလိုနေရာကို ဘယ်လိုရောက်လာလဲဆိုတာကို နားလည်နိုင်ဖို့ ဆိုရင် ဆင်းဆင်းရဲရဲဘဝကနေ အခုလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှစ်ဖက်လုံးမှာ လှုပ်ရှားနိုင်တဲ့ အာဏာရှိသူတစ်ယောက် ဖြစ်လာတဲ့ သူ့ရဲ့အတိတ်ကို နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။
သစ္စာဖောက်ခြင်းပေါ် အခြေတည်ထားတဲ့ စီးပွားရေးလုပ်ငန်း
ဒေးလ် မိုဟာမက် ရဲ့ ဇာတ်လမ်းက မောင်တောမြို့မြောက်ဘက် မထင်မရှား ရွာကလေးကနေ စတင်ခဲ့ပါတယ်။ Shatkinna Fara၊ မြန်မာလိုဆို သက်ကိုင်ညာ လို့ ခေါ်တဲ့ရွာလေးမှာ မွေးခဲ့ပြီး သူ့ငယ်ဘဝကို သက်လူမျိုးတွေကြားမှာ နေ့စားလုပ်ရင်း ကုန်ဆုံးခဲ့ပါတယ်။
ကျောင်းမတက်နိုင်ပေမယ့် သက် ဘာသာစကားကို သင်ကြားခဲ့ ပြောနိုင်ခဲ့ပါတယ်။ ဒေသတွင်းဝါးကုန်သည် မိုဟာမက် ရာဒစ်ရှ် နဲ့ တွေ့တဲ့အချိန်မှာတော့ သူ့အခွင့်သာလာခဲ့ပါတယ်။ မိုဟာမက် ရာဒစ်ရှ် ရဲ့ ဝါးလုပ်ငန်းမှာ အောက်ခြေလုပ်သားအနေနဲ့ စလုပ်ခဲ့ပေမယ့်ရာထူးမြန်မြန်ပဲ တိုးလာခဲ့ပါတယ်။
နောက်ပိုင်းမှာ သူဟာ ဝါးလုပ်ငန်းအတွက် မြန်မာစစ်တပ်အပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ပါ ညှိနှိုင်းရတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။
ဒါပေမယ့် အာဏာရှိလာတော့ သစ္စာဖေါက်ပါတော့တယ်။ သူရဲ့အချိတ်အဆက်တွေ ကောင်းလာပြီး လွှမ်းမိုးမှုရှိလာတာနဲ့ သူ့အလုပ်ရှင်ကို သစ္စာဖေါက်ခဲ့ပါတယ်။ မိုဟာမက် ရာဒစ်ရှ် ဟာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ထွက်ပြေးသွားခဲ့ရပါတယ်။ ဒေးလ် မိုဟာမက် ကတော့ ဝါးလုပ်ငန်းကို လက်လွှဲယူလိုက်ပြီး ဝါးကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်နိုင်ဖို့မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ကောင်းအောင်လုပ်ခဲ့ပါတယ်။
ဒေးလ် မိုဟာမက်ဟာ “Zaikka” (ဒီစကားလုံးဟာ ရိုဟင်ဂျာစကားလုံးတစ်ခုကနေ ဆင်းသက်လာတာဖြစ်ပြီး မြစ်တွေ၊ချောင်းတွေထဲက ငါးလုပ်ကွက် တွေကို လုပ်ပိုင်ခွင့်ရသူလို့ အဓိပ္ပာယ်ရပါတယ်) လို့လဲ လူသိများလာခဲ့ပါတယ်။ သူဟာ အဲ့ဒီမြန်မာအစိုးရပိုင် ငါးလုပ်ကွက်တွေကို ဦးစီးပြီး ဒေသခံတွေစီက ငွေညှစ်ပါတယ်။ စစ်တပ်ကလဲ သူ့ကို ကျောထောက်နောက်ခံ ပေးထားပါတယ်။
ရာဇဝတ်မှုတွေအပြည့်နဲ့ အာဏာရှိလာခြင်း
သူဟာ မှောင်ခိုလုပ်ငန်း၊ ငွေညှစ်တာ၊ နိုင်ငံရေးလှည့်ကွက်တွေ ဖြစ်မြောက်အောင်ကူညီတာ စတာတွေ လုပ်ခဲ့ပါတယ်။ ထောင်ကျခဲ့ပေမယ့် ထောင်ထဲမှာ ဗမာအာဏာပိုင်တွေနဲ့ ပိုရင်းနှီးလာပြီး အချိတ်အဆက်တွေ ပိုရလာခဲ့ပါတယ်။ ထောင်ကလွတ်လာတဲ့အခါမှာတော့သူ့ရဲ့ကုန်သွယ်ရေးလုပ်ငန်းကို ပြန်လုပ်ခဲ့ပါတယ်။
သူ့ကုန်သွယ်ရေးဟာ ထောင်ထဲမှာ ရခဲ့တဲ့ အချိတ်အဆက်တွေကြောင့် ပိုပြီး အမြတ်ရခဲ့ပါတယ်။
သူဟာ စစ်အစိုးရရဲ့ နာမည်ကြီး သတင်းပေး ဒလန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူဟာ ဒေသတွင်းက ချမ်းသာတဲ့သူတွေကို မဟုတ်မမှန် အမှုတွေဆင်ကာ ထောင်ချခဲ့ပါတယ်။
၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ကြားမှာတော့ သူရဲ့ဆိုးသွမ်းမှုတွေက ပိုဆိုးလာခဲ့ပါတယ်။
သူ့လုပ်ရပ်တွေကို ဒေသတွင်းက ချမ်းသာသူတွေသာမက ဆင်းရဲတဲ့သူတွေပါ ခံစားခဲ့ကြရပါတယ်။ သက်လူမျိုး အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်ဖို့ ကြိုးစားမှုနဲ့ တိုင်ကြားခံခဲ့ရပေမယ့် စစ်တပ်က ကာကွယ်ပေးထားတာမို့ ဘာမှမဖြစ်ခဲ့ပဲ ဒီအတိုင်း ပြီးသွားခဲ့ပါတယ်။ ဒေသတွင်းက ချမ်းသာသူတွေကတော့ သူလွတ်မြောက်စေဖို့ လာဘ်ငွေတွေ ပေးဆောင်ခဲ့ကြရပါတယ်။
ဒီလိုမှမပေးရင်လဲ ဒေးလ် မိုဟာမက် က လွတ်လာတဲ့အခါ ရန်ညှိုးထား သောင်းကျန်းမှာကို သိကြလို့ပါပဲ။ ၂၀၁၄ ခုနှစ်မှာတော့ အခြေအနေတွေပြောင်းသွားခဲ့ပြီး ဒေးလ် မိုဟာမက် ဟာ ထောင်နောက်တစ်ခေါက် ကျခဲ့ပါတယ်၊ ဘာအမှုနဲ့လဲဆိုတာတော့ သေချာမသိကြရပါဘူး။
၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစုလိုက်အပြုံလိုက် ထွက်ပြေးရတာတွေ စတင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒေးလ် မိုဟာမက်ကတော့ ထောင်ထဲမှာ ရှိနေဆဲပါ။ ၂၀၁၉ ခုနှစ်မှာ (သို့) ၂၀၂၀ မှာတော့ ဒေးလ် မိုဟာမက် ထောင်ကပြန်လွတ်လာခဲ့ပါတယ်။ ပြန်လွတ်လာလာခြင်းမှာပဲ သူဟာ လမ်းဟောင်းကို ပြန်ရွေးခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ဆက်သွယ်ကာ ယာဘ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနဲ့ ရွှေမှောင်ခိုကူးခြင်းတို့ကို ပြန်လုပ်ခဲ့ပါတယ်။
မြန်မာစစ်တပ်က RSO အဖွဲ့ကို သူ တာဝန်ခံ ညှိနှိုင်းပေးတဲ့ အပေးအယူတစ်ခုအရ လက်နက် ၅၀၀ ပေးခဲ့တာကို ကြားခံ ပို့ဆောင်ပေးခဲ့တဲ့နောက်မှာတော့ သူရဲ့ဩဇာလွှမ်းမိုးမှုဟာ ပိုမိုကြီးမားလာခဲ့ပါတယ်။
သူရဲ့ အာဏာ ပိုမိုကြီးထွားလာတာနဲ့အမျှ သူကိုယ်တိုင်ဟာလဲ ပစ်မှတ်ထားချင်စရာ ဖြစ်လာခဲ့ပါတယ်။ တစ်ကြိမ်မှာတော့ သူဟာ အာရက္ခတပ်တော် (AA) ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လဲ ပြန်ပေးငွေပေးပြီးတဲ့နောက်မှာတော့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ဒီပြန်ပေးငွေဟာလဲ ဒေသတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေဆီကပဲ ခြစ်ထုတ်ထားတာပါ။ အဲ့ဒီနောက်မှာတော့ သူ့ဇာတ်လမ်းဟာ အန္တရာယ်များလှတဲ့ အခန်းကဏ္ဍဆီကို ဦးတည်သွားပါတော့တယ်။
စစ်အာဏာရှင်ရဲ့ ရိုဟင်ဂျာစစ်သား စုဆောင်းပေးသူ ဒေးလ် မိုဟာမက်ရဲ့ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဟာ စစ်အာဏာရှင်တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်ခြင်းကို ခံခဲ့ကြရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ကင်းကွာသွားစေသင့်တာပါ။ ဒါပေမယ့်လဲ သူ့အတွက်ကတော့ နည်းလမ်းအသစ်တစ်ခုရရှိသွားခဲ့ပါတယ်။
အာရက္ခတပ်တော် ရခိုင်ပြည်နယ်အတွင်း အကြီးအကျယ်ထိုးစစ်ဆင်ခဲ့တဲ့ ၂၀၂၄ မှာ ဒေးလ် မိုဟာမက်ဟာ မောင်တောကနေ ဘင်္ဂလားဒေ့ရှိကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့်လဲ သူဟာ သူ့ရဲ့အနီးကပ်ဆုံး မြန်မာစစ်တပ်ဘက်က အချိတ်အဆက်ဖြစ်တဲ့ ဗိုလ်မှူးကြီး သူရိန်ထွန်း နနခ ၅ တိုက်ပွဲမှာ AA ထံကို အဖမ်းခံရတဲ့ အချိန်မတိုင်ခင်ထိ အချိတ်အဆက်မပြတ် ရှိနေဆဲပါ။
အခုအချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ မသိကျိုးကျွံပြုထားတဲ့ အချိန်ခဏမှာပဲ
အန္တရာယ်များလှတဲ့ အခန်းကဏ္ဍမှာ ပြန်ပေါ်လာခဲ့ပါတယ်။ ၂၀၂၄ အောက်တိုဘာကနေစလို့ သူဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာလုပ်တဲ့ အစည်းအဝေးတွေမှာ ဆက်တိုက်ဆိုသလို ပေါ်လာနေပြီး သူ့ရဲ့ဩဇာလွှမ်းမိုးမှုကို တိုးချဲ့လို့နေပါတယ်။
နိုဝင်ဘာမှာတော့ အာရကန်အတွက် လူငယ်လှုပ်ရှားမှု စုဝေးပွဲမှာ မိန့်ခွန်းတက်ပြောခဲ့ပါတယ်။ ပွဲစီစဉ်သူတွေတောင် သူတက်ပြောမယ်ဆိုတာ ကြိုမသိခဲ့ကြပါဘူး။
သူရဲ့ အကြမ်းဖက်အဖွဲ့တွေအတွက် စစ်သားအဖြစ် စုဆောင်းဖို့ရည်ရွယ်ချက်ဟာ ဒါကာရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံရဲ့ ပဋိပက္ခများတဲ့ ရခိုင်ဒေသမှာ ချိန်ခွင်လျှာတစ်ခုအဖြစ် အသုံးပြုဖို့ ဆိုတာနဲ့ ကိုက်ညီလို့နေပါတယ်။
သူ့ရဲ့လူထုစုဝေးပွဲတွေမှာ ပြောဆိုခွင့်ရနေတာက စစ်ဝါဒကို ညီညွတ်ရေးခေါင်းစဥ်အောက်ကနေ ဖြန့်ဖြူးစည်းရုံးခွင့်ရစေခဲ့ပါတယ်။ တချိန်ထဲမှာပဲ သူနဲ့ သူ့အဖွဲ့တွေဟာ အဓမ္မလူသစ်စုဆောင်ရေးကို လျို့ဝှက်လုပ်ဆောင်နေကြပါတယ်။
မနာခံတဲ့ မိသားစုတွေကို စားနပ်ရိက္ခာ အထောက်အပံ့ဖြတ်တောက်ခြင်း၊ ကျောင်းတွေပိတ်ခြင်း တို့လို့ နည်းမျိုးစုံနဲ့
အကြပ်ကိုင်ပြီး လုပ်ကိုင်နေကြတာပါ။
သူ့ရဲ့လုပ်ဆောင်ချက်တွေ၊ သူပြောခဲ့တဲ့စကားလုံးတွေ နဲ့ လုပ်ရဲကိုင်ရဲရှိမှုတွေကို ကြည့်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူ့လုပ်ရပ်တွေကို မမြင်ချင်ယောင်ဆောင်ထားပေးရုံတင်မဟုတ်ပဲ အကူအညီပါ ပေးနေတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။
“ဘင်္ဂလားဒေ့ရှ်ကို ငါဝယ်ထားတာကွ” လို့ လေလုံးထွားခဲ့ဖူးတဲ့ လူတစ်ယောက်အတွက် ဒီလုပ်ရပ်တွေဟာ သူ့အာဏာရဲ့ အဆုံးစွန်ဆုံး သက်သေပြချက်လို့ပဲ ဆိုရမှာပါ။ ရိုဟင်ဂျာတွေအတွက်ကတော့ ရက်စက်တဲ့ စစ်အာဏာရှင်နဲ့ ပြင်ပနိုင်ငံရဲ့ အကျိုးစီးပွားကြားမှာသာမက သစ္စာဖောက်လက်ထဲမှာပါ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲမှာ အသုံးချခံရခြင်းတွေကို ရင်ဆိုင်ကြရဖို့ ရှိနေပါတော့တယ်။
Dhaka Tribune သတင်းဌာနရဲ့ မူရင်းအာဘော်အတိုင်း
Zan က ဘာသာပြန်ဆိုထားပါတယ်။
လေးဝတီ FM ၊ ဘာသာပြန်ဆောင်းပါး ။