ရခိုင်ပြည် သံတွဲခရိုင်မှာ မကျန်းမမာဖြစ်တဲ့ ပြည်သူ ပြည်သားတွေကို ဆေးရုံ ၊ ဆေးခန်း အနေနဲ့ မထားရှိဘဲ နယ်လှည့်ဆေးကုသပေးရေးအစီအစဉ်တွေကို ဆောင်ရွက်လျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။

အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်းရန် ကို ကာကွယ်နိုင်ရေး အတွက် အခုလို စီစဉ်ဆောင်ရွက်နေရတာဖြစ်တယ်လို့ မြေပြင်မှာ ကွင်းဆင်းဆောင်ရွက်ပေးသူ တွေ က လေးဝတီ FM ကို ပြောပါတယ်။
“စကစ က မကြာခဏလေကြောင်းလာပစ်တာကြောင့် ၊ ဆေးရုံဆေးခန်းတွေ ကိုတော့ မထားဘူး ၊ နယ်လှည့်ပြီး ကုပေးနေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျန်းမာရေးမှူးတွေ ဆရာဝန်တွေ က တိုက်နယ် တခုချင်း ကျေးရွာတစ်ခုချင်းအလိုက် ၊ လုံခြုံမယ့်နေရာမှာ ရွေ့လျားစနစ်နဲ့ ကူညီပေးနေတာ ဖြစ်ပါတယ် ” လို့ မြေပြင် ကွင်းဆင်းဆောင်ရွက်ပေးသူ ဦးနီထွန်းအောင်က ပြောပါတယ်။

အဲ့ဒီလို ဆေးဝါးကုသတဲ့နေရာမှာ အရေပြားရောဂါ ဖြစ်ပွားမှုတွေကို အများစု ကုသပေးနေရပြီး ၊ အမျိုးသမီးရောဂါများ ၊ အဟာရချို့တဲ့မှုကြောင့်ဖြစ်တဲ့ ရောဂါများ၊ သွေးတိုးရောဂါများ ကို အများစု တွေ့ရတယ် လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ဂွမြို့နယ် တစ်ခုတည်းမှာ အရေပြားရောဂါ ဖြစ်ပွားသူ သုံးထောင်ကျော် ရှိတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“လေကြောင်းတိုက်ခိုက်ခံရလို့အရေးပေါ်အခြေအနေ တွေကိုတော့ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးဌာနက ကုသပေးတယ်။ ကျွန်တော်တို့ အရပ်ဘက်အဖွဲ့တွေ အနေနဲ့ က တော့ သာမာန်ရောဂါတွေအထူးပြုကုပေးတယ် ၊ ဆေးကုသဖို့ ခက်ခဲတဲ့ နေရာတွေကို သွားပြီး ကုသပေးတယ်၊ ပြန်လည်ထူထောင်ရေးအတွက် အားလုံးပါဝင်ဖို့ ကျွန်တော်တို့ က အားလုံးကိုဖိတ်ခေါ်ပါတယ်၊” လို့ ငပလီကမ်းခြေစုပေါင်းပရဟိတ အဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းဆောင်ရွက်သူက ပြောပါတယ်။
ဒီအဖွဲ့အနေနဲ့ ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေးစောင့်ရှောက်ခြင်း ၊ မွေးကင်းစခလေးသူငယ်များဆေးကုခြင်း ၊ အရေပြားရောဂါများကုသခြင်း၊ သက်ကြီးရွှယ်အိုများ ဆေးကုသခြင်း၊ အထွေထွေရောဂါများကုသခြင်း ၊ ဆေးဝါးနှင့် တကိုယ်ရေသန့်ရှင်းမှုပညာပေးခြင်း ၊သွေးတိုး ဆီးချို နှင့်နာတာရှည်ရောဂါများကုသခြင်း တို့ကို ပြုလုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်။

ငပလီစုပေါင်းပရဟိတ အဖွဲ့ရဲ့ အစီအစဉ်နဲ့ သံတွဲခရိုင် ထဲက တိုက်နယ်တွေ ၊ ကျေးရွာအုပ်စုတွေကို အဓိက ဆေးဝါးကုသနေပြီး ၊ ပြည်တွင်းပြည်ပ စေတနာရှင်တွေဆီက ကောက်ခံရရှိတဲ့ အလှူငွေတွေနဲ့ အခုလို ကုသနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့နေနဲ့ တစ်ပတ်တစ်ကြိမ်အခုလို သွားရောက်ကုသနေရပြီး ၊ ဆေးဝါး နဲ့ အသုံးအဆောင်တွေ အတွက် လှူဒါန်းဖို့လည်းဖိတ်ခေါ်ထားပါတယ်။
ဓာတ်ပုံ – ငပလီစုပေါင်းပရဟိတ အဖွဲ့
Lemon (လေးဝတီ FM)