လေးဝတီFM အတွေးအမြင်ဆောင်းပါ။
လူမှုကွန်ရက် စာမျက်နှာမှာ သူငယ်ချင်းတွေ အချင်းချင်းမျှကြရင်း ဓာတ်ပုံလေးတစ်ပုံ ကျွန်တော့် နယူးဖိဒ် မှာ လာပေါ်တယ်။ ကြည့် လိုက်တော့ အရပ်မြင့်မြင့်၊ ခန္ဓာတောင့်တောင့်နဲ့ မျက်နှာက ငယ်ရုပ်မပျောက်သေးတဲ့ သူ့ကို ကျွန်တော်ကောင်း ကောင်း မှတ်မိပါတယ်။
ငယ်သူငယ်ချင်း၊ တစ်တန်းကနေ ဆယ်တန်းအထိအတူတက်လာခဲ့တဲ့ သူငယ်ချင်းပဲ ဘယ်အမှတ်မိဘဲနေမှာလဲ။ သူ့ပုံကို အသေချာကြည့်ပြီးတော့မှ အတွေး တသီတစ်တန်းကျွန်တော့်ဆီမှာကျန်ရစ် ခဲ့တယ်။
သူဓာတ်ပုံက မြို့သိမ်းတိုက်ပွဲတစ်ခုအပြီး ရိုက်ထားတဲ့ပုံလို့ယူဆနိုင်တယ်။
ခန့်ညားတဲ့ ယူနီဖောင်းတွေ ဝတ်မထားဘူး။ ဒါပေမယ့် သေနတ်ကိုကိုင် သေသေချာချာ ကိုင် ပြီးတော့ ရှေ့တန်းမှာတက်ကြွပျော်ရွှင်နေတဲ့ သူ့ရုပ်သွင်။
ကျွန်တော့်မှာတော့ သူ့ဓာတ်ပုံကို ကြည့်ပြီး “ဟာ”ကနဲ့ဖြစ်သွားရတယ်။ စာတော်တဲ့ကျောင်းသားစာရင်းဝင်၊ ဆယ် တန်းအောင်တော့ ပညာရေကောလိပ်တက်၊ ကျောင်းဆရာဘဝနဲ့ အိမ်ထောင်ကျ ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်လို နေရာမျိုးမှာတော့ ဒီလိုနေရာမျိုးဆိုတာ စာတော်ပြီး ပညာရေး အလွန်လိုက်စားသူမှ ဖြစ်ခွင့်ရတဲ့ အနေအထားပါ။
သူဟာ ကျေးလက်မှာ ကျောင်းဆရာ ဘဝနဲ့ ကလေးတွေကိုပညာသင်၊ ဘဝကိုရိုးရှင်းစွာတည်ဆောက်နေတဲ့သူ။ သူငယ်ငယ်ကဖြစ်ချင်ခဲ့တာလဲ ကျောင်းဆရာလေ။
ဆိုတော့သူ့ဘဝက သူ့နယ်ပယ်မှာ ရည်မှန်းချက်ပြည့်ပြီးပေါ့။ အဝေးသင်မှာ ကျွန်တော်နဲ့ ဆုံတုန်း “ငါစာရေးဦးမယ်”လို့ပြောခဲ့တယ်။ ရေးလဲရေးပါတယ်။ တစ်ချို့စာမူတွေတောင် ဒေသထုတ်မဂ္ဂဇင်း တွေမှာ ဖော်ပြခံခဲ့ရတာတွေရှိ တယ်။
အခုတော့ သူပြောင်းလဲသွားခဲ့ပါပြီ။ လုံးလုံး စစ်သားကြီးဖြစ်သွားခဲ့လေပြီ။ မြေဖြူတစ်ချောင်း၊ စာတစ်ကြောင်းနဲ့ ပန်းပွင့်များစွာ ပွင့်စေခဲ့သူ၊ တပည့်ကလေးတွေအပေါ် ယုယကြင်နာခဲ့သူ၊ ကလေးတွေစာတတ်ဖို့ နဲ့အနာဂတ်လှဖို့ ပျိုးထောင်ခဲ့တဲ့သူ၊ အခုတော့ မြေဖြူကိုင်တဲ့လက်ချောင်းတွေ၊ တပည့်ကလေးတွေကိုယုယ ပွတ်သပ်ခဲ့တဲ့ လက် ချောင်းတွေဟာ ကြမ်းတမ်းခက်ထန်ပြီး စစ်မြေပြင်မှာ ရန်သူတွေကို ချည်မှုန်းနေခဲ့လေပြီ။ ချစ်ခင်လို့စုံမက်ခဲ့တဲ့ ချစ်ခဲ့ရသူ ဇနီးမယားနဲ့ သားသမီးလေးတွေကို ထားရစ်ပြီး တိုင်းပြည်အတွက် အသွင်ပြောင်းခဲ့ပြီလေ။
စွန့်လွှတ်၊ စွန့်စားရဲတဲ့ စိတ်ဆိုတာ လွယ်ကူတာမဟုတ်ပါဘူး။ ဖက်တွယ်၊ခင်မင်နေတဲ့ အသိုင်းဝိုင်းတစ်ခုကနေ နောက်အသိုင်းဝိုင်းတစ်ခုကို ပြောင်းလဲဖို့ဆိုရင် နဂိုရှိတဲ့ အသိုင်းအဝိုင်းကိုအကုန်စွန့်လွှတ်ကြရတာ။ ဒီလို စွန့်လွှတ် နိုင်တဲ့ သတ္တိမျိုး လူတိုင်းမှာရှိမနေပါဘူး။ ရှင်ငြိမ်းမယ်ရဲ့ “စစ်မှာတမူ” ကဗျာထဲမှာတော့ “သူများမောင်မှာ စစ်သံကြားလျင်၊ နာဖျားဥပါယ်ခိုကြတယ်၊ နှမလေးမယ်တို့ မောင်မှာ စစ်သံကြားရင် ရွှေဓားပိုက်ကာ အိုး စားဖက်ကို လိုက်ရှာတယ်“။ ဒီစာပိုဒ်လေးကိုဖတ်ရင်းနဲ့ သူငယ်ချင်းရဲ့ ရဲရင့်ပြတ်သားမှုဟာ စွန့်လွှတ်၊ စွန့်စားမှုဟာ တိုင်းပြည်နဲ့လူမျိုးအပေါ်ကျုးကျော်လာပြီဆိုရင် ရွှေဓားကိုလွယ်ပြီး ရဲဘော်ရဲဘက်၊ တိုက်ဖော်တိုက်ဖက်တွေကို လိုက်ရှာတဲ့ နှမလေးမယ်တို့မောင်နဲ့ တူပြီးပါတယ်။
ကျွန်တော်လို့ အကောင်ကျပြန်တော့ တိုင်းပြည်နဲ့ လူမျိုး အတွက် ကျုးကျော်နေတဲ့ စစ်ကိုတိုက်ဖို့အတွက် သူရဲဘောကြောင်စွာ နာတယ်၊ ဖျားတယ်ဆိုပြီး အကြောင်းပြချက်မျိုး စုံနဲ့ ကိုယ်လွတ်ရှောင်ခွာလာခဲ့အဖြစ်နဲ့တူနေသလား။
ဒါမှမဟုတ် ကဗျာစာသားတွေက ကျွန်တော်ကိုများ မဲ့ရွဲ့နေသ လားလို့တောင် စိတ်မှာကူးမိတယ်။
မြတ်စွာဘုရားအလောင်းတော်ဟာ သတ္တဝါတွေရဲ့ ဒုက္ခခတ်သိမ်းကလွတ်မြောက်ဖို့အရေးဟာ ငါ့တာဝန်လို့ ခံယူ ပြီးတော့ စွန့်ခြင်းကြီး ၅ ငါးကိုလုပ်ခဲ့တယ်။ ဓနပရိစ္စာဂ – စွန့်နိုင်ခဲ့လှတဲ့ မင်းစည်းစိမ်း၊ ရတနာ၊ ဆင်၊ မြင်း စတာတွေကို စွန့်လွှတ်ခဲ့တယ်။
အင်္ဂပရိစ္စာဂ – ခြေလက်အစရှိသော ခန္ဒာကိုယ်အစိတ်အပိုင်းတွေကို စွန့်လွှတ် တယ်၊ ပုတ္တပရိစ္စာဂ- သားတော် သမီးတော်တွေကို စွန့်လွှတ်တယ်၊ ဘရိဘ ပရိစ္စာဂ – ဇနီးမယားကိုစွန့်လွှတ်တယ်၊ ဇီဝိတ ပရိစ္စာဂ- မိမိအသက်ကိုစွန့်တယ်။ ဒီလိုမျိုးစွန့်ခြင်းကြီးတွေကို စွန့်လွှတ်ပြီးတော့ ပါရမီအဆက်ဆက်ဖြည့် လာခဲ့တဲ့အတွက် နောက်ဆုံးတော့ ဘုရားအဖြစ်ကိုရောက်ရှိပြီး သတ္တဝါတွေကို ဒေသနာအမှန်တွေချပြခဲ့တယ်။
တစ်ခါ တစ်ခါမှာတော့ ဒီလိုမျိုး လုပ်ရပ်တွေက တစ်ဖက်သားအပေါ် ရက်စက်တယ်လို့ ထင်ရပေမယ့် လူတစ်စု ထက် လူအများ၊ မြို့တစ်မြို့ထက် တိုင်းပြည်တစ်ပြည် ပြောင်းလဲစေဖို့ ဒါတွေကိုလုပ်မှ ရတာလည်းဖြစ်တယ်။
ဟိုး…….. အဝေး သံတွဲက ကဗျာဆရာညီလေးတစ်ယောက် သူ့ရဲ့ကလောင်ကိုင်တဲ့ လက်ကိုစွန့်ခဲ့တယ်။ အနု သုခုမ ရင်ပြင်မှာ လွတ်လပ်စွာပေါက်ဖွားလာတဲ့ သူ့ရဲ့ကဗျာစျာန်တွေကို စွန့်ခဲ့တယ်။
ကိုယ့်ထက် အသက်ကြီးတဲ့ ပုဂ္ဂိုလ် တွေ၊ ရွယ်တူတွေ၊ ငယ်တဲ့သူတွေရော သူတို့ရဲ့ ဘဝတစ်ခုကိုစွန့်သွားခဲ့ကြတယ်လေ။ အိမ်နီးချင်း အစ်မကြီး တစ်ယောက်က သားရှင်ပြုတဲ့ဓာတ်ပုံလေးလာပြတယ်။ “နင့်တူ အရင်နဲ့ မတူတော့ဘူး”တဲ့။ မိဖရိပ်မှာ ဆင်းရဲ ပေမယ့် အဆင်ပြေပြေနေနိုင်ခဲ့တယ်။
အရပ်ထဲ အပေါင်းအသင်းတွေနဲ့ တခါတရံဆိုးနွဲ့နေခဲ့တဲ့ကောင်းလေး အခုတော့ စစ်သားကြီးလုံးလုံးဖြစ်သွားခဲ့ပြီ။ ရှင်ပြုဖို့ခွင့်နဲ့ လာခဲ့တဲ့အကြောင်း၊ စည်းကမ်းရှိပြီးတော့ အရင်ကလို မဟုတ်တော့တဲ့အကြောင်းတွေကို မမောနိုင် မပန်းနိုင်ပြောပြရှာတယ်။
အရင်က သာမန်အရပ်သားကောင်လေးတစ်ယောက်ရဲ့ အမေဖြစ်ဖူးတဲ့ ဒီအစ်မကြီးဟာ အခုတော့ သူရဲကောင်း တစ်ယောက်ရဲ့ အမေဖြစ်ခဲ့လေပြီ။ သူ့သားအပေါ် ဂုဏ်ယူတဲ့အကြောင်း၊ တပ်တော်ကိုလေးစားတဲ့အကြောင်း၊ သူ့သားအရွယ်ရဲဘော်လေးတွေက သူ့ကိုအမေလို့ခေါ်ကြတဲ့အတွက် မျက်ရည်ကျခဲ့ရတဲ့အကြောင်းတွေ ပြောနေ လိုက်တာ တကယ့်သူရဲကောင်းတစ်ယောက်ရဲ့ မိခင် အစစ်လို့ ကျွန်တော်ထင်မိတယ်။ တိုင်းပြည်အတွက် နိုင်ရာ တာဝန်ကိုထမ်းကြတဲ့အထဲမှာ တချို့က ရှေ့တန်းက မားမားမတ်မတ်၊ သူရဲကောင်းဆန်ကြတယ်။ တချို့က စစ် ကြောင့်ဖြစ်လာတဲ့ ဒုက္ခခပ်သိမ်းကို နိုင်တဲ့ဘက်ကကူကြတယ်။ တချို့ကျပြန်တော့ နည်းများမဆိုတဲ့ ချွေးနည်းစာ လေးတွေနဲ့ အဝေးက လှမ်းကူကြတယ်။
တချို့ကျပြန်တော့ ခွန်အားတွေပေးကြတယ်။
ပုဏ္ဏားကျွန်းက မိတ်ဆွေကျောင်း ဆရာက လစာဝင်ငွေမရှိတော့တဲ့အခုလို ကာလမှာ သူတတ်ထားတဲ့ ပညာနဲ့ ကလေးတွေစာတတ်ဖို့ အခမဲ့ သင်ပေးရှာတယ်။ ဘာတတ်နိုင်တော့မှာ သူ့မြို့၊ သူ့ရွာကလေး ပျက်ခဲ့ရပြီ၊ အိမ် အဖောက်ခံလိုက်ရပြီ၊ စစ်ရှောင်ဘဝနဲ့ နေရင်း ဘာမှမရှိတာနဲ့ဆာရင်တော့ ဒီကလေးတွေကို စာသင်နေရတာက သူနဲ့ သူ့တပည့်တွေအတွက် ဒုက္ခကြားက သုခပါပဲ။
သူပြောတဲ့စကားက ကရုဏာနဲ့ ခံစားချက်တွေ ရောထွေးနေတယ်။ “ဘာလုပ်လို့ အဆင်ပြေလဲ အစ်ကို၊ ပိုက်ဆံမရ စေတနာ့ဝန်ထမ်းပါ၊ ဘယ်အချိန်ထိများ သည်းခံနေရမှာလဲ”သူ့ဘဝမှာ မိသားစုတွေအတွက် ဖြစ်လာရတဲ့ လိုအပ်ချက်တွေ၊ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ကျွန်တော်ကိုယ်ချင်စာပါရဲ့ ။ ဒါပေမယ့်ဒီလိုအချိန်မျိုးမှာ သူ့ကိုသူ့အားယူပြီးပြုံးကာ သူ့ချစ်တဲ့ တပည့်လေးတွေကို စာသင်ကြားပေးနေတဲ့အပေါ် ပိုပြီးဂုဏ်ယူမိပါတယ်။
ကမ္ဘာမှာ လူတိုင်းမဖြစ်ချင်ဆုံးဆိုတဲ့အရာတွေ အကုန်လုံးဖြစ်နေတဲ့တိုင်းပြည်တစ်ခု။ ကူရာမဲ့ ကယ်ရာမဲ့ပြီး တော့ ဒုက္ခပင်လယ်ထဲ ကမ်းမမြင် လမ်းမမြင် ဖြတ်ကူးနေကြတဲ့အချိန်မှာ အသာလေးရှောင်ထွက်လာခဲ့မိတယ်။ အ ကြောင်းအမျိုးမျိုးဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကျရှုံးခဲ့ရတယ်။ ချစ်တဲ့ ဇာတိမြေနုကို မခွာရက်ချင်ပေမဲ့ ပေကယ် တွယ်နေလို့ မဖြစ်တော့တဲ့ အခြေအနေတွေအောက်မှာ ခွာလာရတဲ့ ကျွန်တော်လို့ လူတွေလဲ ရှိကြမှာပါ။
အခုအချိန်မှာ ဘာတွေပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ဟာ စိတ်အားဖြင့် ကြံ့ခိုင်နေဖို့လိုတယ်။ အကြောင်းအမျိုးမျိုး အောက်မှာ ချစ်ရတဲ့မြေကို ခဏခွဲခွာလာခဲ့ရပေမယ့်၊ ကျန်ခဲ့တဲ့သူတွေရဲ့ ဒုက္ခကို ကိုယ့်ချင်းစာကြဖို့ပါပဲ။ ကျွန်တော် တို့ဟာ မိမိတို့ချစ်တဲ့ တိုင်းပြည်အတွက် အုတ်တစ်ချပ်မဖြစ်နိုင်ခဲ့ရင်တောင် သဲပွင့်တစ်ပွင့်တော့ ဖြစ်နိုင်ပါသေး ရဲ့။
ကျွန်တော်တို့လို သဲပွင့်တွေအများကြီးပေါင်းစပ်နိုင်ခဲ့ရင် ကြီးမားကျယ်ဝန်းတဲ့ သဲသောင်ပြင် ကြီးဖြစ် လာနိုင်ပါ သေးရဲ့ ။ ရှေ့တန်းမှာ မားမားရပ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် သူငယ်ချင်းကျောင်းဆရာလို ရန်သူ့ကို မချေမှုန်း နိုင်ခဲ့ရင်တောင်၊ တိုင်းပြည်တည်ဆောက်ရေးမှာ ရှေ့ကပါဝင်သွားတဲ့ ကဗျာဆရာညီလေးလို မစွန့်လွှတ်နိုင်သေး ရင်တောင်၊ စည်းကမ်းသေသပ်ပြီး ရဲ့ရင့်တဲ့ အိမ်နီးချင်းအစ်မကြီးသားလို့ စစ်သားကောင်း မဖြစ်ခဲ့ရင်တောင်၊ ဘာမှမရှိတော့တဲ့အချိန် တတ်တဲ့ပညာနဲ့ ကလေးတွေရဲ့ပညာရေးကို ဦးစားပေးကာ စေတနာ့ဝန်ထမ်းလုပ်နေ တဲ့ မိတ်ဆွေကျောင်းဆရာလို အနစ်နာမခံနိုင်ခဲ့ရင်တောင်
တစ်ချိန်ချိန်မှာ ချစ်ရတဲ့ ဇာတိမြေအတွက် သဲတစ်ပွင့် သာဖြစ် ချင်ပါရဲ့။
အခုအချိန်မှာတော့ ကိုယ်လွတ်ရှောင်သလို ဖြစ်ခဲ့တဲ့အတွက်၊ မစွန့်လွှတ်နိုင်ခဲ့တဲ့ အကြောင်းပြချက်တွေအတွက် အဝေးကိုထွက်ကာ မျက်ကွယ်ပြုခဲ့မိတယ်။
ဒီ့အတွက် ကျောင်းဆရာ စစ်သားကြီး သူငယ်ချင်းရော၊ ကဗျာဆရာ ညီလေးရော၊ အိမ်နီးချင်းအစ်မကြီးသား သူရဲကောင်းရော၊ စေတနာ့ဝန်ထမ်းကျောင်းဆရာရော၊ ချက်ကြွေရစ်တဲ့ ဇာတိမြေကိုရော အားနာမိပါတယ်။
သူငယ်ချင်းရေ …….. လမ်းကြုံလို့ အမေ့အိမ်ကိုများရောက်ခဲ့ရင် အမေ့ကိုလဲ အားနာမိကြောင်း ပြောပေးပါကွာ။
လူဇော်သည် ရခိုင်နိုင်ငံရေး အတွေးအမြင်ဆောင်းပါးများရေးသား နေတဲ့ သတင်းထောက် တစ်ယောက်ဖြစ်သည်။
သတင်းဓာတ်ပုံ- ဟိန်းထွန်း/ ABN