လူမှု အဖွဲ့အစည်းရယ် လို့ သီအိုရီအရ အလွယ်ကူဆုံးပြောလိုက်တာနဲ့ တိုင်းပြည်တည်ဆောက်ရေးနဲ့ လူမှုရေး နယ်ပါယ်တွေ အတွက် အသိုက်အဝန်းတစ်ခု ကို ဆိုလိုခြင်းဖြစ်ပါတယ်။
လူတစ်ဉီးချင်းကနေ လူ့အုပ်စုတစ်ခု အဖွဲ့အစည်း တစ်ခု ဆီကို စုဆောင်း တည်ဆောက်ရမယ့် ကာလ တစ်ခု ဖြစ်လို့ ဒီဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါတယ်။
အရပ်ဖက် လူမှုအဖွဲ့အစည်း၊ လူထုလူတန်းစားတစ်ရပ် အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ အုပ်ချုပ်သူလူတန်းစားအဖွဲ့အစည်း၊ အခွင့်ထူးခံ လူတန်းစားအဖွဲ့အစည်း စသည်ဖြင့် ရေးသားခေါ်ဝေါ် ကိုယ်စားပြုတဲ့ အဖွဲ့ ပေါ်မူတည်ပြီး အမျိုးမျိုးရှိကြပါတယ်။
အဲ့ဒီ လူ့ဘောင် လူ့အဖွဲ့အစည်းတရပ်ကို အရည်အသွေးမြင့်၊ လူ့အဖွဲ့အစည်းကောင်းကျိုးမြင့်အောင် တည်ဆောက်ချင်တဲ့အခါ ထိုဒေသရဲ့ အုပ်ချုပ်သူ လူတန်းစား ၊ နိုင်ငံရေး သမားတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။
ပထဝီနိုင်ငံရေးအရ အာဏာရှင်နိုင်ငံတွေ၊ ကွန်မြူနစ်နိုင်ငံတွေ တော်တော်များများမှာ သူ့ဘက် ကိုယ့်ဘက် စည်းရုံး အုပ်စုဖွဲ့တဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လေ့ရှိပြီး ဒီဘက်ခေတ်မှာတော့ ဒီမိုကရေစီအင်အားစု ၊တော်လှန်ရေး အင်အားစု ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တွေ ဆိုပြီး ထပ်မံ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။
ဘယ်လို အင်အားစုတွေ ဖြစ်ပါစေ လူတစ်ဉီးတစ်ယောက်ချင်းက နေ အဖွဲ့အစည်း တစ်ရပ် အဖြစ် ဖြစ်လာကြတာပါပဲ ။
တချို့ လစ်ဘရယ်ပညာရှင်တွေ၊ အနောက်အုပ်စုတွေကတော့ လစ်ဘရယ်ဒီမိုကရေစီ အောင်ပွဲတွေမှာ လူမှု့အဖွဲ့အစည်းတွေက အင်အားစုတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း အုပ်ချုပ်သူလူတန်းစားတွေ ၊ နိုင်ငံရေးသမားတွေ ဟာ တိုင်းပြည်တည်ဆောက်ရေးမှာ လူ့ဘောင်အဖွဲ့အစည်းတွေ ၊ လူမှုရေး အသင်းအဖွဲ့တွေ ၊ အင်အားစုတွေ ကို သူတို့ ရဲ့ လက်ပါးစေဖြစ်လာအောင် စီမံတတ်ကြပါတယ်။
လူမှုအဖွဲ့အစည်းတွေ ဟာ ခိုင်မာတဲ့ရပ်တည်မှုနဲ့ ပြည်သူဗဟိုပြုမှုခံယူချက်တွေ ခိုင်မာအားကောင်းနေရင်တော့ အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် မရှိတတ်ကြပါဘူး။
ကျွန်တော်တို့ လူနေမှုပတ်ဝန်းကျင်၊ နေထိုင်ရတဲ့ ဒေသ၊ လူ့အသိုင်းအဝိုင်းမှာကော လူမှုအဖွဲ့အစည်းတွေ ရဲ့ အရေးပါမှုကို ဘယ်လို ရှုမြင်တတ်ကြပါသလဲ။ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်များတွင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေပါသလဲ။
ရခိုင်ပြည်လို ဆင်းရဲမွဲတေလာ တဲ့ လူ့အသိုင်းအဝိုင်း၊ ဒေသစီးပွားရေး၊ လူမှုရေးအခြေအနေတွေ နဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးအခြေအနေတို့ကြားမှာ မှန်ကန်တဲ့ လူ့ဘောင်လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။
တကယ်တော့ လူ့ဘောင် လူ့အသိုင်းဆိုတာ ကျွန်တော်တို့နယ်ပယ်၊ လူ့အသိုင်းအဝိုင်း၊ လူနေမှုစနစ်၊ ဒေသတစ်ခုကြားမှာ တကယ့်ကို လိုအပ်နေတဲ့ လိုအပ်ချက်လို့ စာရေးသူက ရှုမြင်မိပါတယ်။
တကယ်တော့ ဒေသတစ်ခု တိုးတက်ပြောင်းလဲဖို့ဆိုတာက လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ အုပ်ချုပ်သူတွေကြားနဲ့ လူမှုအဖွဲ့အစည်းတွေကြားမှာ အပြန်အလှန်ထိမ်းကြောင်းပြီး သဟဇာတ ဖြစ်ဖို့လို့ပါတယ်။
အုပ်ချုပ်သူ အစိုးရ ဟာ ပြည်သူများ ၊ လူမှုအဖွဲ့အစည်းများရဲ့ အပေါ်မှာရှိနေပြီး အုပ်ချုပ်သူအစိုးရ ကို ကြောက်ရွံ့နေရတဲ့ အခြေအနေမျိုး (ဒါမှမဟုတ်) အုပ်ချုပ်သူ လူတန်းစား ၊ အာဏာပိုင် တွေက ပြည်သူများ နဲ့ လူမှုအဖွဲ့အစည်းများ ကို ဖိအားပေးနိုင် အခြေအနေမျိုးမှာ ကြာကြာရှိနေရင် အဲ့ဒီရေမြေ ၊ နိုင်ငံ ၊ ဒေသ ဟာ ကောင်းမွန်စွာဖွံ့ဖြိုး ဖို့မ မလွယ်ကူနိုင်ပါဘူး။
ဒါကြောင့် လည်း နိုင်ငံတိုင်းဟာ ပိုမိုပျော့ပြောင်းပြီး ပြည်သူလူထု ကို မျက်နှာမူတဲ့ အစိုးရတွေကို ရွေးချယ်ကြတာလည်းဖြစ်ပါတယ်။
လူမှုအဖွဲ့အစည်းတွေ ၊ လူထုလူတန်းစားကိုယ်စားပြု အဖွဲ့အစည်းတွေ ၊ သတင်းမီဒီယာတွေ ဆိုတာဟာလည်း အုပ်ချုပ်ခံ လူတန်းစားနဲ့ ပြည်သူကြားမှာ ထိမ်းညှိပေးမယ့် ချိန်ခွင်လျှာတွေပဲဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည်၊ နယ်ပယ်တစ်ခု တည်ဆောက်ရေးကာလမှာ လူ့ဘောင်လူ့အဖွဲ့အစည်း ပြည်သူလူထုတစ်ရပ်ကို မှန်ကန်တဲ့ နည်းနာတွေပေးပြီး မှန်ကန်တဲ့ အယူအဆတွေ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ တွေးခေါ်စဉ်းစားပုံတွေကို ချမှတ်ရပါတယ်။
နိုင်ငံရေးလွတ်လပ်ခွင့်တွေ၊ ဒီမိုကရေစီအသွင်ကူပြောင်းခြင်းတွေမှာ လူ့ဘောင် လူ့အဖွဲ့အစည်း ရဲ့ အရေးပါတဲ့ အပိုင်းတွေကို ချန်လှစ်ထားလို့ မရပါဘူး။
တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ၊ နယ်ပယ်တစ်ခုမှာ ကိုယ့်ရဲ့ ပန်းတိုင်၊ လူ့အသိုင်းအဝိုင်းရဲ့ဒီမိုကရေစီကျစ်လစ်ခိုင်မှာဖို့ ဆိုရင် လူမှုအဖွဲ့အစည်း ဖွံဖြိုးတိုးတက်ဖို့ လိုအပ်သလို၊ လွတ်လပ်ပိုင်ခွင့် ရှိနေဖို့ လိုအပ်ပါတယ်။
အရင်းရှင်စနစ်၊ အာဏာရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ဓနငွေကြေးရှင်စနစ် လက်ဝါးကြီးအုပ်ချုပ်မှု ပုံစံစနစ်တွေနဲ့ တည်ဆောက်မယ်ဆိုရင် အဲဒီလူမှုပတ်ဝန်းကျင်၊ ဒေသ၊ နယ်ပယ်တွေဟာ ပျက်စီးသထက် ပျက်စီးသွားမယ်လို့ အနောက်နိုင်ငံ ပညာတွေက သုံးသပ်တင်ပြထားတာတွေလည်း ရှိပါတယ်။
ဒီလိုဆိုရင် လူ့ဘောင်လူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးနယ်ပယ်၊ လူမှုနယ်ပယ်မှာ အခြေခံ ယူဆချက် (၂)ရပ်ဆိုပြီး ပိုင်းခြားသိမြင်ထားတာတွေ ရှိပါတယ်။
ပထမယူဆချက်မှာ ဈေးကွက်စနစ်ကို အခြေခံသည့် ယူဆချက်လို့ ဆိုနိုင်ပါတယ်။ လူမှုအဖွဲ့အစည်းဆိုသည်မှာ လူသားတိုင်းရဲ့ ကုန်ထုတ်လုပ်မှု၊ ဖလှယ်မှု၊ စားသုံးမှုတွင် သက်ရောက်မှု ကင်းစွာဖြင့် ကိုယ်ပိုင်ဥပဒေ၊ ဒေသဥပဒေ၊ နယ်ပယ်ဥပဒေ ဖြစ်ပေါ်စေသည့် လှုပ်ရှားဆောင်ရွက်မှုအားလုံးကို ဆိုလိုပါတယ်။
ဒုတိယအချက်ကတော့ လူ့ဘောင်လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံတစ်ခု၊ ဒေသတစ်ခု အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီဘက်က ကြားခံတည်ရှိနေတယ်လို့ ရှုမြင်ချက်သုံးသပ်ချက်တွေ ရှိနေပါတယ်။
မှန်ကန်တဲ့ အုပ်ချုပ်မှုပုံစံ၊ လူမှုဘဝတိုးတက်အောင်မြင်ရေး၊ တည်ဆောက်ရေးကာလတွေမှာ လူ့ဘောင် လူမှုအဖွဲ့အစည်းဆိုတာ မရှိ မဖြစ်လိုအပ်တယ်လို့ ဆိုလိုတာပါ။
အဲ့ဒီလိုပဲ လူမှုအဖွဲ့အစည်းဆိုတာဟာ လက်ဝါးကြီးအုပ်ချုပ်ချင်သူတွေနဲ့ ကွန်မြူနစ်စနစ်၊ အာဏာရှင်စနစ်တွေကို ပျက်သုန်းစေတဲ့ လမ်းနည်းတွေမှာ
တစိတ်တဒေသက ပါဝင်နေသူတွေဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။
လူ့ဘောင်လူမှုအဖွဲ့အစည်း အားနည်းလာလေလေ ၊(သို့တည်းမဟုတ်) ရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေ ၊ တက်ကြွလှုပ်ရှားသူတွေ ၊ မီဒီယာတွေ ကိုယ်တိုင်က အုပ်ချုပ်သူလူတန်းစားရဲ့ လက်ကိုင်တုတ် တွေ ဖြစ်လာလေလေ ပြည်သူ လူထုအတွက် အန္တာရာယ်များလေလေပါပဲ ။
ပြည်သူလူထုများအကြား လူ့အခွင့်အရေးနှင့် ပြည်သူ့ရေးရာ အခွင့်အရေးများ၊ လူတန်းစားတရပ်ရဲ့ တန်ဖိုးစံနှုန်းများ တောင်းဆိုသံတွေ မှေးမိန်ပျောက်ကွယ်သွားတာဟာ ဖွင့်ဟ မပြောရဲလို့ ၊ ကိုယ်စား ပြောပေးမယ့်သူမရှိလို့၊ အန္တာရယ်မကင်း လို့ စတဲ့ အကြောင်းတွေ ဖြစ်လာမယ်ဆိုရင် အဲ့ဒါ ဟာ စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။
အာဏာရှင်စနစ်ကို အခြေခံပြီး အာဏာကို အလွဲသုံးစားလုပ်တည်ဆောက်တတ်တဲ့ လူ့အသိုင်းအဝိုင်းနယ်ပယ်မှာ နေထိုင်ရတဲ့ပြည်သူတွေအတွက်ကျတော့ လူ့ဘောင် လူ့အသိုင်းအဝိုင်းဆိုတာကို ဘောင်ကျဉ်းကျဉ်းလေးထဲက ပုံစံတစ်ခုတည်းနဲ့ သုံးသပ်ကြပြီး သူတို့ရှုမြင်မှု ပုံစံနဲ့ တိုင်းတာလေ့ရှိတတ်ကြပါတယ်။
လူမှုအဖွဲ့အစည်းတွေ ကိုယ်တိုင်က အာဏာရှိသူ စိတ်ကြိုက်နေထိုင်မှ အခွင့်အရေး ၊ လုပ်ပိုင်ခွင့်တွေ ရကြမယ်လိုမျှော်လင့်ပါတယ်။
လွတ်လပ်စွာ တွေးခေါ်ခွင့် ပေးပြီး လူ့ဘောင်အသိုင်းအဝိုင်း အမှန်တကယ် စိတ်ရင်းမှန်မှန်နဲ့ တည်ဆောက်ချင်တဲ့ လူ့အသိုင်းအဝိုင်းတွေမှာနေထိုင်တဲ့ လူတွေရဲ့ တွေးခေါ်မှုပုံစံ၊ စဉ်းစားမှုတွေ၊ နားလည်သဘောပေါက်မှုတွေဟာ ပုံစံမတူပဲ မြင့်မားစွာ စဉ်းစားတတ်ကြပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အဖြစ်အပျက်တစ်ခုကို ချဉ်းကပ်ကြည့်မယ်ဆိုရင် (၁၉၈၀)ပြည့်လွန်နှစ်က တရုတ်နိုင်ငံဟာ ပင်လယ်ပိုင်းနေရာဒေသတွေမှာ အထူးစက်မှုဇုံများတည်ဆောက်ကာ စီးပွားရေးဗဟိုပြုစနစ်ကို တည်ဆောက်ခဲ့တယ်။
ပြည်သူလူထုကို မထည့်တွက်ပဲ ကွန်မြူနစ်အစိုးရက လုပ်ချင်သလို လုပ်ခဲ့တာတွေ ရှိတယ်။ ကွန်မြူနစ်အစိုးရဟာ သူတို့ အရှိန်အဝါကြီးစိုးအောင် လုပ်တယ်။ အာဏာအလွဲသုံးစားမှုတွေ၊ ဖိနှိပ်မှုတွေ ဒေသအတွင်း ဖြစ်ပေါ်လာခဲ့သည်နှင့် တပြိုင်နက် ပြည်သူလူထုအတွင်း ဒေသအတွင်း ပြည်သူ့ရေးရာ အခွင့်အရေးတောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်၊ တရားဥပဒေစိုးမိုးမှု တောင်းဆိုသံတွေ မြင့်တက်လာခဲ့တယ်၊ ပြည်သူလူထုကို အာဏာပေးဖို့ တောင်းဆိုသံတွေ မြင့်တက်လာတယ်။
ဒါကို တရုတ်ပညာတွေရှင်၊ သတင်းသမားတွေက လူထုရဲ့ အသံဟာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ လူ့ဘောင်လူမှုအဖွဲ့အစည်းတွေအပေါ် ဖိနှိပ်မှု၊ အာဏာကို အလွဲသုံးစားလုပ်မှု အုပ်ချုပ်သူတွေလူတန်စားတွေအနေနဲ့ မကြောက် ကြောက်အောင် လုပ်ဆောင်မှု တိုင်းပြည်အတွင်း မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်ခြင်းရဲ့ ရလာဒ်လို့ ရှုမြင်သုံးသပ်ကြပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ လူ့ဘောင်လူ့အသိုင်းအဝိုင်းမှာကော လူမှုအဖွဲ့အစည်းတွေနဲ့ ပညာတက်အသိုင်းအဝိုင်းတွေ သတင်းဂျာနယ်လစ်တွေ ပြည်သူလူထုတွေအနေနဲ့ ဘယ်လို သုံးသပ်ကြမယ်လို့ ထင်ကြပါသလဲ၊ တဖက်မှာ အာဏာရလိုမှု အာဏာဆုတ်ကိုင်ထားချင်သူတွေ အနေနဲ့ရော ဘယ်လို ရှုမြင်သုံးသပ်ကြမယ်လို့ ထင်ကြပါသလဲ။
တကယ်တော့ လူ့ဘောင်လူ့အသိုင်းဆိုတာ အာဏာရလိုမှုအတွက်လည်း မဟုတ်သလို၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အယူဝါဒအတွက်လည်း မဟုတ်ပါဘူး။
ကမ္ဘာမှာ ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ကြီးစိုးလွှမ်းမိုးပြီး အယူဝါဒတိုက်ပွဲကာလများလည်း ရှိခဲ့ဖူးပါတယ်။ အဲဒီအထဲကမှ အရက်စက်ဆုံး အကြမ်းကြုပ်ဆုံးနဲ့ လူ့အသက်ပေါင်းများစွာ ပေးဆပ်လိုက်ရတာတွေလည်း ဥပမာ ရှိခဲ့ဖူးပါတယ်။
လူ့ဘောင်လူ့အသိုင်းအဝိုင်းတွေကြားမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရဲ့ အကျိုးဆက်တွေ ရှေ့ကနမူနာကို ပြပါဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊ ရုရှားက လီနင်၊ စတာလင်၊ တရုတ်က မော်စီတုံး တို့ ရှိကြပါတယ်။ ယင်းပုဂ္ဂိုလ်တွေကို အစွဲပြုပြီး နိုင်ငံတခုချင်းအလိုက် သော်လည်းကောင်း၊ ဒေသဆိုင်ရာအလိုက်သော်လည်းကောင်း အုပ်စုကွဲ အုပ်စုဖွဲ့ ဝါဒရေးရာတိုက်ပွဲတွေဟာ အမြောက်အများ ရှိခဲ့ပြီးတော့ ကိုယ့်အချင်းချင်းကြားမှာ လူမှုပတ်ဝန်းကျင်တွေကြားမှာ ကိုယ့်ဒေသကြားမှာ အသက်ပေါင်းများစွာ စတေးခံလိုက်ရတာတွေ ပြည်တွင်း၊ ဒေသတွင်းနဲ့ ကမ္ဘာ့စစ်ပွဲကြီးများအဖြစ် အသွင်သဏ္ဍာန် အမျိုးမျိုး ဖြစ်ပေါ်ခဲ့ရပါတယ်။
ဒါတွေဟာ လူ့ဘောင် အဖွဲ့အစည်းကို မှန်မှန်ကန်ကန်နဲ့ တည်ဆောက်ချင်တဲ့ လူ့အသိုင်းအဝိုင်းနဲ့တော့ ဘယ်လိုမှ မဟပ်စပ်နိုင်ပါဘူး။ ကျွန်တော်တို့လူ့ဘောင်အဖွဲ့အစည်းရဲ့ဖြစ်စဉ်တိုင်းကို လေ့လာကြည်လိုက်ရင် အာဏာရလိုမှု၊ အယူဝါဒကြီးစိုးမှု၊ ပြည်သူလူထုရဲ့ အခွင့်အလမ်းနဲ့ စကားသံတွေကို မျက်ကွယ်ပြုမှု ၊ ကိုယ်ကျိုးကြည့်မှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရဲ့ ဝါဒစွဲ တွေ လွှမ်းမိုးနေပြီလား စိုးရိမ်စရာ ဖြစ်လာပါတယ်။
နိုင်ငံတခု ၊ ဒေသတစ်ခု ဆိုတာဟာ ဒီလူအုပ်ချုပ်လို့ အားလုံးကောင်းသွားပြီ ၊ ဒီအဖွဲ့အုပ်ချုပ်လို့ အကုန်အဆင်ပြေသွားပြီ ဆိုတာ မျိုးမရှိနိုင်ပါ။ ဘယ်သူပဲ အုပ်ချုပ်ပါစေ ၊ ဘယ်အဖွဲ့အစည်းပဲ စီမံပါစေ ၊ အုပ်ချုပ်သူ နဲ့ ပြည်သူကြားမှာ ထိမ်းမတ် ပြုပြင်သွားဖို့ လိုကို လိုပါတယ်။
ဒါကြောင့် လူထုအခြေပြုတဲ့ အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုအပ်နေကြောင်း တင်ပြ ဆွေးနွေးလိုက်ရပါတယ်။
အက်စတား (ဘူးသီးတောင်)ရေးသည်။