၂၀၂၄ ခုနစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ မှာ အာရက္ခတပ်တော် (AA) ဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ရှိတဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခု အနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ တော်လှန်ရေးတပ်တွေလက်ထဲ ကျရောက်ခဲ့တဲ့ ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ တိုင်းစစ်ဌာနချုပ်ကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဖြစ်ပြီး မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ၂၀၂၄ ဩဂုတ်လမှာ သိမ်းယူခဲ့တာပါ။
AA ဟာ ၂၀၂၄ အောက်တိုဘာလမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ် အနက် ၁၃ မြို့နယ်ကို သိမ်းယူထား နိုင်ခဲ့ပြီ ဖြစ်ကြောင်းနဲ့ ရခိုင်တစ်ပြည်နယ်လုံးကို အာဏာသိမ်းစစ်တပ် ကင်းစင်တဲ့ ဒေသဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
AA ဟာ သိမ်းပိုက်ပြီး နယ်မြေတွေကို အုပ်ချုပ်နိုင်ဖို့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ခြင်း နဲ့ အခွန်ကောက်ခံခြင်း၊ ကာကွယ်ဆေးထိုးများ ထိုးနှနှံခြင်း၊ တရားစီရင်ရေး ယန္တယားများ အကောင်အထည်ဖော်ခြင်းတို့လို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကို လုပ်ဆောင်နေပါတယ်။
၂၀၂၄ ခုနစ် အတွင်းမှာ AA ဟာ စစ်ရေးအောင်မြင်မှုတွေ အများအပြားရရှိခဲ့ပေမယ့် ၎င်းတို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ဗမာကြီးစိုးမှုမှ လွတ်မြောက်နိုင်ရေး အတွက်မှာတော့ အခက်အခဲများ ကြုံတွေ့နေရဆဲပါ။
ရက္ခိတလမ်းစဉ် ဆိုတာဟာ ရခိုင်ပြည်သူတွေ ပြင်ပလွှမ်းမိုးမှုမခံရပဲ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး ပါပဲ။
နယ်မြေများစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်လူထုရဲ့ ထောက်ခံမှုကိုလဲ ရရှိထားတဲ့ AA ဟာ အစိုးရဌာနဆန်ဆန် ဌာနခွဲတွေ ဖေါ်ဆောင်ပြီး မူဝါဒချမှတ်ခြင်း နဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖေါ်ခြင်းတို့ကို လုပ်ဆောင်နေပြီး တရားဝင်အစိုးရတစ်ရပ်ကဲ့သို့ စတင်ပုံ ဖော်လာနေနိုင်ခဲ့ပြီလဲ ဖြစ်ပါတယ်။
ဒါပေမယ့် AA ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုကိုတော့ လိုအပ်နေပါသေးတယ်။
တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်သာ ဖြစ်နေတဲ့အတွက် အခြားသော နိုင်ငံတွေနဲ့ တန်းတူဆက်ဆံခံရမှု မရှိသေးပါဘူး။
အစပိုင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက AA နဲ့ ဆက်ဆံရေးကို ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနအကြံပေး ပုဂ္ဂိုလ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ စစ်ကောင်စီနဲ့ရော AA နဲ့ပါ ဆက်ဆံမှုတွေ ရှိတဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။
မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက်လုံးကို AA သိမ်းပိုက်လိုက်နိုင်တာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရကို AA နဲ့ တရားဝင်မဟုတ်သည်တိုင် ထိတွေ့ဆက်ဆံလာစေဖို့ ဖြစ်လာစေခဲ့ပါတယ်။ သို့ပေသော်ငြားလဲ AA အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ တရားဝင် အစိုးရဖြစ်လာဖို့ လမ်းခရီးကတော့ ဝေးကွာနေဆဲပါ။
ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ကုန်သွယ်ရေး ရပ်တန့်သွားခဲ့ပါပြီ။ မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာခဲ့တဲ့ နောက်ဆုံးသင်္ဘာဟာ ၂၀၂၄ ခုနစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကို ဆိုက်ကပ်ခဲ့ပါတယ်။
AA အနေနဲ့ ကုန်သွယ်ရေးကို ပြန်လည်စတင်ဖို့ ကြိုးစားခဲ့ပေမယ့် ဒါကာဘက်ကတော့ ငြင်းဆန်ချင်ဟန်ရှိပါတယ်။ ၂၀၂၄ ဒီဇင်ဘာလထဲမှာပဲ AA အရာရှိလက်မှတ်ထိုးထားတဲ့ အခွန်ပြေစာနဲ့အတူ တင်သွင်းလာတဲ့ ဆန်အိတ်တွေဟာ ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းမှာ အဖမ်းခံခဲ့ရတာပါ။
AA အနေနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိဖို့ မျှော်လင့်ချက်တွေတော့ ရှိနေဆဲပါ။ ၂၀၂၄ ခုနှစ် မတ်လတုန်းကတော့ အိန္ဒိယ လွှတ်တော်အမတ်တစ်ယောက်ဟာ AA ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အိန္ဒိယရဲ့ ကုလားတန်မြစ်ဘက်စုံစီမံကိန်းနဲ့ လမ်းဖောက်လုပ်ဖို့ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ အချိန်ကြာလာတာနဲ့အမျှ ပြည်တွင်းပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ အာရကန်ဒေသရဲ့ အခြေအနေအမှန်ကို လက်ခံလာရဖို့ပဲရှိတာကို ထင်ရှားစေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ AA နဲ့ ဆက်ဆံရေး တည်ဆောက်ခြင်း မတည်ဆောက်ခြင်းဟာ AA အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ဆန္ဒရှိ၊မရှိဆိုတဲ့ အချက်အပေါ်မှာလဲ မူတည်လို့နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေးကတော့ “ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဟာ ရိုဟင်ဂျာ ပြဿနာကို မဖြေရှင်းပဲ မရရှိနိုင်ပါဘူး။ ရိုဟင်ဂျာ ပြဿနာကိုဖြေရှင်းဖို့ကလဲ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ အိမ်ပြန်နိုင်ရေး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ ပြောထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထပ်ပြီး လက်မခံနိုင်တော့ဘူးလို့လဲ ကြေညာထားပါသေးတယ်။
AA ဟာ ရခိုင်ပြည်နယ် တခုလုံးနီးပါးကို သိမ်းယူနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေး တာဝန်ဟာလဲ AA ရဲ့
ပုခုံးပေါ် ကျရောက်လို့လာခဲ့ပါပြီ။
ဒီကိစ္စအပေါ် AA ရဲ့ ကိုင်တွယ်ဖြေရှင်းပုံဟာ AA ရဲ့ နိုင်ငံတကာ ပုံရိပ်ကို ပုံဖော်သွားနိုင်ခြေရှိနေပါတယ်။
ကမ္ဘာ့တတိယနိုင်ငံတွေက ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေကတော့ ရိုဟင်ဂျာ ပြည်သူတွေအပေါ် AA ရဲ့ အထက်စီးဆန်ဆန်ဆက်ဆံမှုတွေကို တောက်လျှောက်ဝေဖန်နေကြပါတယ်။
ရိုဟင်ဂျာ အဖွဲ့အစည်း ၂၅ ခုက AA ကို လူနည်းစုအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ၂၀၂၄ ခုနစ် နိုဝင်ဘာလအတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုအရ AA တပ်ဖွဲ့ဝင်တွေဟာ ဩဂုတ်လအတွင်းမှာ ရိုဟင်ဂျာ တစ်ဒါဇင်လောက်ကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့ပြီး ကျန်ရိုဟင်ဂျာတွေကိုလဲ အကူအညီပေးတာမျိုး မလုပ်ဆောင်ပဲ မောင်တောမြို့ကနေ အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီလို အဖြစ်အပျက်တွေဟာ AA နဲ့ ရိုဟင်ဂျာတွေကြား တင်းမာမှုတွေကို ပေါ်လွင်စေခဲ့ပါတယ်။
AA အနေနဲ့လဲ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ကဲ့သို့သော ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့တွေကို “မွတ်စလင်အစွန်းရောက်”တွေလို့ ဖေါ်ပြခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် အမြင်ကြည်လင်မှု မရှိပါဘူး။
ဒီအမြင်ဟာ မွတ်စလင် လက်နက်ကိုင်အဖွဲ့တွေ စစ်ကောင်စီနဲ့ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းကလဲ နဂိုရှိပြီးသားပြဿနာတွေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။ ရိုဟင်ဂျာအရေးကို AA ကိုင်တွယ်ဖြေရှင်းပုံဟာ တရားမျှတတဲ့ တပ်ဖွဲ့အဖြစ် လေးစားခြင်း ခံရမလား ဒါမှမဟုတ် လူမျိုးတုန်းသတ်ဖြတ်တဲ့ တပ်ဖွဲ့တစ်ခုအနေနဲ့ ရှုံ့ချခြင်းခံရမလား ဆိုတာကို ဆုံးဖြတ်ပေးသွားဖို့ရှိပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ကတော့ မကြာသေးမီကပဲ AA ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ရှုံ့ချတဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်မှာ AA တပ်ဖွဲ့ဝင်တွေကနေ စစ်ကောင်စီတပ်က စစ်သားနှစ်ယောက်ကို နှိပ်စက် သတ်ဖြတ်နေတဲ့ ဗီဒီယိုကိုပါ ဖေါ်ပြထားပြီး နိုင်ငံတကာ ရာဇဝတ်မှုများဆိုင်ရာ တရားရုံး (ICC) ကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
AA ကတော့ ထိုသတ်ဖြတ်မှုကို ဝန်ခံထားပေမယ့် ၎င်းတို့မှာ ထိုကဲ့သို့ ကျူးလွန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရားစီရင်ရေး ယန္တရားတွေရှိတဲ့အတွက် ICC အနေနဲ့ ဝင်ရောက်ကိုင်တွယ်ဖို့မလိုကြောင်း တုံ့ပြန်ထားပါတယ်။
ဒီကိစ္စဟာလဲ ရိုဟင်ဂျာ အပါအဝင် လူ့အခွင့်ရေး ပြဿနာအပေါ် AA ရဲ့ ကိုင်တွယ်ပုံကြောင့် နိုင်ငံတကာအမြင်ကို ပြောင်းလဲစေမယ့် ကိစ္စတွေအများကြီးထဲက တစ်ခုပါ။
ရိုဟင်ဂျာပြဿနာအပြင် အာရကန်ဒေသတစ်ခုလုံးဟာ ဆိုးရွားလှတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
AAရဲ့ မြို့သိမ်းတိုက်ပွဲတွေ နဲ့ စစ်ကောင်စီရဲ့ တာဝန်မဲ့မူတွေဟာ မြို့အချို့မှာ ငတ်မွတ်ခေါင်းပါးခြင်းတွေကို ဖြစ်စေခဲ့ပြီး တိုက်ပွဲတွေကြောင့် ဆေးဝါးမလုံလောက်မှုတွေပါ ဖြစ်စေခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် အခြားဒေသတွကို ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အာရကန်ပြည်သူတွေဟာလဲ အိမ်ငှားခကြီးမြင့်ခြင်း၊ ခွဲခြားဆ က်ဆံခံကြရခြင်း၊ သွားလာမှု ကန့်သတ်ခံကြရခြင်း တို့ကဲ့သို့သော အခက်အခဲများစွာ ရင်ဆိုင်နေကြရပါတယ်။
ရမ်းဗြဲမြို့နယ်က စစ်ရှောင်တွေဟာဆိုရင်လဲ အရေးပေါ်အကူအညီတွေလိုအပ်လျက်ရှိနေပြီး ရခိုင်ပြည်သူ ၂ သန်းခန့်ဟာ ငတ်မွတ်ခြင်း ရဲ့ လက်တကမ်းအကွာမှာ ရှိနေပါတယ်။ ရခိုင်ကမ်းရိုးတမ်းမှာ မြေပြိုမှုတွေဖြစ်စေခဲ့တဲ့ ဆိုင်ကလုန်းမိုခါဟာလဲ စစ်ရှောင်စခန်းတွေမှာရှိတဲ့ အခြေခံအဆောက်အအုံ တွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို ပျက်စီးစေခဲ့ပါတယ်။
စစ်တွေမှာ ရှိတဲ့ စစ်ရှောင် ၇၆,၀၉၀ ယောက်ထဲက စစ်ရှောင် ၁၀,၆၃၄ ယောက်သာ အကူအညီတွေ ရရှိခဲ့ပါတယ်။ စစ်ရှောင်အချို့ဟာ ဆိုရင်လဲ စစ်ကောင်စီရဲ့ မြို့တွေ ရွာတွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြန်စရာအိမ် မရှိတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။ AA အနေနဲ့ တရားဝင် အသိအမှတ်အပြုခံရတဲ့ အစိုးရတစ်ရပ်ဖြစ်လာဖို့ အတွက်ဆိုရင် အာရကန်ဒေသကို အပြည့်အဝ ပြန်လည် လည်ပတ်စေနိုင်ဖို့ အုတ်တချပ် သဲတပွင့်ကနေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
မူရင်း -Global Arakan NetWork
Translator – Zan
လေးဝတီFM (ဘာသာပြန်ဆောင်းပါး)