စစ်ကော်မရှင်ဟာ ကောက်ပဲသီးနှံရိတ်သိမ်းချိန်ကို အခွင့်ကောင်းယူပြီး တောင်သူလယ်သမားများ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့Fortify Rights က ဖေဖော်ဝါရီ ၂၆ မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ကရင်နီပြည်နယ် ၊ ကရင်နီ-ရှမ်း ဒေသက တောင်သူတွေရဲ့ ကောက်ပဲသီးနှံရိတ်သိမ်းချိန်မှာ စစ်ကော်မရှင်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေကြောင်းကို ထုတ်ပြန်ထားပါတယ်။
“ဒီတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူကို ထိတ်လန့်တုန်လှုပ်သွားစေဖို့နဲ့ ၊ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာလုံခြုံရေးကို ထိခိုက်စေဖို့ စနစ်တကျ ရည်ရွယ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်” လို့ Fortify Rights ရဲ့ ဒါရိုက်တာ John Quinley က ပြောပါတယ်။
အလားတူပဲ ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ထဲမှာ လည်း စစ်ကော်မရှင်ဘက်က တောင်သူတွေ ရဲ့ ဆန်စပါးတွေ ကို ရိတ်သိမ်းယူဆောင်ခြင်း ၊ ကျွဲနွားများကို အဓမ္မယူဆောင်ခြင်းတွေကို လေးဝတီFM က စုံစမ်းသိရှိရပါတယ်။
၂၀၂၅ နိုဝင်ဘာ ၊ ဒီဇင်ဘာမှာ စကစ ဘက်ကစစ်ကြောင်းထိုးပြီး နောက် ကျောက်ဖြူမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာဖြစ်ပါတယ်။
အဲ့ဒီကာလတွေဟာ မိုးစပါးရိတ်သိမ်းချိန်ကာလ ဖြစ်ပေမယ့် တောင်သူတွေ အနေနဲ့ လယ်ယာမြေဧက ရာပေါင်းများစွာကို စွန့်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
သိုင်းချောင်း၊ ဇင်ချောင်း နဲ့ မင်းတပ်တောင် ဒေသ တစ်ခွင်က စပါးတွေကို စစ်ကားတွေနဲ့ တပ်ရင်းတွေဆီသယ်ယူခဲ့တယ်လို့ ကျောက်ဖြူ မြို့နယ် ဒေသခံတောင်သူ တွေ က လေးဝတီFM ကို ပြောကြားထားပါတယ်။
ဒါအပြင် အခုလထဲမှာ ဆိုရင်လည်း ကျောက်ဖြူမြို့နယ် ထဲ က တောင်သူတွေ ပိုင်ဆိုင်တဲ့ လယ်ယာလုပ်ငန်းသုံး ကျွဲနွားတွေကို အဓမ္မသိမ်းယူခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
သိုင်းချောင်း ၊ ဇိန်ချောင်းဝန်းကျင်က ကျွဲနွားတွေ အကောင်ရေ ၇၀၀ ကျော် ကို သိမ်းဆည်းသွားပြီး ကျောက်ဖြူမြို့ထဲက အသားငါးဈေးကွက်မှာ နေ့စဉ် ပြန်လည်ရောင်းချနေတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ် က အတည်ပြုထားပါတယ်။
စစ်ကော်မရှင်ဟာ တောင်သူတွေ ဆီက သိမ်းယူခဲ့တဲ့ ကျွဲနွားတွေကို ကျောက်ဖြူ မြို့နယ် စိုင်ခြုံရွာနဲ့ ၊ ကျောက်တလုံးစခန်းတို့မှာ ထားရှိတယ်လို့ လည်း အတည်ပြုထားပါတယ်။
စားနပ်ရိက္ခာ ရရှိမှုကို ထိခိုက်စေသော ၊စိုက်ပျိုးမြေ (သို့မဟုတ်) စားနပ်ရိက္ခာစနစ်များကို ရည်ရွယ်ချက်ရှိရှိဖျက်စီးခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး ဥပဒေ နှစ်ခုစလုံးကို ချိုးဖောက်ရာ ရောက်တယ်လို့ လည်းသတိပေးထားပါတယ်။
လေးဝတီ FM