ရခိုင်ပြည် ဂွမြို့ ကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့ အာရက္ခတပ်တော် စစ်ကြောင်းဟာ ကမ်းခြေပတ်လမ်းကြောင်းက နေ ဂွမြို့ အနီးဆုံးကိုချည်းကပ်လာတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဂွမြို့ သိမ်းတိုက်ပွဲ အတွက် ထိုးစစ်ဆင်လာတဲ့ အာရက္ခတပ်တော် စစ်ကြောင်းတွေဟာ သံတွဲ-ဂွ လမ်းပိုင်း ဘက်က တစ်ကြောင်းနဲ့ ဂွကမ်းခြေပတ်လမ်းကြောင်း က တစ်ကြောင်း ဖြန့်ခွဲထားပြီး
ဂွမြို့ကို ပတ်လည်က ပိတ်ဆို့ထားလိုက်တာဖြစ်ပါတယ်။
“ကားလမ်းဘက်ကလည်း ရှေ့တိုးလာတယ်၊ ကမ်းခြေဘက်ကလည်းတိုးလာတယ်၊ အခု ညောင်ချောင်းအထိ သိမ်းပြီးသွားတော့ ကမ်းခြေပတ်လမ်းက ထိုးစစ်သွားရင် လေးမိုင်ပတ်လည်ပဲ ရှိတော့တယ်” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဂွမြို့နယ် ကျိန္တလီမြို့က နေ စတင်ခဲ့တဲ့ ထိုးစစ်ဟာ အခုဆိုရင် ဂွမြို့နဲ့ ကမ်းခြေချင်း လေးမိုင်သာကွာတော့တဲ့ ညောင်းချောင်းကျေးရွာကို အထိ ရောက်ရှိပြီး အဲ့ဒီကမ်းခြေ ပတ်လမ်းက ရွာတွေမှာတိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပါတယ်။
ဂွ ကမ်းခြေတလျှောက်က ကျေးရွာတွေမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး ညောင်းချောင်းက တပ်ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို အဲ့ဒီကမ်းခြေဝန်းကျင်မှာ လိုက်လံရှင်းလင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
” ညောင်ချောင်းမှာမနေ့ညကပင်တိုက်ပွဲပြင်းတယ်။ဒီနေ့ဆိုမနက်ကပင်ပြင်းတယ်။ သူတို့ ပို့ထားတဲ့ တပ်တွေ ညောင်ချောင်းက ဆုတ်သွားပြီး လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲတယ် ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဂွမြို့နယ် ညောင်ချောင်း ၊ ဇီးကုန်း ၊အမော် ၊ တင်းတော၊ ကျောက်ကြီး ၊ရဟိုင်ကူးတို့ အဲ့ဒီ ကမ်းခြေ ကျေးရွာဝန်းကျင်တွေမှာ စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပြီး ကမ်းခြေတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ဆိုပါတယ်။
သံတွဲ-ဂွ ကားလမ်း တလျှောက်က ရွာတွေ မှာလည်း ဒီတစ်ပတ် အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကိုင်းတော ၊ အလယ်ချောင်း ၊ရွာသစ်ကုန်း စတဲ့ ကျေးရွာတွေမှာလည်း စစ်ကောင်စီ ရဲ့ တပ်တွေ ဖြန့်ချထားတယ်လို့ ဆိုပါတယ်။
အမ်းချောင်းသူ (လေးဝတီ FM)ရေးသည်။