ပဲခူးတိုင်း ပန်းတောင်းမြို့နယ် အတွင်းက ညောင်ကျိုးစခန်းကို အာရက္ခတပ်တော်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်တချို့ နောက်ဆုတ်သွားတယ်လို့ သတင်းရရှိပါတယ်။
ဖေဖော်ဝါရီ ၁၈ ညနေပိုင်းကစပြီး ညောင်ကျိုးစခန်းကို ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတယ် လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ညောင်ကျိုး တိုက်ခံရလို့ ဒီနေ့ညပိုင်းကတည်းက ညောင်ခြေထောက်ဘက်မှာ ရုတ်ရုတ်သဲသဲဖြစ်နေကြတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ပဲခူးတိုင်း အပိုင် တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းပေါ်က ပန်းကန်ကွဲစခန်းကို သိမ်းပိုက်ပြီးနောက်မှာ ထိုးစစ်ကို အရှိန်မြှင့် ရှေ့တိုးလာတာဖြစ်တယ် လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
တောင်ကုတ် – ပန်းတောင်းလမ်းပေါ်က ညောင်ကျိုးကျေးရွာဟာ စစ်ကောင်စီအဖွဲ့ပေါင်းစုံ ဂိတ်ချထားတဲ့နေရာဖြစ်ပြီး အမြှောက်ကြီးစခန်းအထိုင်ချထားတဲ့နေရာလည်းဖြစ်ပါတယ်။
“ပန်းကန်ကွဲဘက်က ဆုတ်လာတဲ့ အဖွဲ့တွေနဲ့ ညောင်ကျိုးမှာ ပူးပေါင်းထားတဲ့ အဖွဲ့အချို့နောက်ဆုတ်သွားတယ် ၊ ကပစ (၆) ဘက်က တပ်တချို့တက်လာတာ ရှိတယ် ” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခတပ်တော် AA ဟာ ပဲခူးတိုင်းမှာ လှုပ်ရှားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကပစ (၆) ဆီကို ထိုးစစ်ဆင်လာတဲ့အသွင်ဖြစ်ပါတယ်။
ရခိုင်ရိုးမတောင်တန်းတွေပေါ်က ချီလာတဲ့ စစ်ကြောင်းဟာ ပဲခူးရိုးမ အနောက်ဘက်အခြမ်းကို ဝင်ရောက်ပြီး မြေပြန့်ဒေသမှာ တည်ဆောက်ထားတဲ့ ကပစ စက်ရုံတွေ ဆီကို ဦးတည်လျှက်ရှိပါတယ်။
လေးဝတီ FM