Laywaddy FM

စကစ အသိုင်းအဝိုင်း လွှမ်းမိုးလာတဲ့ ရခိုင်ငါးဖမ်းလုပ်ငန်း

စကစ အသိုင်းအဝိုင်း လွှမ်းမိုးလာတဲ့ ရခိုင်ငါးဖမ်းလုပ်ငန်း

ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ကမ်းဝေးရေပြင်မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ်နဲ့ ပတ်သက်သူတွေသာ ငါးဖမ်းခွင့် ၊ သယ်ယူရောင်းချခွင့်ရှိနေတယ်လို့ ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။

ကမ်းဝေးငါးဖမ်းယာဉ်တွေအနေနဲ့ ရေလုပ်သား (၁၀) ဦးခန့်ပါတဲ့ လှေတစ်စီးမှာ ပြည်သူ့စစ် သင်တန်းဆင်းတစ်ဦးစီ အနည်းဆုံးပါမှ လွတ်လပ်စွာငါးဖမ်းနိုင်တယ်လို့ လက်ရှိအခြေအနေကို ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“ပင်လယ်ထဲကရေတပ်က ပြည်သူ့စစ်အဖွဲ့ဝင် တစ်ယောက်ပါပြီး သူတို့ကိုအကြောင်းကြားထား ၊ ငွေပေးထားမှ ငါးဖမ်းခွင့်ရတာ ၊ သူတို့ နဲ့ အဆက်အစပ်မရှိတဲ့ လှေတွေဆိုရင် ငါးဖမ်းလို့မရဘူး ၊ အကုန်လိုက်ပစ်တယ် ၊ဖမ်းတယ် ” လို့ ရခိုင်ကမ်းရိုးတန်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

ဓညဝတီရေတပ်စခန်းကို အခြေစိုက်ထားတဲ့ စစ်ကော်မရှင်ရေတပ်သဘေ်ာတွေဟာ စစ်တွေ ၊ ကျောက်ဖြူ ၊ မာန်အောင် ၊ သံတွဲ ၊ ဂွ စတဲ့ ရေပြင်တွေမှာ လွှမ်းမိုးထားပါတယ်။

ဒါအပြင် ရေပြင်တစ်လျှောက်လှည့်လည်သွားလာနေပြီး ကမ်းစပ်ကိုလည်း လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တဲ့ အတွက် ကမ်းခြေကျေးရွာအချို့ ပြန်လည်နေထိုင်ဖို့ ခက်ခဲနေကြပါတယ်။

စစ်တွေ ၊ ကျောက်ဖြူ နဲ့ မာန်အောင်ကျွန်းတွေက စစ်ကော်မရှင်ပြည်သူ့စစ်သင်တန်းဆင်းတွေ ၊ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ အသိုင်းအဝိုင်းတွေကတာ့

ရေထွက်ကုန်တွေကို ရေလမ်းကြောင်းကနေ ရန်ကုန်ကို သယ်ယူခွင့် ၊ ကုန်သွယ်ခွင့်ရရှိနေတယ်လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“မာန်အောင် လှေတွေဆီက ကုန်တွေက တစ်လ ကို နှစ်ကြိမ်ဝင်တယ်။ ဘာညာလေးတွေတော့ ရှိတာပေါ့ ၊ ကျောက်ဖြူကလည်း ရာသီဥတုသာရင်သာသလိုဝင်တယ်၊ တိုက်ပွဲက ကုန်းမှာဖြစ်တာ ပင်လယ်ထဲမှာ အေးဆေးပဲ ။ ရခိုင်ပင်လယ်စာတွေ က ရန်ကုန် ကို ပို့တဲ့ လမ်းကြောင်း ရှိတယ် “ လို့ ရန်ကုန်မှာ ရေထွက်ပစ္စည်းရောင်းဝယ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

ရန်ကုန်ကို တင်ပို့နိုင်တဲ့ လမ်းကြောင်းဟာ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက ထိန်းချုပ်ထားသလို ၊ ကမ်းဝေးငါးဖမ်း လုပ်ငန်းကိုလည်း ကျောက်ဖြူ ၊ စစ်တွေ နဲ့ မာန်အောင်မြို့ တွေမှာ ရှိနေတဲ့ စစ်ကော်မရှင် အသိုင်းအဝိုင်းက ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသရဲ့ အဓိက အသက်မွေးလုပ်ငန်းဖြစ်တဲ့ ကမ်းဝေးငါးဖမ်းခြင်း ကို လုပ်ကိုင်ဖို့ ရခိုင်ကမ်းရိုးတန်း ရေပြင်မှာ ရှိနေတဲ့ စစ်ကော်မရှင် ရေတပ် က အတားအဆီးဖြစ်နေပါတယ်။

အလားတူပဲ ရခိုင်ဒေသ ရေထွက်ကုန်တွေကို ကုန်သွယ်ခွင့်ရဖို့ လည်း အဖက်ဖက်က ပိတ်ဆို့ခံထားရပြီး အခက်အခဲရှိနေဆဲဖြစ်ပါတယ်။

လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *