ကျောက်ဖြူရှေ့တန်းစစ်မြေပြင်မှာ သေဆုံးသွားတဲ့ တပ်မ ၁၁ ဗိုလ်မှူးအပါအဝင် စကမ အရာရှိ ငါးဦးကို
ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ကျောက်ဖြူ သင်္ချိုင်းမှာ တိတ်တဆိတ် သင်္ဂြိုဟ် လိုက်တယ်လို့ စကမ အသိုင်းအဝိုင်းက သတင်းရရှိပါတယ်။
သိုင်းချောင်းနဲ့ မင်းပြင်တိုက်ပွဲမှာ တာဝန်ကျနေတဲ့ တပ်မ ၁၁ ကဗိုလ်မူးအပါ အရာရှိ ၄ ဦး နဲ့ အတူ ၊ မာန်အောင်မှာ ရွေးကောက်ပွဲယာယီတာဝန်ခံလုပ်ရင်းအသတ်ခံရတဲ့ ခလရ ဗိုလ်ကြီးကို အတူတူ သင်္ဂြိုဟ် လိုက်တယ်လို့ သတင်းရရှိပါတယ်။
“မနေ့ည က ညနေဖက် သင်္ချိုင်းမှာ သဂြိုလ်တယ်၊ ဒေသခံပြည်သူတွေ အဲ့ဘက်ကလမ်းကိုတောင် မသွားရဘူး ၊အကုန်လမ်းပိတ်ထားတယ်၊ လမ်းတလျှောက်သူတို့စစ်သားတွေနေရာယူထားတယ် “ လို့ စကမ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က လေးဝတီFM ကို ပြောပါတယ်။
ခလရ ၃၄ တပ်ရင်း က ဗိုလ်ကြီးအလောင်း၊ တပ်မ ၁၁ က ဗိုလ်မူးအလောင်း နဲ့ နောက်ထပ် အရာရှိသုံးဦး ရဲ့ အလောင်းတွေကို ကျောက်ဖြူ
သင်္ချိုင်းကို သယ်ယူပြီး မီးသဂြိုလ်လိုက်တာဖြစ်တယ်လို့ နောက်ထပ် သတင်းရင်းမြစ်က အတည်ပြုပါတယ်။
ကျောက်ဖြူ သင်္ချိုင်းမှာ သင်္ဃာတွေ ပင့်ဆောင်ပြီး တခါတည်း သပိတ်သွတ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“သူတို့ မိသားစုတွေလည်း ရန်ကုန် က လေကြောင်းနဲ့ရောက်လာတယ်။ မာန်အောင် က ဗိုလ်ကြီးအလောင်းက နေဗီနဲ့ကျောက်ဖြူကို ယူပြီး အတူမီးသဂြိုလ် လိုက်တာ ” လို့ စစ်ကော်မရှင်အသိုင်းအဝိုင်း နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
သိုင်းချောင်းနဲ့မင်းပြင်တို့ မှာ ဒီဇင်ဘာ ပထမ အပတ်ကတည်း က နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး စစ်ကော်မရှင် အများအပြားသေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ အရာရှိတွေရဲ့ အလောင်းကိုသာ ပြန်လည်သယ်ယူခဲ့ပြီး အခုလို တိတ်တဆိတ် သင်္ဂြိုဟ်လိုက်တာပါ။
စစ်ကော်မရှင်ဟာ ကျောက်ဖြူမြို့နယ်ထဲက AA ထိန်းချုပ်ထားတဲ့ကျေးရွာတွေကို ပြည်သူ့စစ်တွေကို အသေခံစစ်ကြောင်းထိုးခိုင်းနေပေမယ့် အကြိမ်ကြိမ်တပ်လန်နေတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့ နယ်ထဲက ကျေးရွာအများစုကို အာရက္ခတပ်တော်က ထိန်းချုပ်ပိတ်ဆို့ထားတဲ့ အတွက် ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၅၄ စုကို ရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်း ကြေညာထားပါတယ်။
လေးဝတီ FM