Laywaddy FM

မြောက်ဦး (သို့မဟုတ်) အမေ့လျော့ခံ အင်ပါယာ

မြောက်ဦး (သို့မဟုတ်) အမေ့လျော့ခံ အင်ပါယာ

အနက်ရောင်ကျောက်သား နံရံတွေပေါ် ကျရောက်နေသည့် နေရောင်ခြည် ဖွဖွ နှင့် ဒီဇင်ဘာ နှင်းရည်လဲ့လဲ့ သည် ဒီအင်ပါယာ၏ ဂုဏ်ကျက်သရေ ပင်။

မြောက်ဦး၏ ဒီဇင်ဘာ ဆောင်းမနက်များ သည် ပြာသည် ၊ မှိုင်းသည် ၊ လဲ့ရီ သည် ။
သိမ်မွေ့ထည်ဝါမှုတို့ သည် မြူခိုး ၊ မီးခိုး များကြားမှာ ဝိုးတဝါး။

သို့သော်လည်း ဒီဇင်ဘာ သည် မြောက်ဦးကို ခဏ ခဏ အနာတရ ဖြစ်စေသည့် ကံဆိုးခြင်း ကာလ လို့ ပြောစမတ်ပြုစရာဖြစ်လာခဲ့ပြီ။

“မီးလောင်ပြင်ထဲက
မီးသွေးထက်ဝက် အိမ်တိုင်တွေလို
မိုးခေါင် ဆိုက်ကပ်တဲ့အခါ
မြေမှာ ဒူးထောက်
ကောင်းကင်ကို တိုင်တည်တဲ့
ကမ္ဘာဦးလူသားတွေလို
မြို့ရိုးတံတိုင်းတွေ နဲ့ ငါ့မြို့ “
လို့ ကွယ်လွန်သွားရှာတဲ့ ကဗျာဆရာ မောင်ခိုင်အောင်က ဖွဲ့ခဲ့သည်။

ထိုကဗျာ ဆရာ၏ အဖွဲ့သည် လက်တွေ့ ဘဝမှာ ထပ်ကာ ထပ်ကာ မှန်ကန်နေခဲ့ခြင်းက အကျဉ်းတန်လွန်းလှသည်။

မီးခိုးတန်းနဲ့ နေရောင်ခြည်အောက် က နှစ်ပေါင်း နှစ်ရာကျော်ကို ပြန်ကြည့် လျှင် ၊ မြောက်ဦးဟာ
ရခိုင်တစ်မျိုးသားလုံး၏ ဂုဏ်ကျက်သရေနှင့် ဘိုးဘွားတို့၏ ဝိညာဉ်များ ရှင်သန်ရာ အသည်း နှလုံးမြို့တော်ဖြစ်သည်။

ရခိုင်အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကြိုးပမ်းနေသည့် “အာရက္ခအိပ်မက်” “အာရက္ခ အောင်မြေ” အဖြစ် ရှုမြင်ခံထားရသော သမိုင်းဝင် မြို့တော်လည်း ဖြစ်သည်။

မြောက်ဦးမြို့တော်ကို ခရစ်သက္ကရာဇ် ၁၄၃၀ ပြည့်နှစ်တွင် ရခိုင်ဘုရင် မင်းစောမွန် (နရမိတ်လှ) က စတင်တည်ထောင်ခဲ့သည်။

ယခင် လောင်းကြက်ထီးနန်းမှ ပြောင်းရွှေ့လာပြီး စစ်ရေး စစ်ရာမှာ ပိုမိုဗျူဟာမြောက်၍ လုံခြုံသော ဤဒေသကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးသည် မြို့ရိုး၊ ကျုံး၊ ကုန်းမြင့်များဖြင့် သဘာဝအတိုင်း ခံတပ်မြို့သဖွယ် တည်ဆောက်ထားသည့် မြို့တော်ဖြစ်ပြီး ၁၇၈၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်လက်အောက် ကျဆုံးသည်အထိ နှစ်ပေါင်း ၃၅၅ နှစ်ကြာ ရခိုင်ဘုရင့်နိုင်ငံ၏ ရာဇပလ္လင်စိုက်ရာ မင်းနေပြည်တော်အဖြစ် တည်တံ့ခဲ့သည်။

ဤကာလအတွင်း မြောက်ဦး နန်းတော်မှာ ဘုရင် ၄၉ ပါး အုပ်ချုပ်ခဲ့ ရာ၊ အထူးသဖြင့် မင်းဘင်ဘုရင် (၁၅၃၁-၁၅၅၃)၊ မင်းဖလောင်းနှင့် မင်းရာဇာကြီးတို့ လက်ထက် တွင် မြောက်ဦး၏ “ရွှေခေတ်” ကို အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

မြို့သည် ကုလားတန်မြစ်၏ မြစ်လက်တက်များအနီးတွင် တည်ရှိပြီး ပတ်ပတ်လည်တွင် သဘာဝ တောင်ကုန်း များနှင့် ချောင်းမြောင်းများက ဝန်းရံထားသောကြောင့် ရန်သူ့ကျူးကျော်မှုကို ခုခံကာကွယ် ရန် ခက်ခဲသော ခံတပ်ကြီးအဖြစ် တည်ရှိခဲ့သည်။

မြောက်ဦး၏ တည်နေရာသည် နိုင်ငံတော်၏ အင်အား ကြီးမှုကို ပုံဖော်ခဲ့သည်ဟု သမိုင်းပညာရှင်များက ဆိုသည်။

ထို့အပြင် ဘင်္ဂလားပင်လယ်အော်နှင့် နီးကပ်စွာတည်ရှိခြင်းကြောင့် မြောက်ဦးသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတွက် အဓိက ဆိပ်ကမ်းကြီးတစ်ခု ဖြစ်လာခဲ့သည်။

ဥရောပ၊ အာရပ်၊ အိန္ဒိယ၊ တရုတ် ကုန်သည်များနှင့် ဆက်သွယ်သော နိုင်ငံတကာ ကုန်သွယ်ရေး ဗဟိုချက်ဖြစ်ခဲ့သည့်အတွက် ထိုခေတ်က မြောက်ဦးမြို့သည် အာရှတိုက်၏ အချမ်းသာဆုံး မြို့တော် ၁၀ ခုထဲတွင် ပါဝင်ခဲ့သည်။

မြောက်ဦးမြို့တော်တွင် ရွှေဂူတန့်ဘုရား (ထုက္ကံသိမ်) (ဘုရားနှင့် ခံတပ်ပုံစံ ရောစပ်တည် ဆောက် ထားသော ဗိသုကာလက်ရာ)၊ ကိုးသောင်းဘုရား (ရုပ်ပွားတော် ၉ သောင်း ကိန်းဝပ်ရာဟု ယုံကြည်ရသော ပုထိုးကြီး) နှင့် မြို့ရိုးများ၊ ခံတပ်မြို့ရိုးများကဲ့သို့သော သာသနိက အဆောက်အအုံများ မြောက်မြားစွာ တည်ရှိနေသည်။

မြောက်ဦးရဲ့ အမွေအနှစ်တွေထဲမှာ စာပေကလည်း ထိပ်ဆုံးကပါဝင်သည်။
ရခိုင်စာပေဟာ(အေဒီ ၁ ရာစု)ကပင် စတင်ထွန်းကားခဲ့သည်ဟု သမိုင်းပညာရှင်များက ဆိုသည်။

ရခိုင်၏ အထင်ရှားဆုံးကျောက်စာဖြစ်သည့် အေဒီ(၇၂၉)မှာရေးတိုးထားသော အနန္ဒစန္ဒြမင်း ကျောက်စာမှာ ဂါထာပေါင်း ၆၅ ဂါထာနှင့် ရခိုင်းမင်းဆက်များကို အစဉ်လိုက် ရေးထိုးမှတ် တမ်းတင်ထားခဲ့သည့် ကျောက်စာ မျိုးဖြစ်ကာ မြန်မာမှာသာမက အိန္ဒိယနိုင်ငံမှာပါ အစောဆုံး ကျောက်စာဟုသိရသည်။

ထိုကဲ့သို့ ရှေးဟောင်းဘုရားပုထိုးများ၊ စေတီပုထိုးများ၊ သမိုင်းဝင် အဆောက်အအုံများမှာ စစ်မိစ္ဆာတွေရဲ့ လက်နက်ကြီး ကျည်ကြောင့် မကြာခဏ ပျက်စီးဆုံးရှုံးနေရသည်။

၂၀၂၃ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မြောက်ဦးမြို့ ယဉ်ကျေးမှုပြတိုက်အား လေကြောင်းက တိုက်ခိုက်ခံရမှုကြောင့်
ပြတိုက်တွင်းရှိ ကျောက်စာများအပေါ် ကျဉ်ဆံရာများစွန်းထင်းခဲ့သည်။
အချို့မှာ လည်း အစိတ်စိတ်အမွှာမွှာပျက်စီးခဲ့သည်။

ထိုပြတိုက်ထဲမှ ကမ္ဘာအမွေအနှစ် စာရင်းဝင်ဖို့ကြိုးပမ်းနေတဲ့ ကျောက်စာများနှင့် ရှေးဟောင်း ယာဉ်ကျေးမှု အမွေအနှစ်များ များစွာ ဟာ ကျောက်ကျိုးကျောက်ပဲ့ ဘဝကို ရောက်ခဲ့ရသည်။

ကိုယ်ပိုင် အမွေအနှစ်တွေကို ပိုင်ဆိုင်ဖို့ ကြိုးစားနေရင်းမှာ ပြင်းပြင်းထန်ထန် ဖျက်ဆီးခံခဲ့ခြင်းဖြစ်သည်။

သမိုင်းဝင် ကိုးသောင်း ပုထိုးတော်ကြီးအပါအဝင် ရှေးဟောင်းဂူဘုရားများ အဆောက်အအုံများ အက်ကွဲပြီး ပြိုကျပျက်စီးမှုများ ရှိခဲ့ခြင်းက မြို့တော်၏ ရှေးဟောင်းတန်ဖိုးကို ခြိမ်းခြောက်နေပါသည်။

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်နေရာ (UNESCO World Heritage Site) စာရင်းဝင်စေရန် ကြိုးပမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော် လည်း အကြိမ်ကြိမ် နှောင့်နှေးခြင်းရဲ့ အကြောင်းတရားလည်း ဖြစ်သည်။

လွန်ခဲ့သော ရာစုနှစ်များက အရှေ့တောင်အာရှ၏ အင်အားအကြီးဆုံး ဆိပ်ကမ်းမြို့တော်၊
ကမ္ဘာ့ ကုန်သွယ်ရေး၏ အချက်အချာဌာန တစ်ခုအဖြစ် ကြီးကျယ်ခမ်းနားစွာ ထွန်းကားခဲ့သော သမိုင်းဝင် မင်းနေပြည်တော်သည်
ယနေ့ခေတ်တွင်မူ စစ်မီးဒဏ်အောက်တွင် သမိုင်းအမွေအနှစ်များနှင့် အရပ်သား ပြည်သူများ အလူးအလဲ ခံစားနေရသော ပဋိပက္ခ၏ ဗဟိုချက်မ ဖြစ်လာခဲ့သည်။

၁၇၈၅ ခုနှစ်တွင် မြောက်ဦးထီးနန်းကျဆုံးခြင်းသည် ရခိုင်လူမျိုးများအတွက် အမှောင်မိုက်ဆုံးကာလ ကို စတင်စေခဲ့သည်။

ကုန်းဘောင်ဘုရင်၏ တပ်များက နန်းတော်မှ အဖိုးတန်ပစ္စည်းများကို သိမ်းယူပြီး နန်းတော်ကို မီးရှို့မြေဖို့ခဲ့သည့်အပြင်၊ နိုင်ငံတော်၏ အရေးအကြီးဆုံး အမွေအနှစ်ဖြစ်သော မဟာမုနိဘုရားကြီးရုပ်ပွားတော်ကိုပါ ဖြတ်တောက်၍ မန္တလေးသို့ ပင့်ဆောင်သွားခဲ့သည်။

၎င်းသည် ရုပ် ဝတ္ထုပစ္စည်း ဆုံးရှုံးမှုထက် ပို၍ ရခိုင်ဘုရင့်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သတ်လိုက်ခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး (၁၉၄၈) ရပြီးနောက်ပိုင်းတွင် ရခိုင်ပြည်သူလူထု၏ နိုင်ငံရေးကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် တန်းတူအခွင့်အရေးများ တောင်းဆိုမှုမှာ အစဉ်အမြဲရှိနေခဲ့သည်။

၁၉၄၈ ဗြိတိသျှဆီမှ လွပ်လပ်ရေးကို တခြားတိုင်းရင်းသားများနှင့်အတူ ရယူကာ မြန်မာနိုင်ငံတော်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ၁၉၇၄ မှာ ရခိုင်သည် မြန်မာနိုင်ငံ၏ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်သည်။

သို့သော် ဗဟိုအစိုးရ၏ အုပ်ချုပ် မှုအောက်တွင် ရခိုင်ပြည်နယ်သည် နိုင်ငံတော်၏ အခြားသော ဒေသများနှင့် နှိုင်းယှဉ်ပါက စီးပွားရေး၊ လူမှုရေးနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့် ဒေသတစ်ခုအဖြစ် ရပ်တည် ခဲ့ရသည်။

မြောက်ဦးသည် သမိုင်းဝင် အရေးပါသော မြို့အ ဖြစ် ဆက်လက်တည်ရှိနေသော်လည်း ဗဟို အစိုးရ၏ ထိန်းသိမ်းလိုစိတ် အားနည်းမှုကြောင့် တဖြည်း ဖြည်း မှေးမှိန်လာခဲ့သည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ဦးမြို့နှင့်တစ်ဝိုက်၌ နိုင်ငံရေးမကျေနပ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။
မြောက်ဦးသည် အမှောင်ခေတ် မှ အလင်းဆီသို့ လက်တွေ့ကျကျ လျှောက်လှမ်းလေပြီ။

ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတ (ရေနံနှင့် သဘာဝဓာတ်ငွေ့) များ ကြွယ်ဝသော်လည်း ဒေသခံပြည်သူများသည် ထုတ်ယူရောင်းချခြင်းမှ ရရှိသည့် အကျိုးအမြတ်များကို ယနေ့ အထိ မခံစားရသေးသည်က လည်း မကြေနပ်ချက်များ ကို ပေါက်ကွဲစေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်လာသည်။

၂၀၁၀ ပြည့်နှစ်ခန့်မှစ၍ ဒေသခံရခိုင်ပြည်သူများသည် လယ်ယာမြေများ မတရားသိမ်းယူခံရမှု၊ မမျှတ သော မြေယာလျော်ကြေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံး ရှုံးမှုများကို ခံစားခဲ့ကြရသည်။
သယံဇာတခွဲဝေမှု၊ ပိုင်ဆိုင်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်တို့သည် ရခိုင်လူ ထုနှင့် ဝေးကွာနေဆဲဖြစ်သည်။

ခရစ်သက္ကရာဇ် ၁၇၈၅ ခုနှစ် ရခိုင်ထီးနန်း ကျဆုံးပြီးနောက် နှစ်ပေါင်း ၂၃၉ နှစ်အကြာတွင် ရက္ခိုင့်တပ်တော် (AA) သည် တစ်လကျော်ကြာ ပြင်းထန်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများအပြီး၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် မြောက်ဦးမြို့တစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြသည်။

ဤအောင်ပွဲသည် ရာဇဝင်နေ့ရက်များထဲမှ သမိုင်းမော်ကွန်းသစ်ရေးထိုးနိုင်သည့် ကြီးကျယ်ခန်းနားသော အောင်ပွဲတစ်ရပ်အဖြစ် ရခိုင်လူထုကလည်း ရှုမြင်ကြသည်။

ထိုအောင်ပွဲသည် ပြည့်ဝကုန်လုံသော အောင်ပွဲတစ်ရပ်မဟုတ်သေး ကြောင်း မြောက်ဦးပြည်သူကို
အကြောင်းမဲ့သတ်ဖြတ်သွားသော ပေါင် ၅၀၀ ဗုံးက သက်သေလိုက် ထူသည်။

မြောက်ဦးတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်သူလူထုမှာ ဆိုးရွား သော ဆုံးရှုံးမှုများကို ခံစားနေရသည်

မြို့၏လူဦးရေ ၄၀,၀၀၀ ခန့်အနက် ထက်ဝက်နီးပါးခန့် (၂၀,၀၀၀ ခန့်) သည် နေရပ် စွန့်ခွာ ထွက်ပြေးရခြင်း၊ အိုးအိမ်ပစ္စည်းများ ဆုံးရှုံးရခြင်း၊ အသက်အန္တရာယ် ခြိမ်း ခြောက်ခံ ရခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။

အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်နစ်နာ မှုမှာ မကြာသေခင်းက ဖြစ်ပွားခဲ့သော မြောက်ဦးဆေးရုံ လေကြောင်း တိုက်ခိုက်ခံရမှုဖြစ်ပြီး အရပ်သား ၃၄ ဦးအထိ တစ်နေရာတည်းမှာ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့လို မြောက်ဦး ၏ ဒီဇင်ဘာဆောင်းငွေ့ကို မခိုလှုံဖူးသူများ အဖို့ မြောက်ဦးကို ဒီဇင်ဘာရောက်တိုင်း သတင်းစာမျက်နှာတွေအပေါ်မှာ သတိတရ ပြန်တွေ့နိုင်သည်။

မြောက်ဦးမြို့ ကို စစ်မိစ္ဆာတွေ တစ်ကြိမ်တိုက်ခိုက်သည့် အခါမှာ မြောက်ဦးမြို့သည် ဒဏ်ရာများနှင့် လူမြင်ကွင်းရှေ့ သို့ တစ်ခါ ပြန်ပေါ်ခွင့်ရသည်။

မြောက်ဦး သည် အမေ့လျော့ခံဖြစ်နေသလား။ ထိုသည်ပင်လျှင် အာဏာရှင်တို့ လိုချင်သည့် ပုံစံဖြစ်သည်။

ဖြစ်ပွားနေသော ပဋိပက္ခများ သည် နယ်မြေသိမ်းပိုက်မှု ၊ သက်သက်မဟုတ်ဘဲ သမိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်သညာများ ဖျောက်ဖျက်နေခြင်းဖြစ်သည် ဟု
ဆုံးရှုံးခဲ့ရသော အမွေအနှစ်များက သတိပေးသည်။

ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှု ၊ တိုင်းရင်းသားတို့ ၏ သမိုင်းဆိုင်ရာအထောက်အထားများ
ပျောက်ပျက်စေမှု ကို မြောက်ဦးမြို့က အကြိမ်ကြိမ် သက်သေပြခဲ့ ပြီ ဖြစ်သည်။

#မြောက်ဦး
#ရသ
#အင်ပါယာ

အထွီးဘုံ – ရေးသည်။
လေးဝတီfm

Kay Zue

Related Posts

2 thoughts on “မြောက်ဦး (သို့မဟုတ်) အမေ့လျော့ခံ အင်ပါယာ

Leave a Reply

Your email address will not be published. Required fields are marked *