ရခိုင်ပြည်က မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ၊ စစ်ကောင်စီကင်းစင်းတဲ့ မြို့တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေတဲ့
အာရက္ခတပ်တော် AA နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ဟာ မကြာခင်မှာ နိုင်ငံရေး အရ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကလည်း ဒီသတင်းစကားကို ပြောဆိုနေကြသလို၊ ULA/AA ဘက်က အတွင်းသတင်းတွေမှာလည်း အခု လ အတွင်းမှာ ဆွေးနွေးနိုင်ချေရှိတယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲကတော့ ထုံးစံအတိုင်း တရုတ်ရဲ့ကြားဝင် စေ့စပ်မှုနဲ့ ပြုလုပ်ကြမယ်လို့ သတင်းတွေထွက်နေတာ ဖြစ်ပါတယ်။
နိုင်ငံရေးအရ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ULA/AA ဘက်က ထုတ်ပြန်ထားပြီးဖြစ်သလို ၊ စစ်ကောင်စီဘက်ကလည်း ဆွေးနွေးမှုကို အောက်က မဝင်ရဖို့အရေး ၊ တရုတ်ဘက်ကို ကြိမ်ဖန်များစွာ အောက်ကျို့ခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော် AA ကို နိုင်ငံရေးအရ မဆွေးနွေးသမျှ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းတပ်မ တွေသာမက ရခိုင်ပြည်မဟုတ်တဲ့ တခြားပြည်နယ် ၊ တိုင်းတွေကို ပါ စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာတဲ့ အတွက်
စစ်ကောင်စီဟာ ဒီအခြေအနေကို အလျင်အမြန် ကိုင်တွယ်မှာပဲ ဆိုတာ သိသာနေပါတယ်။
အကယ်၍ ဆွေးနွေးကြပြီ ဆိုပါစို့ ဘာတွေကိုအခြေခံပြီး ဆွေးနွေးကြမလဲ ။
ထိရောက်ပြီး ပြည်သူအတွက် အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ဖို့ ဆွေးနွေးသင့်တဲ့ အချက်တွေကို တင်ပြလိုက်ပါတယ်။
နိုင်ငံရေး ဆွေးနွေးမှု ကနဦးအဆင့်မှာ မဖြစ်မနေ ဦးစားပေးဆွေးနွေးသင့်တဲ့ အချက်တွေကို ခွဲခြမ်း စိတ်ဖြာကြည့်တဲ့အခါ
(၁) စစ်ကောင်စီအနေနဲ့ မြန်မာပြည် အနှံ့အပြားမှာ ပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှု တွေကို ရပ်တန့်ရေး ၊
(၂) အာရက္ခပြည်ကို ကုန်စည်ကူးသန်းမှု ပိတ်ဆို့ထားခြင်းများအား ပြန်လည်ဖွင့်လှစ်ရေး
(၃)အာရက္ခပြည် ပြင်ပရောက် ရခိုင်စစ်ရှောင်များ နေရပ်ပြန်ရေး ၊
(၄) နိုင်ငံရေးအကျဉ်းသားများနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သားအားလုံး လွှတ်ပေးရေး ၊
(၅) အာရက္ခပြည်တွင်းရှိ စစ်ကောင်စီတပ်များ နဲ့ အုပ်ချုပ်ရေးများ အစီအမံများ အားလုံး ရခိုင်ပြည်တွင်းမှ ထွက်ခွာရေး ၊
(၆)အာရက္ခပြည် နယ်နိမိတ်သတ်မှတ်ရေး ၊
(၇)အာရက္ခပြည်ပိုင်နက်ဖြစ်သော ရေပြင်၊ မြေပြင်၊ ဝေဟင်များအတွင်းသို့ စစ်ကောင်စီ၏မည်သည့်တပ်မျှ မကျူးကျော် ရေး ၊
(၈) အာရက္ခ သဘာဝသယံဇာတစီမံကိန်းတွေနဲ့ ရင်းနှီးမြုပ်နံမှုများ ကို ULA/AA ဘက်က စတင် ကိုင်တွယ်ညှိနှိုင်းခြင်း စတဲ့ အချက်တွေကို မဖြစ်မနေပါဝင် ဆွေးနွေးသင့်ကြောင်း တင်ပြ လိုက်ရပါတယ်။
လေးဝတီ FM