စစ်ကော်မရှင်ဘက်က ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ကျင်းပဖို့ တစ်လသာလိုပါတော့တယ်။ ပြည်သူလူထု လက်ခံယုံကြည်မှုမရှိသလို ၊ နိုင်ငံတကာကလည်း ထောက်ခံမှုမရှိတဲ့ ဒီရွေးကောက်ပွဲဟာ လာမယ့် ဒီဇင်ဘာလမှာ ပထမ တစ်သုတ်အနေနဲ့ လုပ်ဖို့ ရာနှုန်းပြည့် သေချာနေပါပြီ။
လတ်တလောနိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းဖို့ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် ခံယူတဲ့ အင်အားစု တချို့ကလည်း ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်ထားကြတာပါ။
ဒီဆောင်းပါးမှာ ရန်ကုန်ရောက် ရခိုင်လူမျိုးတွေ အတွက် ဆိုပြီး ယှဉ်ပြိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို ထုတ်နှုတ်တင်ပြသွားမှာဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ် တွေမှာနေထိုင်တဲ့ လူဦးရေ ရဲ့ ၀.၁ ရာခိုင်နှုန်းရှိရင်တိုင်းရင်းသားဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီး ၊ တိုင်း/ပြည်နယ်လွှတ်တော် နဲ့ တိုင်း/ပြည်နယ် အစိုးရ လက်အောက်မှာ ဝန်ကြီးတစ်နေရာ ရရှိတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းကိုရောက်နေတဲ့ ရခိုင်တွေရဲ့ အရေအတွက် အင်အားကြီးမားလာမှုကြောင့် ဒီရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း (၇) ဦးထိရှိနေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဒီနေရာကို ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း (၆) ဦးအထိ ရှိခဲ့ပါတယ်။
စိတ်ဝင်စားစရာ အချက်ကတော့ ဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း (၇)ဦးရဲ့ ပါတီတွေထဲမှာ ရခိုင်ပါတီတွေ မပါ ပါဘူး။
ရခိုင်အင်အားစုလို့ ပြောနိုင်တာဆိုလို့ ရန်ကုန်မှာ ရခိုင်လူမှုကူညီရေးလုပ်ငန်းတွေ လုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ရခိုင်အမျိုးသားကွန်ရက်က ဥက္ကဌဖြစ်သူက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ယှဥ်ပြိုင်မယ့် သူတွေက ဘယ်သူတွေလဲ ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) က ဦးနေမင်းထွန်း၊ ပြည်သူ့ပါတီ (PP)က ဦးသာစိန်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)က ဒေါ်အေးမာလွင်(ခ) ဒေါ်ခင်အေးမြင့်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ဦးတင်မောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက ဒေါ်ခင်နှင်းဆီအောင်တို့ နဲ့ အတူ တစ်သီးပုဂ္ဂလကိုယ်စားလှယ် အဖြစ် ဦးညီညီ နဲ့ ရခိုင်အမျိုးသားကွန်ရက် (ANN ) ဥက္ကဋ္ဌ ဦးတင်ထူးအောင် တို့က ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒီယှဉ်ပြိုင်မှုအရ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေရဲ့ အင်အားဟာ စစ်ကော်မရှင် ရဲ့ ရွေးကောက်ပွဲမှာ အရေးပါတဲ့ အခြေအနေ ရှိတယ်လို့ မြင်ရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လူဦးရေးစာရင်း နဲ့ မဲစာရင်းတွေရဲ့ တိကျခိုင်လုံမှု က အရေးကြီးပါတယ်။
မြန်မာပြည်အနှံ့က စစ်ပွဲတွေ ကြောင့် ပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အချိန်မှာ သန်းခေါင်းစာရင်းနဲ့ ကိုက်ညီဖို့ ခဲယဉ်း ပါတယ်။
ရန်ကုန်တိုင်းထဲမှာ ရောက်ရှိနေတဲ့ ရခိုင်လူဦးရေ ဟာ သုံးသိန်းခွဲကနေ ငါးသိန်းအထိ ရှိနိုင်တယ်လို့ ရခိုင်အမျိုးသားကွန်ရက်က ခန့်မှန်းပါတယ်။ ဒါပေမယ့် မဲစာရင်းမှာ ဒီလူဦးရေရဲ့ ထက်ဝက်လောက်ပဲ ပါနိုင်တယ်လို့လည်း မှန်းဆ ထားကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲစာရင်းမှာ တစ်သိန်းတစ်သောင်းကျော် ပါဝင်ခဲ့ပါတယ်။
လေးဝတီ FM အနေနဲ့ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ သာကေတမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု နှစ်ဆယ်ကျော်ကို မေးမြန်းတဲ့ အခါမှာ
သံတွဲမြို့နယ်က ပြည်ခိုင်ဖြိုးပါတီရဲ့ စည်းရုံးရေးတာဝန်ရှိသူက ဧည့်စာရင်းတိုင်ကြားထားသူတိုင်းဟာ ကြံ့ဖွံ့ပါတီကို မဲထည့်ရမယ်လို့ စည်းရုံးနေကြောင်းပြောဆိုကြတာရှိပါတယ်။
“ပထမတော့ မဲစာရင်းမှာ မပါလည်းပြသနာမရှိဘူးဆိုပြီးနေတာ ၊ မဲလည်းမထည့်ချင်ဘူး ၊ အဲ့ဒါကြောင့် သွားလည်း မကြည့်ဖြစ်ဘူး။
အခု မဲစာရင်းမှာမပါပေမယ့် ဧည့်စာရင်းတိုင်ပြီးနေတဲ့ စစ်ရှောင်တွေ ၊ ကြံ့ခိုင်ရေးပါတီကို ကြိုတင်မဲထည့်ရမယ် လို့ လာပြောတယ် ၊ပုံစံတွေဖြည့်ခိုင်းတယ် ” လို့ ရန်ကုန်မြို့သာကေတ မြို့နယ်မှာ နေထိုင်တဲ့ ရခိုင်စစ်ရှောင်ပြည်သူ တစ်ဦးက လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပါတယ်။
ယာယီနေရပ်စွန့်ခွာသူများမဲပေးဖို့ ၊ ပုံစံ ၁၅ ကို အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ယူနိုင်တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ဧည့်စာရင်းနဲ့ နေထိုင်သူတချို့ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ ပုံစံ ၁၅ ကို နိုဝင်ဘာ ပထမ အပတ်မှာပဲ ထုတ်ယူရပြီး ၊ ကြံ့ခိုင်ရေးပါတီ ကို ကြိုတင်မဲပေးခဲ့ရတယ်လို့ လေးဝတီ FM ကို အတည်ပြုထားပါတယ်။
ဒီဖြစ်စဉ်တွေက ရခိုင်ရွှေ့ပြောင်း လူထုတစ်ရပ်ရဲ့ အင်အားကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေအတွက် အသုံးချမှုတွေ စတင်လာတာကို ပြနေတာဖြစ်ပါတယ်။
ကြံ့ခိုင်ရေးနဲ့ ယှဉ်ပြိုင်ရမယ့် အင်အားစုတွေကတော့ စစ်ကော်မရှင်လက်အောက်ခံ ၊ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားမျှတမှုကို မျှော်လင့်နေကြပါတယ်။
“ဒီရွေးကောက်ပွဲ ဘယ်လောက်တရားမျှတသလဲဆိုတာကတော့ UEC ပေါ်မှာပဲမူတည်ပါတယ်။ အခုဦးဆောင်နေတဲ့ စစ်အစိုးရဟာလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရဲ့ အားနည်းချက်ကြောင့် အာဏာထိမ်းထားတယ်လို့ ပြောထားတဲ့အတွက် ၊ သူဦးဆောင်တဲ့ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှ သူ့အတွက် နိုင်ငံတကာမှာလည်း ဂုဏ်သိက္ခာရှိမှာဖြစ်ပါတယ်”
လို့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာကို ဝင်ပြိုင်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင် က ပြောပါတယ်။
ရွေးကောက်ပွဲ မှာ ကြံ့ဖွံ့ပါတီ အနိုင်ရဖို့ အသုံးချမှုတွေ ၊ သတင်းတွေ ထွက်ပေါ်လာပေမယ့် ရွေးကောက်ပွဲကော်မရှင်ကတော့ တုတ်တုတ်မလှုပ်ပါဘူး။ စစ်ဆေးတာမျိုးလည်းမတွေ့ရပါဘူး။
စစ်ကော်မရှင်ကတေ့ာ “အတုအယောင် ရွေးကောက်ပွဲ ” ဆိုတဲ့ ဝေဖန်ချက်တွေကို ချေဖျက်ဖို့ နာမည်ကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ ပရိုမိုးရှင်းတွေ လုပ်နေပါတယ်။
ရန်ကုန်ရောက် ရခိုင်လူထုဟာ စစ်ကော်မရှင်ရဲ့ ဖိနှိပ်အမျိုးမျိုးကို ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့နေရဆဲပါ။ အထူးသဖြင့် ရခိုင်ပြည်နယ် မှတ်ပုံတင်အမှတ်ဖြစ်တဲ့ အမှတ် ၁၁/ ကို ကိုင်ဆောင်ထားသူတွေကို ခရီးသွားလာခွင့် ကန့်သတ်ပြစ်တာ ၊ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးတာမျိုး လုပ်တာပဲ ဖြစ်ပါတယ်။ အခုတေ့ ဖိနှိပ်မှုတစ်ခု ထပ်တိုးလာပါပြီ၊ အဲ့တာက ရွေးကောက်ပွဲမှာ အသုံးချဖို့ ကြိုးပမ်းလာတာပဲ ဖြစ်ပါတယ်။
အခုဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကတော့ ရန်ကုန်ရောက် ရခိုင်လူထုရဲ့ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးပမ်းကြမယ်လို့ ဆိုထားပါတယ်။
“အရင်ကတော့ ကျွန်တော့်ကို မဲပေးဖို့ မဲဆွယ်ရတယ်၊ ဒီရွေးကောက်ပွဲမှာတော့ မဲထွက်ပေးဖို့ပါ စည်းရုံးရတယ်၊ လုပ်ငန်းစဉ် နှစ်ခု လုပ်နေရတာပေါ့” လို့ ရေးရာဝန်ကြီးဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးကပြောပါတယ်။
ဒီရွေးကောက်ပွဲမှာ နောက်ထပ် မမျှတမှုတစ်ခုကတော့ ဒီမိုကရေစီအင်အားစုတွေကို ယှဉ်ပြိုင်ဖို့ ကန့်သတ်ခံထားရခြင်းဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်မှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနဲ့ အတူ နိုင်ငံရေးပါတီ ၈၄ ခု ကို ပြန်လည်မှတ်ပုံမတင်လို့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်းကြေညာခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ ပါတီတွေထဲမှာ ၁၉၉၀ ခုနှစ်ကတည်းက နိုင်ငံရေးပါတီအဖြစ်ရပ်တည်လာတဲ့ ဝါရင့် ပါတီကြီးတွေလည်းပါဝင်ပါတယ်။
“သူတို့နဲ့ တစ်စိတ်တစ်ဝမ်းထဲမှာရှိ ပြီးသူတို့ကိုလက်ခံတဲ့ လူတွေထဲကတောင် ၊ သူတို့နဲ့ ပြိုင်ဘက်ဖြစ်လာမယ့် အနေအထားမျိုးတွေ့လာတဲ့ ပါတီတွေ ၊ လူပုဂ္ဂိုလ်တွေကိုပါယ်ချနေတာကိုတွေ့ရတယ်။ ဒါပေမယ့် ဒီအထဲမှာမှ ရွေးကောက်ပွဲ ဝင်မယ် ဆိုတဲ့ လူပုဂ္ဂိုလ်တွေ အနေနဲ့ လူထုရဲ့ နစ်နာချက်တွေကို ဒီအခင်းအကျင်း မှာ ဝင်ပြီးမပြောရင် ပြောစရာနေရာမရှိဘူး ဆိုပြီး သူတို့တွေကတော့ မဲဆွယ်စည်းရုံးနေကြတာကိုတွေ့ပါတယ်။ဒီဟာကတော့ တော်တော်လေး လက်ခံလို့မရတဲ့ အတွေးအမြင်လို့ မြင်တယ် ” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ရဲ့ အတွင်းရေးမှူး ဦးမျိုးကျော်က သုံးသပ်ပါတယ်။
လက်ရှိမှာတော့ တစ်ခုတည်းသော အင်အားအကြီးဆုံးပါတီ အဖြစ်ကျန်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP အပါအဝင်
တစ်ပြည်လုံးအဆင့် အနေနဲ့ ဝင်ပြိုင်မယ့် ပါတီ ၉ ခုရှိပြီး ၊ တိုင်းရင်းသားဒေသတွေမှာ ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီ ရှိပါတယ်။
ဒါအပြင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေဟာ စစ်ကော်မရှင်လက်အောက်ခံ UEC ရဲ့ ကန့်သတ်မှု ထုတ်ပါယ်တာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
“ကျွန်တော်တို့ဘက်ကတော့ ရွေးကောက်ပွဲဥပဒေအတိုင်း အကုန်လိုက်နာလုပ်ကိုင်ပါတယ်၊ ဒီကြားထဲက မှ စွပ်စွဲပြစ်တင်လာရင်လည်း ရင်ဆိုင်ဖို့အတွက် အကြံပေးရှေ့နေ အဖွဲ့တွေ ဖွဲ့ထားပါတယ်” လို့ ဦးတင်ထူးအောင်က ပြောပါတယ်။
ရန်ကုန်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အရင်အစိုးရတွေလက်ထက်က ဦးဇော်အေးမောင်က အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်မှာရောက်နေတဲ့ ရခိုင်လူမျိုးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းမှု အပိုင်းမှာ အားနည်းခဲ့တယ်လို့ ရန်ကုန်ရောက် ရခိုင်တွေက ပြောကြပါတယ်။
” သကြန်ကျရင် ရခိုင် သင်္ကြန် မဏ္ဍပ်လုပ်တဲ့အခါမှ သူတို့ ပေါ်လာတယ်။ ကျန်တာတွေက ဘာမှ ဖြေရှင်းတာမရှိဘူး၊
အခု ၁၁ မျဉ်းစောင်းတွေ ကို ဖိနှိပ်ခံရတာ ၊စစ်ဆေးခံရတာတွေ သူတို့ဘာမှ ကူညီမပေးဘူး ” လို့ ရွေ့ပြောင်း ရခိုင်တစ်ဦးက ယခင်က ရှိခဲ့တဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ကို ရည်ညွှန်းပြီး သုံးသပ်ပါတယ်။
စစ်ကော်မရှင်ရွေးကောက်ပွဲအတွက် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဟာ အိမ်ဖြည့် ကိုယ်စားလှယ်နေရာတစ်ခုသာ ဖြစ်တယ်လို့ ရခိုင်နိုင်ငံရေးအသိုက်အဝန်းကတော့ရှုမြင်ကြပါတယ်။
လက်ရှိ ကိုယ်စားလှယ်လောင်းတွေဟာလည်း အာဏာသိမ်းအစိုးရ ရဲ့ ရွေးကောက်ပွဲ အထမြောက်ရေးမှာ အပြုသဘောနဲ့ ပါဝင်နေကြပေမယ့် ၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ၊ ပြစ်တင်စွပ်စွဲခံရမှုတွေ အတွက်ကိုပါ ပြင်ဆင်ထားကြရတဲ့ အခင်းအကျင်းကို တွေ့မြင်နေရပါတယ်။
ALD ရဲ့ အတွင်းရေးမှူး ဦးမျိုးကျော်ကတော့ အာဏာသိမ်းအစိုးရ ရဲ့ ရွေးကောက်ပွဲ အထမြောက်ရေးမှာ ပါဝင်တာဟာ ” စစ်အာဏာရှင် စနစ်တည်မြဲဖို့ စစ်တပ်အဒွန့်ရှည်ဖို့ အတွက်ပဲ ဖြစ်ပါတယ်” လို့ သုံးသပ်ပါတယ်။
…..
မှတ်ချက် ဆောင်းပါးရှင် “ရေကြည်အေး” သည် သတင်းမီဒီယာနယ်ပါယ်မှာ ဆယ်စုနှစ် တစ်ခုဖြတ်သန်းပြီး ၊ လက်ရှိ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာနေသော သတင်းသမားတစ်ဦးဖြစ်ပါတယ်။
ရေကြည်အေး ၊ လေးဝတီFM