Laywaddy FM

ဆွမ်းတော်ခိုးစားတဲ့ကျီးကန်း

ဆွမ်းတော်ခိုးစားတဲ့ကျီးကန်း

ကျီးကန်းတွေက လူကိုရန်လုပ်တတ်တယ်။ ကိုယ်တိုင်ကြုံဖူးလို့အဲ့လိုပြောလို့ရတာပါ။ သူတို့တွေဟာ အမှတ်ကြီးတယ်လို့လဲ
ပြောကြတယ်။ သူတို့မှတ်ထားတဲ့သူဆို အချိန်အတော်ကြာကြာအထိကို မှတ်ထားတတ်ကြတယ်လို့ ဆိုတယ်။

ကျနော်တို့နေတဲ့ တိုက်ခန်းမှာ ကျီးကန်းတွေ မကြာခဏ လာနားတယ်။ကျီးကန်း တကောင်မက လာနားတာပါ။
အရောင်တူငှက်အမျိုးအစားဖြစ်တော့ ဘယ်အကောင်က ဘာဆိုတာတော့
ခွဲခြားလို့တော့ မရဘူး။

မနေ့က အခန်း‌ရှေ့လာနားတဲ့ ကျီးကန်းတကောင်က ဒီနေ့လာနားတဲ့ ကျီးကန်းတကောင်နဲ့ တူချင်မှ တူမယ်။ ခွဲခြားဖို့တော့ ခက်ပါတယ်။လူသားတွေက သူတို့ကို ခွဲခြားဖို့ခက်မယ်။ သူတို့တွေက
လူသားတွေကိုအမှတ်အတေးထားဖို့အသိဉာဏ်ပါလာတာမျိုးလဲဖြစ်နိုင်တယ်။

အိမ်သားတွေ ရေအိမ်အသုံးပြုတဲ့နေရာမှာ မှန်တံခါးလေး
တချပ်ရှိပါတယ်။ ရေအိမ်အသုံးပြုချိန်မှာ မှန်တံခါးကို ဖွင့်ထားလို့ရတယ်။
မိုးရွာနေချိန်များဆိုရင်တော့ မှန်တံခါးကို ပိတ်ထားရတယ်။

မှန်တံခါး ဖွင့်ထားချိန်မျိုးမှာအမှတ်တမဲ့နဲ့ငှက်ကလေးတွေ တံခါးဘောင်ပေါ်ကို လာလာနားကြတယ်။ ရေအိမ် ထဲလူထိုင်နေချိန်နဲ့ကြုံရင်ချက်ချင်းဆိုသလိုပြန်လှည့်ပြေးသွားကြတယ်။

ငှက်ကလေးတွေက သူတို့လမ်းမှားလာတဲ့ အခါမျိုးပေါ့။ ဒါမျိုးအခြေအနေကို သူတို့လဲ
မကြာခဏ ကြုံတွေ့ရနိုင်တယ်။ လူသားတွေကို ရန်မူဖို့အတွက်လဲ
တွေးမိပုံမရပါဘူး။

ကျီးကန်းတကောင်ကတော့ ဒီလိုမဟုတ်ဘူး။ ကျီးကန်းဟာ တရက်မှာ
ကျနော်ထိုင်နေတဲ့ ရေအိမ်မှန်တံခါးပေါက်မှာ ‌လာနားတယ်။ တခြားငှက်တွေလို ချက်ချင်းကြီး
ပြန်လှည့်မသွားဘူး။ သူက အပေါ်စီးက ကျနော်က အောက်ကနေ
မျက်နှာချင်းဆိုင်မိရက်သားအနေအထားပါ။

ကျီးကန်းတွေဟာ လူမကြောက်တတ်ဘူးလို့ ပြောရမယ်။ လူတယောက်နဲ့ မျက်နှာချင်းဆိုင်
အနေအထား မျိုးမှာ မကြောက်မရွံ့ စိုက်ကြည့်နေတာပဲ။ နောက်ဆုံးတော့ သူ့ကို ခြောက်ထုတ်
လိုက်ရတယ်။ ခြောက်လိုက်တော့ သူ့ကို မတရားလုပ်လို့ ခံလိုက်ရတဲ့ပုံစံမျိုးနဲ့ တအာအာ
အသံဗြဲကြီးနဲ့ အော်ပြေးသွားတယ်။

သူအော်ပြေးချိန်မှာ တခြားကျီးကန်းတွေကလဲ
သူ့နောက်လိုက် အော်ကြတယ်။ တခဏချင်းမှာပဲ ကျီးကန်းတွေဟာ ကမ္ဘာပျက်တဲ့အလား
ဆူညံသွားတယ်။ မြို့ပြကျီးကန်းတွေဟာ ဒီလိုပါပဲလားပေါ့။

ဒီလိုနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ ကျီးကန်းဟာ အိမ်သူအိမ်သားတွေကို ရန်ငြိုး
ထားသွားတယ်။ ရေအိမ်အပြင်ဘက်က မီးဖိုဆောင်မှာ မှန်တံခါးအကြီး ရှိပါတယ်။တအိမ်လုံးက
ချက်ရေးပြုတ်ရေးလုပ်ရာမှာ ဒီမှန်တံခါးအကြီးကို ဖွင့်ပြီး
ဆောင်ရွက်ကြရတယ်။ရန်ငြိုးထားသွားတဲ့ ကျီးကန်း ဟာ မီးဖိုခန်းမှာ တယောက်ယောက်
အလုပ်လုပ်နေတာမြင်ရင် အရှိန်နဲ့ ထိုးထိုး ဆင်းချလာတာပါ။

ဒါဟာ လူတယောက်ကို တိုက်ခိုက်ဖို့ ကြိုးစားတာပါပဲ။အမြင့်တနေရာကနေ မှန်တံခါး အကြီးရဲ့
အဝအထိကို အရှိန်နဲ့ ထိုးစိုက်လာတာပါ။ လူအနားမရောက်ခင်မှာဘဲ အရှိန်နဲ့လာနေရင်းနဲ့
ချက်ချင်းဆိုသလိုလမ်းကြောင်းပြောင်းလိုက်တာ။

ထိုးစိုက်လာတဲ့အရှိန်က လူတယောက်ကို ထိခိုက်မိရင် ဒဏ်ရာရသွားနိုင် စေလောက်
ပါ‌တယ်။လူအနားရောက်ခါနီး လမ်းကြောင်းပြောင်းသွားတာ တော်သေးတယ်လို့ ပြောရ မယ်။

“ကျီးကန်းတကောင်ကဘာဖြစ်နေတာလဲ။လူကိုတိုက်ခိုက်ချင်တာလား” အိမ်သူအိမ်သားတွေ တယောက်တခွန်း ပြောလာတဲ့စကားကို
ကြားလာရတယ်။

ကျီးကန်းတကောင်က အခုလို လုပ်နေတဲ့ အပြုအမူကို အားလုံးက
ကြုံဖူးကြတဲ့အကြောင်း အချက်ပြသံလဲ ဖြစ်တယ်။ အိမ်သားတွေထဲက တယောက်မကျန်
ကျီးကန်းတကောင်ရဲ့ ရန်မူတာကို ခံကြရလို့ပဲ ဖြစ်ပါတယ်။

ကာလအတန်ကြာတဲ့အထိကို ကျီးကန်းတကောင်ရဲ့ ဒီလိုပြုမူတာကို
ခံလိုက်ရတယ်။ အခန်းနောက်က စားဖိုခန်းထဲမှာ တခုခုလုပ်တဲ့အခါ သတိထားကြဖို့ကိုပဲ
တယောက်နဲ့တယောက် သတိပေး ကြတယ်။ ကျီးကန်းဟာ
ဘယ်ပျောက်သွားလဲတော့မသိဘူး။ တနေရာရာမှာ သေသွားတာလဲ ဖြစ်နိုင်တယ်။

အချင်းချင်း တိုက်ခိုက်ကြရင်းနဲ့ ထိခိုက်ဒဏ်ရာရပြီး ဒုက္ခိတဖြစ်သွားတာမျိုးလဲ ဖြစ်နိုင်ပါ
တယ်။သူလာနေကျရန်မူနေကျနေရာကိုလာတာမတွေ့ရတော့ပါဘူး။

ဒီလိုနဲ့ အတော်ကြာတော့
အခန်းရှေ့ကညောင်ပင်မှာ ကျီးကန်းတကောင် အသိုက်လုပ်ပြီး သားပေါက်တယ် ။ဘယ်အချိန်
ဘယ် အခါက အသိုက်လုပ်သွားလဲ ဆိုတာတော့ သတိမပြုမိလိုက်ဘူး။ ဥချ ချိန်နဲ့
အကောင်ပေါက်ချိန်ကို တော့ သတိထားမိလိုက်တယ်။ ဥချ ၊အကောင်ပေါက်နေတဲ့
ကျီးတကောင်ကို အနှောက်အယှက် မပေးကြဖို့ အိမ်သားတွေကို
အသိပေးထားလိုက်တယ်။

အခန်းအနောက်ဖက်မှာ ကျီးကန်းတကောင်ရဲ့ ရန်ရှာခံ ရတဲ့
အတွေ့အကြုံကလဲ ရှိထားကြတာဆိုတော့ သားပေါက်နေတဲ့ ကျီးကန်းကို မကြည့်မိဖို့ အတွက်
သတိထားကြတယ်။

ဘုရားဖူးလာတဲ့ အမေက အခန်းကိုရောက်ရောက်ချင်း သားပေါက်နေတဲ့ ကျီးကန်းတကောင်ကို
တွေ့ တယ်။ နေ့လယ်ခင်းတခုမှာ သားပေါက်နေတဲ့ကျီးကန်းကို နောက်ကျီးကန်းနှစ်ကောင်က
တိုက်ခိုက် ကြတယ်။ အကောင်ပေါက်နေတဲ့ ကျီးကန်းလေးတွေကို စားချင်လို့
အခုလိုတိုက်ခိုက်နေ တာလား။

ဘာအကြောင်းတရားကြောင့် ထိုးဆိတ် တိုက်ခိုက်နေသလဲတော့
မပြောတတ်ဘူး။ အသက်သတ် လွတ်စား နေတဲ့အမေက အခန်းရှေ့က တိုက်ခိုက်နေတဲ့
ကျီးကန်းတွေကို ခြောက်ထုတ် လှန့်ထုတ်ပါ တယ်။

အမေ့ကို မြန်မြန်လေး အခန်းထဲကို ဆွဲခေါ်လိုက်ရတယ်။ ရန်လိုနေတဲ့ ကျီးကန်းတွေ
သူ့ဘက်လှည့်လာပြီး တိုက်ခိုက်လာနိုင်တယ်။ ကျီးကန်းတွေက လူတွေကို ရန်လိုလာရင်
အမှတ်ကြီးတဲ့အကြောင်း အမေဖြစ်သူကို ရှင်းပြလိုက်ရတယ်။အမေက ဆီမန်းမန်းသလို
“အကောင်ပေါက်နေတဲ့ ကျီးကန်း သနားပါ တယ် အကောင်ပေါက်နေတဲ့
ကျီးကန်းသနားပါတယ်” ဆိုပြီးသာ ရေရွတ်နေပါတော့တယ်။

ကျီးကန်းတွေဟာ လူတို့ရဲ့ သနားကြင်နာခြင်းကို ခံယူလိုကြသလား။
လူသားတွေရဲ့ သနားကြင်နာမှုကို ရော လက်ခံနိုင်တဲ့ ဉာဏ်ရည်မျိုး ရှိထားကြသလားတော့
မသိနိုင်ပါဘူး။ လူသားတွေ သနားတဲ့ အပြုအမူ ကို ရန်လိုတဲ့အပြုအမူလို့ မှတ်ယူသွားရင်
လူသားတွေအနေနဲ့ သတိထားသွားလာကြဖို့ လိုလာပါ လိမ့်မယ်။

မကြာသေးခင်က အွန်လိုင်းစာမျက်နှာပေါ်မှာ လူတယောက်နဲ့ ကျီးကန်းတကောင်တို့ရဲ့
မေတ္တာတရားကို ဖော်ပြ တဲ့ ရုပ်သံတခုကို တွေ့လိုက်ရတယ်။ကျီးကန်းတကောင်ဟာ
လူတယောက်ရဲ့ နာမည်ကို ပီပီပြင် ပြင် ခေါ်နေတာကို
ရိုက်ကူးထားတာပါ။ မြန်မာစကားပြောတတ်တဲ့ ကျီးကန်းပါ။ ကျီးကန်းတွေ စကား ပြော
တတ်တယ်။လူသားတွေအပေါ်မှာ သံယောဇဉ်ရှိတတ်ကြတယ်ဆိုတာ မိနစ်အနည်းငယ်စာ
ရုပ်သံမှာလှစ်ဟပြလို့နေပါတယ်။

မလေးရှားနိုင်ငံဖွား ဝတ္ထုတိုသမားတယောက်ဖြစ်တဲ့ ဇဒက်စီယူ(Zedeck Siew)က သူ့ရဲ့
ဗျောက်အိုး ဖောက်တဲ့ ကျီးကန်း ဝတ္ထုတိုမှာတော့ “ဗျောက်အိုးဖောက်တဲ့ ကျီးကန်းတွေဟာ
လူအသွားအလာများတဲ့ လမ်းတွေပေါ် က သစ်ပင်ကြီးတွေပေါ်မှာ အိပ်တန်းတက်ရတာကို

ကြိုက်ကြ တယ်။ အဲဒီသစ်
ပင်ကြီးတွေရဲ့သစ်ကိုင်းတွေဟာလမ်းမီးတိုင်တွေကိုဝိုင်းပတ်ယှက်နွယ်ထားပါတယ်။
ဗျောက်အိုးဖောက်တဲ့ ကျီးကန်းတွေဟာ အနွေးဓာတ်ကို ကြိုက်နှစ်သက်ကြပြီး အုံနဲ့ကျင်းနဲ့
နေရတာကို လဲ ကြိုက်ကြတယ်။ အိပ်တန်းတက်တဲ့အခါ အကောင်ရေ ရာနဲ့ချီပြီး တက်လေ့ရှိကြ
တယ်။ဗျောက် အိုးဖောက်တဲ့ ကျီးကန်းတွေဟာ စိတ်အနှောက်အယှက်လဲ တအားပေးတတ်တဲ့
ကောင်တွေပဲ။

သူတို့ဟာ ကျီးကန်းမျိုးစိတ်တွေ အားလုံးထဲမှာ နောက်ဆုံးမှ ပေါ်ပေါက်လာတဲ့ မျိုးစိတ်ဖြစ်ပြီး
လူသား တွေအပေါ်မှာလဲ မှီခိုမှု အများဆုံး ဖြစ်တယ်။ ပြီးတော့ အစုံစားသတ္တဝါတွေလဲ ဖြစ်တယ်။

ဓာတ်ကြိုးတွေရဲ့ ရာဘာခွံတွေကို သူတို့ရဲ့နှုတ်သီးတွေနဲ့ ထိုးဆိတ်တတ်ကြပြီး အလှဆင်မီးပုံး
သေးသေး လေးတွေကို နှုတ်သီးနဲ့ ပေါက်တတ်ကြတယ်။ စားသောက်ဆိုင်တွေရဲ့
အနောက်ဖက်က ပျစ်စေးညစ် ပတ်နေတဲ့ မြောင်းရေကိုလဲ
သောက်တတ်ကြပါသေးတယ်။ သူတို့စားသမျှကို အလွယ်တကူ
အစာခြေနိုင်တာဟာလဲဗျောက်အိုးဖောက်တဲ့ကျီးကန်းတွေပါပဲ။

အဲ့သလိုတွေ့ကရာစားတတ်ပြီး သူတို့ရဲ့ အစာအိမ်တွေက ခပ်မြန်မြန် အစာခြေရတာမို့
သူတို့ရဲ့ချေးဟာ ဓာတုဆေး ပေါင်းရည်လိုမျိုး ဖြစ်နေပါတယ်။ သူတို့ရဲ့ချေးဟာ
ပေါက်ကွဲစေနိုင်စွမ်း ရှိပါတယ်။ ဗျောက်အိုးဖောက်တဲ့ ကျီးကန်းတကောင်က သစ်ကိုင်းတခုကနေ
ချေးပါချလိုက်တဲ့အခါ သူတို့‌ချေးဟာ
မြေကြီးနဲ့ထိပြီးဖောင်းခနဲပေါက်ကွဲသွားပါလိမ့်မယ်” လို့ဆိုပါတယ်။

ကျနော်တို့ရဲ့ မြို့ပြမှာတော့ တဖောင်းဖောင်းနဲ့ ချေးပါချတဲ့ ကျီးကန်းတွေ
ရှိပါတယ်။ အသားစိမ်း၊ငါးစိမ်း စားကြတယ်လို့ပဲ သိထားကြပါတယ်။ ဆွမ်းတော်ခိုးစားတဲ့
ကျီးကန်းကိုတော့ မြင်ဖူးကြမယ် မထင် ပါဘူး။

လူငယ်တွေအများစု စကားဝိုင်းဖွဲ့နေကြတဲ့ လက်ဘက်ရည်ဆိုင်မှာ ကျီးကန်းတကောင်က
ဆွမ်းတော် တွေ ခိုးစားနေတာပါ။ ဘယ်သူကမှလဲ သူ့ကို သတိမထားမိပါဘူး။ အသားစိမ်း
ငါးစိမ်းစားတဲ့ ကျီးကန်းတွေဟာ ဆွမ်းတော်တင်ထားတဲ့ ထမင်းကို စားနေတာပါ။ ပုံမှန်ဖြစ်နေကြ
မြင်ကွင်းမျိုးတော့ မဟုတ်ပါဘူး။ အသားစိမ်း ငါးစိမ်း ရှာစားရမှာ ပျင်းလို့လဲ
ဖြစ်နိုင်တယ်။ ဆွမ်းတော်တောင် စားရဲတယ်ဆို တာကို ပြချင်တာမျိုးလဲ
ဖြစ်နိုင်ပါတယ်။

ဆွမ်းတော်ခိုးစားတဲ့ ကျီးကန်းဟာ ဆွမ်းထမင်းတွေ ကုန်သွားလို့နေမယ်
လူအုပ်ကြီးထိုင်နေတဲ့ လက်ဘက်ရည်ဆိုင်ထဲကနေ ထွက်သွားပါတယ်။


လေးဝတီFM (ခံစားမှု အက်ဆေး)

တာပလု

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *