Laywaddy FM

“ရိုးမရိပ်အောက်က အမ်းမြို့ငိုသံ”

“ရိုးမရိပ်အောက်က အမ်းမြို့ငိုသံ”

ရောဂန္တရကပ်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခရကပ် ဟုဆိုတဲ့ ရောဂါဘယဘေး၊ စစ်မက်ဘေး၊ ငတ်မွတ်ခေါင်းပါး ဘေးဆိုတာမျိုးဟာ လူတိုင်း ကြုံဆုံရမှာ ကြောက်ရွံ့ကြပါတယ်။ အဲ့ဒီကပ်ကြီး သုံးပါးဟာ အခုအခါတော့ အမ်းမြို့ကို ခရီးတစ်ထောက်ရောက်လာပုံပေါ်ပါတယ်။

စက်တင်ဘာလမှာ စတင်ခဲ့တဲ့ မဲတောင်တိုက်ပွဲဲကြောင့် သေနတ်သံ၊ ဗုံးသံ ၊အမြောက်သံ၊ လေယာဉ်သံ တညံညံကြား က စိုးတထိတ်ထိတ်နဲ့ ရက်ပေါင်းများစွာနေခဲ့ရတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ အမျှ စစ်ကောင်စီ၏ “ကြွက်မနိုင် ကျီမီးရှို့”ဆိုတဲ့စကားပုံနဲ့ အညီ ကျေးရွာများကိုဗုံးကြဲပြန်တော့
အမ်းမြို့ပေါ်ကို ရွာနီးချုပ်စပ်တွေက ထောင်နဲ့ ချီသော ကျေးရွာသားများ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့အသက်လုပြီးထွက်ပြေးလာခဲ့ရပါတယ်။

သတင်းတွေမှာ ဖော်ပြတဲ့ အခါ အမ်းမြို့ လို့ ဆိုလိုက်ပေမယ့် အမှန်တကယ် စစ်ဘေး စစ်ဒဏ်သင့်နေသူတွေက အမ်းမြို့ နယ် တစ်ဝိုက်က ထောင်နဲ့ သောင်းနဲ့ ချီခဲ့တဲ့ ဘဝ တွေ ပါ။

ရွာနီးချုပ်စပ် လက်ငုပ်လက်ရင်း အလုပ်တွေ ၊ ကျွဲနွား တွေ ထားခဲ့ပြီး
မြို့ပေါ်ရပ်ကွက်က ဘုန်းကြီးကျောင်းတွေ နီးစပ်ရာအကူညီတွေ နဲ့ အသက်တစ်ချောင်း ရှင်သန်ဖို့ အတွက် မဝရေစာ ကို ဒုက္ခခံပြီးနေရရှာတယ်။

“ကံဆိုးမသားသွား ရာ မိုးလိုက်လို့ရွာ” ဆိုသလို အောက်တိုဘာလ မှာ အမ်းမြို့ပေါ်မှာ မကြားချင်တဲ့အသံကို ရင်းရင်းနှီးနှီးကြားလာရပြန်တယ်။

မမြင်ချင်တဲ့ပေါက်ကွဲ မီးလောင်မှုတွေ မြို့ပေါ်ရပ်ကွက်တွေမှာ မြင်လာရတယ်။ သွေးလန့်နေတဲ့ ကလေးတွေ လည်းလေယဉ်သံကြားရင် တဆတ်ဆတ်တုန်နေရှာတယ်။
ပြေးစရာ နေရာမရှိဘဲ “ခြင်းတောင်းထဲမှာ ပြေးနေရတဲ့ကြွက်ငယ်ပမာ” ဖြစ်နေရရှာတယ်။

အကျယ်ချုပ် နဲ့ တူတဲ့ ရပ်ကွက်မှာ လည်း အစိမ်းရောင်ဝတ်စုံ၊ ပြောက်ပြောက်ကွက်ကွက်ဝတ်စုံတွေနဲ့ သေနတ်တွေကိုင်ပြီး လမ်းကို ထွက်ရင် ပစ်သတ်မယ်လို့ အော်ဟစ်ပြီး လမ်းကို စုံနေတဲ့ စစ်ကောင်စီ စစ်သွေးကြွများ။

ပိတ်ပင်ထား တဲ့ စည်း ဘယ်သူကျော်ရဲနိုင်မလည်း ပြည်သူတွေဘဲဆင်းရဲထမင်းဆင်းရဲဟင်းကို နပ်မှန်အောင်မနည်းရှာစားနေရတဲ့ဘဝသမားတွေပါ။

လက်လုပ်လက်စားဘဝနဲ့ တစ်နေ့တာခရီးကိုဖြတ်သန်း နေတဲ့ မိသားစု၊ စစ်ဘေးရှောင်ကတည်းက ဘာမှပါမလာတဲ့
ဗလာနတ္ထိဘဝ အခုလမ်းကိုတောင်ထွက်ခွင့်မရတော့ဘယ်မှာလည်းစားစရာ နောက်ဖေးမှာ ထမင်းအိုးက အခွံသက်သက်။

နေ့ရောညပါ ကောင်းကောင်း မအိပ်စက်ရ ၊ ဝမ်းဆာနေရင်တောင်မငိုရဲတဲ့ ကလေးတွေလည်း အဆာလွန်လို့ အိပ် နေရှာပြီ ။

ထမင်းစားပြီး အသက်ရှင်လာရတဲ့လူသား တွေ မို့ ဘယ်နှစ်ရက်ဆက်ပြီးခံနိုင်မလဲ အဖြေမရှိနိုင်။
ရက်ကြာလာသည်နဲ့အမျှ အမ်းမြို့ပတ်ပတ်လည် ပစ်ခတ်နေတဲ့ကျည်ဆံ တွေဟာ မိုးသီးမိုးပေါက်တွေလို ကိုယ့်ဆီလည်း လမ်းမှားလာနိုင်ရဲ့ ။

မြင်မြင်သမျှ ကျဉ်သင့်ထားတဲ့နေရာတွေ ၊ အကာအကွယ်တစ်ခုခု အောက်မှာ မနေရင် အချိန်မရွေး ကိုယ့်ခန္ဓာလည်း ကျည်ဖောက်ဝင်သွား နိုင်တဲ့ အခြေအနေ ။
လှောင်အိမ်ထဲကပိတ်မိနေတဲ့ ငှက်နဲ့တူတဲ့ အမ်းမြို့ပေါ်ရောက် စစ်ရှောင် ဒေသခံဘဝတွေပါ။

စိုးထိတ်နေရတဲ့ ပြည်သူတွေရဲ့အတွေးမှာ အသံဆိုရင်ဘယ်အသံမှမကြားရဲတော့ဘူး ။ ကြွက်တစ်ကောင်ထပြေးသွားရင်တောင် နေစရာမရှိအောင်ကြောက်နေရပါပြီ။

အတူတူ ဗုံးခိုကျင်းထဲ ဝင်ရင်း လက်နက်ထိပြီး သေသွားရှာသူများ ။ သေနေတဲ့အလောင်းကောင်ထက် သွေးဆာနေတဲ့အမြောက်ဆံ၊ ဗုံးဆံတွေက ကိုယ်လည်း အဲ့ဒီလို အသက်မဲ့ သွားနိုင်တယ်လို့ အော် နေသလို ထင်ရတယ်။
နှစ်ရက် လောက်ဟာ သေလွန်ပြီးသော ခန္ဓာကိုယ် တစ်ခုနဲ့ ဗုံးကျင်းထဲမှာ ။

မိသားစု ဝင်တစ်ဦးဟာ ချက်ချင်းဆိုသလို မြင်ကွင်းထဲက လက်တွေ့ကျကျ ထွက်ခွာသွားပုံ ကို ကြည့်ပြီးကြောက် နေ ရတဲ့ စိတ်ဒဏ်ရာကို ဘယ်လိုရပ်တန့်နိုင်ပါ့မလဲ။

ကလေးကိုဂရုမစိုက်နိုင်လိုက်တဲ့အမေ၊ မိသားစုကို ထမကြည့်နိုင်တော့တဲ့ အဖေနဲ့ လူလားမမြောက်တဲ့လူငယ်လေး ရဲ့အလောင်းတွေဟာ
သူတို့ ချစ်တဲ့ ဇာတိမြေမှာ တုံးလုံး လဲလို့ကျန်နေခဲ့ပါတယ်။

ဗုံးကျင်းထဲမှာ အသက်သေမခံနိုင်တဲ့ လူသားမို့ မိသားစုတွေရဲ့ အလောင်းကို စွန့်ပစ်ပြီး လူခြေတိတ်ချိန် တောထဲ ပြေးဝင်ခဲ့ရလေပြီ။
ကုန်လွန်သွားတဲ့ အတိတ်ကို လည်ပြန်ကြည့်သလို အမ်းမြို့ကို တောင်ပေါ်
တစ်နေရာက ပြန်ကြည့်တဲ့အခါ မီးခိုတအူအူ က ကောင်းကင်ကို ပျံတက်လို့နေလေရဲ့ ။

အဲ့ဒီ မိုးသားထက်မှာ အဖေ ရဲ့ အရိုးပြာတွေ လွှင့်နေတာလား ၊ အမေ့ရဲ့ အရိုးပြာတွေ လွှင့်နေတာလား ၊ မိသားစု အိမ်ဝိုင်းက လေး ကို
လောင်ကျွမ်းနေတဲ့ မီးခိုးတွေ လား ။

၂၀၂၄ အမ်းမြို့သိမ်းတိုက်ပွဲ အတွင်း က စစ်ရှောင် တစ်ဦးရဲ့ အဖြစ်အပျက်ဖြစ်သည်။

မင်းသျှင်စော
လေးဝတီ FM (ခံစားမှု ဆောင်းပါး)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *