ချစ်ခင်ရတဲ့သူ၊ ချစ်ခင်ရတဲ့ပတ်ဝန်းကျင်၊ ချစ်ရတဲ့ အရာဝတ္ထုတွေနဲ့ ကွဲကွာနေရတာကြောင့် ဖြစ်ပေါ်တတ်တဲ့ ဝေဒနာ တစ်မျိုး ကို “အလွမ်း”လို့ ခေါ်တယ်လို့ဆိုတယ်။
အကျယ်တဝင့် ဆိုရရင်တော့ ချစ်သူ၊ ဇနီးမယား၊ လင်၊သား၊သမီး၊ မိဘ၊ ဆွေမျိုးတွေ၊ နေအိမ်၊ အဆောက်အဦး၊ ရပ်ရွာ၊ ဒေသနဲ့ ဓလေ့စရိုက်တွေ အားလုံးနီးပါး ပါဝင်လိမ့်မယ်။
စကားတစ်လုံးတည်းနဲ့သာ ဆိုရရင်တော့ “အိမ်အလွမ်း” ဒါမှမဟုတ် “အိမ်လွမ်းနာ”လို့ ဆိုရမှာဖြစ်ပါတယ်။
အားငယ်စိတ်ပျက်ဖွယ်ကောင်းပြီး အထီးကျန်တဲ့ ဝေဒနာကိုပြပါဆိုရင်တော့ အိမ်လွမ်းတဲ့ ဝေဒနာကိုပဲ လက်ညှိုး ထိုးပြရမှာဖြစ်ပါတယ်။
ဒီလို အိမ်လွမ်းတဲ့ဝေဒနာတွေဟာ လူတိုင်းဆီမှာ ပုံစဉ်မျိုးစုံနဲ့ ရှိနိုင်ပေမယ့် ရခိုင်လူမျိုးတွေ အဖို့တော့ သင်္ကြန်ကာလ၊ နှစ်ကူးမယ့်ကာလမျိုးမှာ ဖြစ်တတ်တဲ့ အိမ်လွမ်းနာကတော့ နက်နက်နဲနဲ တူညီကြတယ်လို့ ပဲဆို ရမှာဖြစ်ပါတယ်။
နွေဦးရွက်ခြွေတဲ့ မြောက်လေတိုက်တဲ့အချိန်၊ သရက်၊ မရမ်းတွေ ရင့်မှဲ့ကြီးပြင်းတဲ့အချိန်၊ အပင်လုံးကျွတ် အရွက် ကြွေပြီး အသစ် ပုထစ်စအချိန်တွေဆိုရင် အိမ်နဲ့ဝေးကွာသူတွေရဲ့ ရင်ထဲအလိုလို အနာကျလာတတ်ကြပါတယ်။
ဒီကြားထဲ ဥဩအသံကသာ နားထဲစိမ့်ဝင်လာလို့ရှိရင် “နေမြင့်လို့ အရူးရင့်” ဆိုသလို အိမ်လွမ်းစိတ်၊ အိမ်လွမ်း နာဟာလည်း ပိုပြီးပြင်း ထန်လာခဲ့ရပါတယ်။
ဒီလိုအချိန် စိတ်နု၊ ကိုယ်နွမ်းတဲ့ ကာလအပိုင်းအခြားမျိုးမှာ ကျွန်တော်တို့လို အဝေးရောက်သူတွေရဲ့ ရင်ထဲကို ဖျက် အားပြင်းစွာ ဝင်မွှေလာတဲ့ အရာတွေက ဂီတသံတွေပဲဖြစ်ပါတယ်။
အောက်မေ့ခြင်း၊ လွမ်းဆွေးခြင်း၊ သတိရခြင်း တွေကို တနုနုဆွေးပြီး နာကျင်ရတဲ့အထဲ မျက်ရည်ပါကျရတဲ့အထိ နှလုံးသားကို လှုံဆော်ပေးနိုင်ကြတာဟာ လည်း ဂီတပဲဖြစ်တယ်။
နွေသရုပ်နဲ့ ဇာတိမြေမှာ ကျန်ရစ်ခဲ့တဲ့ ဝေဒနာတွေကို ပြန်လည် တူးဆွပေးတဲ့ သီချင်း တွေထဲမှာ ကိုဒိုးမောင်ရဲ့ “ငယ်ပေါင်း”ဆိုတဲ့ သီချင်းဟာ ထိပ်ဆုံးက ပါလိမ်မယ့်လို့ထင်မိပါတယ်။
ငယ်ပေါင်းဆိုတာကတော့ ချစ်သူလည်း ဖြစ်နိုင် သလို၊ သူငယ်ချင်းအပေါင်းအဖော်တွေလည်းဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုလို အချိန်မျိုးမှာ ငယ်ပေါင်း သီချင်းကိုသာ နားထောင်မိရင်တော့ အိမ်လွမ်းတဲ့ စိတ်ဟာ ဖြေမဆည်နိုင်စရာပါ။
“တနွီကူးလို့ အခါသင်္ကြန်ပျော်စရာပါလေ……။ အဖော်မစုံသူရို့က တမှိုင်မှိုင်ဗျာလ်လေ။ ငယ်ပေါင်းချေ မင်းဇာမာ လေးဝေ…။ ရွာအခြေအနေ တမူပြောင်းလို့ ထွန်းလင်းတောက်ပနီဗျာလ်ဝေ..။ သနာရေး၊ ဘာသာရေး၊ လူမှု ရေးနဲ့ လေ။”အလှူအဒါန်းပေါများရေ ငါရို့ရွာမှာလေ..။ တလင်းတတန်းနဲ့ လယ်ယာအောင်မြေ တစ်ခါတစ်ခေါက်ချေ အရောက်လာစီချင်ရေ။”
တေးသံရှင် ဦးမောင်သိန်းရဲ့ ဆွေးမြေ့နာပျော်ဖွယ်အသံဟာ ရင်ဘတ်ထဲကနေတဆင့် ဦးနှောက်ရဲ့ သိမှုတွေ အထိယူ ဆောင်လာပြီးတော့ အတိတ်က ကျန်ရစ်ခဲ့တဲ့ ငယ်ဘဝ၊ ငယ်ဖော်၊ ငယ်ရွာ၊ ငယ်ဓလေ့တွေကို တရေးရေး အတွက်ပေါ်စေမိပါတယ်။
ဗုဒ္ဓဘာသာကို ယုံကြည်ကြတဲ့ ရခိုင်လူမျိုးအများစုမှာ မိမိတို့ရဲ့ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစဉ်တွေအရ တစ်ခြား သော အခါကြီးနေ့ကြီးအထိမ်းအမှတ်တွေ၊ ရိုးရာပွဲလမ်းသဘင်တွေ၊ ဓလေ့ထုံစဉ်တွေရှိပေမယ့် သင်္ကြန်ကာလလို လွမ်းစိတ်မဖြစ်ပါဘူး။
သီတင်းကျွတ်ကို အောင့်ခံထားနိုင်တယ်။ တန်ဆောင်မုန်းကို နှစ်သိမ့်ထားနိုင်တယ်။
ဒါပေမယ့် သင်္ကြန်အခါ သမယကိုမှာတော့ သီးခံအောင်ထားရင်တောင် သတိရလွမ်းဆွတ်တဲ့စိတ်တွေက ပေါ်လာ မြဲဖြစ်ပါတယ်။
ရမ္မာဝတီ စံဝင်းရဲ့ “အိမ်ပြန်ချိန်” ဆိုတဲ့သီချင်းထဲက နောက်ဆုံးစာသားလေးမှာ ” အိမ်ပြန်ချိန် စိတ်ကူးနဲ့လေ အူမြူးလို့ ကောင်းကောင်းပျော်ရေ” လို့ဆိုတယ်။ ကျွန်တော်တို့ရဲ့ အိမ်ပြန်မယ်ဆိုတဲ့ ရည်မှန်း ချက်ဟာ မဖြစ်နိုင် သေးမှန်းသိကြပေမယ့် စိတ်ကူးကလေးနဲ့ အိမ်ပြန်ရတာဟာလည်း ဒီအချိန်မှာ နာကျင်ရတဲ့ ဝေဒနာ တမျိုးဖြစ်ရပြန်တယ်။
“ကိုယ့်ရပ်ကိုယ်ပြည်ရွာ ပြန်ချိန်ခါ နီးလာလို့ စိတ်မှာ ကြည်နူးမြူးပျော်ရရေ…။ ဥတုရာသီ အလီလီရွီ့ပြောင်း…။ ကိုယ့်ရပ်မြေ ဌာနီဟောင်းကို တစ်ရက်မှ မိမရပါဝေ..။ ရီပြာပြာ ငွေသောင်ကမ်းနဲ့ အုန်းပင်တန်းရို့ စိုပြေ …။ ရိုးမ တောင်ညိုရိပ်ကိုလေ..တမ်းတလို့လေ..။ လွမ်းရ အခါခါလေ..”
ခဏဆိုတဲ့ အသိစိတ်နဲ့ ထားရစ်ခဲ့ကြတဲ့ သောင်ကမ်းခြေတွေ၊ အုန်းပင်တန်းနဲ့ တောရိပ်၊ တောင်ခြေတွေ၊ ချစ်ရတဲ့ ဇာတိမြေအပေါ် ပြန်လိုတဲ့စိတ်တွေဟာ တေးသံရှင် ရမ္မာဝတီစံဝင်းရဲ့ အိမ်ပြန်ချိန်သီချင်းနဲ့အတူ ဝမ်းနည်း မျက် ရည်တွေ ကြွေကျလာခဲ့ရပြန်တယ်။
ရပ်ဓလေ့၊ ရွာဓလေ့တွေနဲ့ စုပေါင်းကျင်းပကြတဲ့ သင်္ကြန်ပွဲတော်ဟာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးကာလဖြစ်သလို နှစ် တစ်နှစ်ရဲ့ ပထမဆုံးနေ့ရက်တွေဖြစ်ပါတယ်။
ကျောင်းရိပ်၊ ကံရိပ်က ဒေသသာသံတွေ။ ဓမ္မရဲ့ ငြိမ်းချမ်းခြင်း အနှစ် သာရတွေ။ လူငယ်တွေအတွက် လွတ်လပ်တဲ့ အချိန်အပိုင်းအခြားတွေဟာ အိမ်မပြန်နိုင်ကြသေးသူတွေအတွက် အလွမ်းတွေပဲဖြစ်လာခဲ့တယ်။ နံ့သာသွေးပွဲနဲ့ ရေလောင်းမဏ္ဍပ်ထဲက စနောက်ကြတဲ့အသံ။
အပေါင်းအဖော် သူငယ်ချင်းစုဝေးပြီး နှစ်သစ်ကို ကြိုဆိုကြမယ့် အစီအစဉ်တွေဟာ တရေးရေးနဲ့ စိတ်ထဲက အတွက်ပေါ် ဝင် ရောက်လာခဲ့ပါတယ်။ စိတ်ကူးနဲ့ ပုံဖော် ပြုံးပျော် ပြီးသွားရင်တော့ ငါဒီနှစ် သင်္ကြန်လည်း မပြန်နိုင်သေးပါလား ဆိုတဲ့ စိတ်က တဖန်ဝင်ရောက်လာခဲ့ရင် ပိုလွမ်း၊ ပိုနာကျင်ရပါတယ်။
“ဇာတိ ချက်ကြွီရပ်မြေ ခွဲခွာပါလို့ ဝီးနီရရေ ..။ တပြည်ရွာ တော်ရာလား..နှစ်များက တာရှည်…။ ပြန်လာချင်ပါလေ့ အကြောင်းက အဆင်ပြေ..။ တန်းခူးဂီမာန်လမှာ သင်္ကြန်ကျကေ..။ ကိုယ့်ရပ်ရွာမှန်း လွမ်းပိုလှရေ..။ ရိုးတောင်ကာ လို့ လားလာခက်တေ….။ မြစ်ပြင်ကျယ်ခြား ကူးလာခက်တေ..။ “
ကိုသန်းမောင်ရဲ့ ရိုးတောင်ကို ကျော်မေဆိုတဲ့ သီချင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကာလက ဒီသီချင်းဟာ အခုအချိန်ထိ ရင်ထဲကိုနှစ်သိမ့် နေရာ ယူနေဆဲဖြစ်တယ်။
ရိုးမကြီးခြားထားတဲ့အရပ်၊ ပင်လယ်မြစ်ချောင်းတွေ ဆီးထားတဲ့အရပ်က ဇာတိကို ပြန်ဖို့ဆိုတာ အခုလိုကာလမှ မလွယ်ကူတော့ပါဘူး။
အရင်ကတော့ သင်္ကြန်ကာလအမီ ဇာတိရပ်ရွာတွေကို အားခဲပြန်လာခဲ့ကြပေမယ့် အခု တော့ ဒီအခွင့်အရေးမျိုးမရှိတော့ပါ။
လမ်းခရီးအန္တရာယ်တွေထဲမှာ လူပွဲစားနဲ့ စစ်သားပွဲစားတွေရန်ကို ကြောက်ရ မလား။ စစ်ဆေးရေးဂိတ်တွေကို ကြောက်ရမလား။ (၁၁) မျဉ်းစောင်း(နိုင်)တွေဟာ ကြောက်စရာကောင်းတဲ့ ဘီလူး သဘက်တွေလို့ ထင်ကြလေ သလား မသိတော့ပါ။
ကြောက်ရင်လဲ ကြောက်စရာပါ။ ရှုံးတဲ့သူတွေဟာ အနိုင် ရတဲ့သူတွေကို ကြောက်ကြ တတ်ကြတာဟာ သဘာဝပါ။ အကြောင်းအမျိုးမျိုးဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ အိမ်မပြန်နိုင်သေးတာက သေချာပါတယ်။
အရဲစွန့် သွားလာကြတဲ့ ရိုးမတောင် ကျော်လမ်းတွေဟာ နွေးထွေးမှုမရှိတော့ဘဲ မတ်စောက်ပြီး ကြောက်စရာ အသွင်ဆောင်လို့နေတယ်။
ဗုံးတွေဟာ အချိန်အခါမရွေးကျရောက်လာနိုင်တယ်။ ဟိုတစ်နေ့က မင်းတုန်းဗုံးကြဲမှု လူ ၃၀ နီးပါးသေဆုံးခဲ့ကြရတယ်။ အများစုဟာ ၁၁ မျဉ်းစောင်းကိုင်ဆောင်တဲ့ ရခိုင်တွေဖြစ်ကြတယ်။ ဒီအထဲ ကုန်သည်တွေချည်းပဲ မဟုတ် ၊ အဝေးက နေ အိမ်ကို ပြန်လာကြသူတွေလည်း ပါကြတယ်။
ဒီအခြေအနေမှာ ကျွန်တော်တို့ရဲ့ အိမ်ပြန်ခရီးက စွန့်စားမှု တစ်ခုဖြစ်လာခဲ့တယ်။
ဒီလိုမျိုး သတင်းဆိုးတွေကို ကြားရ၊ မြင်ရလေလေ အိမ်ပြန်ချင်စိတ်တွေက ထိန်းမရနိုင်ဖြစ်လေလေပါ။ သို့သော် လည်း ဆလ်မွန်ငါးတွေကို စွန့်စားခန်းခရီးရှည်အတွက် ကျွန်တော်တို့ဟာ ဆင်ခြင်တုံတရားနဲ့ အဝေးအရပ်မှာ သီးခံနေရကြဆဲပါ။
အခန်းထဲ ညီးငွေ့ဖွယ် နွေရက်တွေဟာ အောက်မေ့မှုကို အဖော်ပြုရင်း ဆွေးတသသနဲ့ နာကြင်စွာ နားစွင့်မိတာက တေးရေးဆရာ ကိုသာတင်ရဲ့ “ရွှေခိုင်ပြည်ကြီးဝီးခရရေ”သီချင်းဖြစ်တယ်။ တေးသံရှင်ဦးမောင်သိန်းရဲ့ အသံဟာ စိတ်လွင့်ပျံရင်း ရခိုင်ပြည်နေရာ တစ်ခုချင်းစီကို စိတ်ကူးနဲ့ ပုံဖော်နေမိပါတယ်။
“မြို့မြောက်ဦးကို ဦးတင်ဖူးချင်ယင့်နဲ့ ဦးရာဇ် ဆံတော်ရှင် မှုန်ရီမှောင်ကျန်ရစ်ခ ဗျာယ်လေ။ အလွမ်းပြေ အပန်း ပြေ ငပလီကမ်းကို လက်ရမ်းပြပါဗျာလ်လေ….. လက်ရမ်းပြပါဗျာလ်လေ။ လှိုင်းခေါင်းဖြူ လူးလူး လွန့်ခကစ္ဆပနဒီ.. လှီနာဝါ လှော်မစဲ ..။ ပျံဝဲခ ငှက်ဇော်ချေ အင်းပေါက်ငွေသောင်းကမ်းဖြူလွ။ လွမ်းရမပြေ။ သန္တာ မြေ..။ ရီပြာကမ်းနဲ့ ရိုးတောင်တန်းရို့ စိမ်းလန်းစိုပြေ ရခိုင်မူဟန် ဓလေ့ကိုလေ။ ရခိုင့်သူ ပျိုဖြူအလှကိုလေ မြင်ယောင်ပါရေ …. ရွှေခိုင်ပြည်ကြီး ဝီးခရရေ”
ဦးရာဇ်တော်၊ ဆံတော်ရှင်၊ မဟာမုနိ၊ ငပလီ၊ ရိုးမတောင်စွယ်တောတန်းများ၊ လယ်ပြင်ကွင်းပြင်၊ တလင်းပြင်တွေ၊ မြစ်ချောင်း၊ အင်းအိုင် အရာ အားလုံးကိုသတိရ မှန်းဆရိုကျိုးမိပါတယ်။
ရခိုင့်ညွှန့်ဖူး မြို့မြောက်ဦးက ဘုရားအို၊ စေတီအိုတွေကို ဦးတင်ဖူးမျှော်ခွင့်မှာ ဒီနှစ် သင်္ကြန်အမီလည်း မဖြစ်နိုင်သေးပါ။ ထိုအတွက် အဝေးက ရော်ရမ်းမှုမှ တပါးအခြားမရှိပါ။
ဒါကြောင့် အခုလို နွေဦး။ ပိတောက်ငုံတဲ့အချိန်၊ တောတန်း၊ တောင်တန်း၊ လယ်ပြင်ကွင်းတွေ လှုပ်ရမ်းကခုန်တဲ့ အချိန်။ ဥဩတွန်ပြီဆိုရင် အိမ်ဝေးရခိုင်တစ်ယောက်အဖို့ အခန်းကျဉ်းထဲမှာ သီချင်းတွေနဲ့ မွေ့လျော်ပြီး အလွမ်းနာ ကျရတာဟာ မလွဲသာတဲ့ ဖီလင်တစ်ခုပါ။
ရှုပ်ထွေးလှတဲ့ စစ်မြေတလင်းက သတင်းတွေ၊ ဘဝရဲ့ အလှည့်အပြောင်းတွေ၊ မျှော်မှန်းထားတဲ့ စိတ်ကူးအိပ်မက် တွေကို ရင်ခွင်ပိုက်ပြီး အိမ်လွမ်းနာကို ကရုဏာသံစဉ်တွေနဲ့ ဖြေသိမ့် ကျေနပ်နေမိပါတော့တယ်။
ဪ….အနောက်ဘက်ကို မျော်ရီငေးကာဖြင့် “ရိုးတောင်ကို ကျော်မေ …ကျော်မေ။ ကိုပြည်ကို ပြန်မေ.. ပြန်မေ။ ချစ်သူချေ …မျှော်ဝေ…မျှော်ဝေ”လို့ တီးတိုးသီဆိုနေမိပါတော့တယ်။
မောရဇော် သည် ၊ ရခိုင်ပြည်ရဲ့ လူမှုရေး ၊ စီးပွားရေး ၊ အနုပညာနဲ့ ရသအထူးပြု ဆောင်းပါးများကို ရေးသားလျှက်ရှိသော ဆောင်းပါးရှင်ဖြစ်သည်။