ရက္ခိုင်ပြည်၊ အမ်းမြို့ရှိ အာရက္ခတပ်တော်(AA) အဖွဲ့ မြို့နယ်မှူးအဆင့်ရှိသူ ဆီကို ပို့ဆောင်မယ့် ကျပ် ၁၁ ဒသမ ၇ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးတွေကို ဖမ်းဆီးမိခဲ့တယ်လို့ ဒီနေ့ ဧပြီ ၆ ရက်နေ့မှာ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ကနေ မကွေးတိုင်း ပဒါန်းမြို့ကို သယ်ဆောင်ပြီး ၊ အမ်းမြို့နယ်ထဲကို ပို့ဆောင်မယ့် မူးယစ်ဆေးတွေကို ဧပြီလ (၄) ရက်နေ့မှာ နတ်မောက်မြို့ မှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် သတင်းစာက ကြေညာပါတယ်။
ထော်လာဂျီပေါ်မှာ ထုံးအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ ဆာလာအိတ် ၃၉ အိတ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်းပြား ကာလတန်ဖိုးငွေကျပ် ၁၁ ဒသမ ၇ ဘီလျံ ကို သယ်ဆောင်လာသူ မင်းမင်းခိုင်၊ လှိုင်ဝင်း တို့ကို စိုင်းကောင်းကျေးရွာအနီးမှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
TOYOTA PRADO ကား နဲ့ အတူ မောင်းနင်လာသူ မျိုးမင်းအောင်လည်း ရွာတော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီမူးယစ်ဆေးတွေဟာ ဝမ်ဟိုင်းဒေသကနေ ကလောမြို့နယ်၊ ဘွန်ယွာကျေးရွာအနီးမှ တဆင့် မကွေးမြို့နယ်ကို ရောက်ရှိလာခြင်းဖြစ်ပြီး
အဲ့ဒီကနေ ပဒါန်းမြို့နယ်ကနေ အမ်းမြို့နယ်ကို ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဖမ်းဆီးရမိသူတွေက ထွက်ဆိုကြောင်း ရေးသားထားပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား အမ်းမြို့ရှိ အေအေအဖွဲ့ မြို့နယ်မှူးအဆင့်ရှိသူထံသို့ ပို့ဆောင်မယ့်မူးယစ်ဆေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ဒေသကို အခြေခံစားသောက်ကုန် သယ်ယူခွင့်တွေ ပိတ်ပင်ထားပြီး ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အကြမ်းဖက်လေကြောင်းက တိုက်ခိုက်တဲ့ အထိ စစ်ကော်မရှင်ဘက်က ကန့်သတ်ထားပါတယ်။
ဒါအပြင် စစ်ကော်မရှင်ဘက်က မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တဲ့ အကြိမ်တိုင်းမှာ အေအေ နဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးတွေ အဖြစ် ကြေညာလေ့ရှိပါတယ်။
လေးဝတီfm