ရခိုင်ပြည် တောင်ဘက် အစွန်ဆုံး က ဂွမြို့ကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် စစ်ကြောင်းဟာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်မှာ လောင်းကျိုးကမ်းခြေ ကို သိမ်းပိုက်ပြီးဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ် ဆီက သိရပါတယ်။
အာရက္ခတပ်တော်ဟာ သံတွဲမြို့နယ်ဘက်ကနေ စတင်ပြီး ဂွမြို့ကို သံတွဲ-ဂွလမ်းပိုင်းအတိုင်း ထိုးစစ်ဆင်လာပြီး စစ်ကောင်စီတပ်တွေ ကို တဆင့်ချင်းသိမ်းလာခဲ့တာဖြစ်ပါတယ်။
“လောင်းကျိုးက ရွာအကြီးတော့မဟုတ်ဘူး ဒါပေမယ့် စစ်ရေးအရ သူတို့ အထိုင်ချခဲ့တဲ့နေရာ ဖြစ်ပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လောင်းကျိုးကျေးရွာအထိ အာရက္ခတပ်တော်က သိမ်းပိုက်ပြီးတဲ့နောက်မှာ ဂွမြို့ကနေ လက်နက်ကြီးနဲ့ လှမ်းပြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ အတွက်ညောင်ချောင်းကျေးရွာ ကို လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ညောင်ချောင်းကျေးရွာ က ဉီးနီတာကြီး ရဲ့ အိမ်ကို လက်နက်ကြီးထိမှန်ပြီး အိမ်တစ်အိမ်လုံးပျက်စီးသွားတယ်လို့ သိရပါတယ်။
“ဉီးနီတာကြီးရဲ့ အဖေက အသက်ကြီးလို့ စစ်ရှောင် ဖို့ မသွားနိုင်လို့ အိမ်မှာ ကျန်ခဲ့တာ အခု ဒဏ်ရာအပြင်းအထန်ရနေတယ်၊ အသက်ရှင်ဖို့ သိပ်မလွယ်ဘူး ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ညောင်ချောင်းကျေးရွာ ၊ ရွှေတွင်းတူးကျေးရွာ ၊ ကင်းပုံကျေးရွာတို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုကို အပြင်းအထန်ခံနေရတာဖြစ်ပါတယ်။ ဒါအပြင် စစ်ကောင်စီဟာ ဂွမြို့ကနေ ခြေလျှင်စစ်ကြောင်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ညောင်ချောင်းဆည်နဲ့ ဇီးခုံကျေးရွာ အနီးက တောင်ခြေမှာ စခန်းချထားတယ်လို့ စစ်ရေးသတင်းရင်းမြစ် က ပြောပါတယ်။
ဂွမြို့နယ် ကို အာရက္ခတပ်တော် ထိုးစစ်ဆင်နေတာ သုံးလကျော်ကြာမြင့်ပြီဖြစ်ပြီး သံတွဲ-ဂွ လမ်းပိုင်းတစ်လျှောက်က တံတားကြီးတွေ ၊ ဘုန်းကြီးကျောင်းတွေ နဲ့ ဆေးရုံတွေကို စစ်ကောင်စီက ဗုံးကြဲဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။
အမ်းချောင်းသူ (လေးဝတီ FM)ရေးသည်။